Healthy Life Ad
Life Style

HER2 positive ရင်သားကင်ဆာကို ကျော်လွှားနိုင်ခဲ့တာ လေးနှစ်ရှိပြီဖြစ်တဲ့ မမေစိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၂ နိုဝင်ဘာလတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နေ အသက် ၄၆ နှစ်အရွယ် မမေစိုး သည် သူ၏ ညာဘက်ရင်သား၌ အကျိတ်တစ်ခုကို စတင်စမ်းမိရာမှ ဆရာဝန်နှင့် ချက်ချင်းသွားပြခဲ့တော့သည်။

“၂၀၁၂၊ ၁၁လပိုင်းမှာ ညာဘက်ရင်သားအကျိတ်ဖြစ်တယ်။ အဲဒီညာဘက်အကျိတ်ကို ခွဲထုတ်ပြီး အသားစယူလိုက်တော့ အရည်အိတ်လေးထွက်လာတယ်။ ပျောက်သွားရော။ ၂၀၁၃ ၆ လပိုင်းမှာ ညာ ဘက်ရင်သားမှာ အကျိတ်ထပ်ဖြစ်တော့ အသားစယူလိုက်တဲ့အခါ အဆီပြင်လို့ပဲ အဖြေထွက်တယ်။ ဒါနဲ့ အစ်မ ပေါ့နေလိုက်တာပေါ့”ဟု မမေစိုးက ကင်ဆာ ခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

သို့ရာတွင် ရင်သားအကျိတ်လေးမှာ တဖြည်းဖြည်းကြီးလာခဲ့ရာ ခြောက်လလောက်အကြာ ၂၀၁၃ ခုနှစ်၊ ၁၀လပိုင်းဝန်းကျင်တွင် အကျိတ်က အလွန်ကြီးလာသဖြင့် ဖျာပုံမြို့ရှိ နီးစပ်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီး အကျိတ်ကို ခွဲထုတ်ခဲ့ကြောင်း သိရသည်။

“အစ်ကို မေ့ဆေးပေးပြီး အကျိတ်ကို ခွဲရာမှာ ဆရာဝန်က မသင်္ကာဖြစ်ပြီး ခွဲခန်းထဲမှာပဲ ညာဘက် ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ပစ်လိုက်ပါတယ်။ အကျိတ်ကို အသားစယူစစ်ဆေးလိုက်တဲ့အခါ ကင်ဆာလို့ အဖြေထွက်ခဲ့ပါတယ်”ဟု မမေစိုးက ဆိုသည်။

ရင်သားကင်ဆာ အဆင့် (၂)ဟု သိခဲ့သော်လည်းပင်ကိုစိတ်ဓာတ်မာသည့် မမေစိုးမှာ ကြောက်ရွံ့ခြင်းမရှိဘဲ ဖျာပုံမှ ဆရာဝန်လွှဲအပ်သည့်အတိုင်း ရန်ကုန်မြို့သို့ သွားရောက်ပြီး ရန်ကုန်ဆေးရုံကြီးမှ ကင်ဆာ အထူးကု ဆရာဝန်ကြီးနှင့် ပြသဖြစ်ခဲ့သည်။

“ဆရာဝန်က ‘ကင်ဆာဟုတ်တယ်။ ကင်ဆာဆဲလ်မှာ မျိုးရိုးဗီဇဆဲလ်တစ်မျိုးရှိတယ်။ အဲဒါကို စစ်ကြည့်မလား’လို့မေးတာနဲ့ အစ်မစစ်လိုက်တယ်။ အဲဒီမှာအဖြေက ER,PR Negative နဲ့ HER2 Positive လို့ ထွက်တယ်။ အဖြေရတော့ HER2 Positive + + + အတွက် ဆေးက ဈေးကြီးတယ်။ ၁၆ သိန်း-၁၇ သိန်းလောက်ရှိမယ်၊ သွင်းနိုင်မလားလို့ မေးတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အစ်မက မသွင်းနိုင်ဘူးလို့ ပြောတော့ ဆရာမက အဆင်ပြေအောင် ကုပေးမယ်လို့ပြောပြီး ကင်ဆာဆေး အရင်သွင်းခိုင်းပါတယ်”

၂၀၁၃ခုနှစ်၊ ၁၁ လပိုင်းတွင် ကင်ဆာဆေးကို ၁၈ ကြိမ်သွင်းခဲ့ပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူရန်အတွက် ရန်ကုန်ဆေးရုံကြီးမှာပင် စာအုပ်ထပ်ထားခဲ့ရကြောင်း မမေစိုးက ပြောသည်။
“ဖျာပုံကနေကားနဲ့ ရန်ကုန်ကို သွားပြီး ဆေးကုရတာဆိုတော့ အစ်မက နဂိုကတည်းက ကားမူးတတ်တယ်။ အစ်မက ကင်ဆာဆေးသွင်းပြီးတာနဲ့ အပ်ဖြုတ်ပြီး ချက်ချင်း အိမ်ပြန်တာ။ အဲဒီတော့ ကင်ဆာဆေးသွင်းပြီး ပြန်ပြီဆိုရင် တောက်လျှောက်အန်ခဲ့တယ်။ အနည်းဆုံး သုံးရက်လောက် အစားအသောက်ပျက်ခဲ့တယ်။ သစ်သီးတွေပဲစားခဲ့တာ။ အထူးသဖြင့် ပန်းသစ်တော်ချည်းပဲ စားခဲ့တယ်။ တစ်ရေးနိုးလည်း ပန်းသစ်တော်ခွဲစားခဲ့တယ်။ အရည်ရွှမ်းတော့ ပန်းသစ်တော်စားရတာ အဆင်ပြေတယ်။ ရေလည်းများများ သောက်ဖြစ်တယ်”

ထို့ပြင် ကင်ဆာဆေးသွင်းစဉ်တွင် နံနက်တိုင်း မုန်လာဥနီ၊ ပန်းသီး၊ ခရမ်းချဉ်သီး တစ်လုံးစီ (နိုကိုဥ ရလျှင် နိုကိုဥတစ်ဥပါ ထည့်ပြီး) နေ့တိုင်းကြိတ်ကာ ရလာသည့် အရည်တစ်ဖန်ခွက် သောက်ခဲ့ကြောင်း၊ သင်္ဘောရွက်ကို အရည်ကြိတ်ပြီး နေ့ခင်းတွင်အကြမ်း ပန်းကန်တစ်လုံးသောက်ခဲ့ကြောင်း၊ ခြေလေးချောင်းသားကို လုံးဝရှောင်ကြဉ်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များများစားခဲ့ကြောင်း၊ ထိုစားသောက်မှုပုံစံကြောင့် သွေးဖိအားလုံးဝမကျခဲ့ဘဲ ကင်ဆာဆေးသွင်းကုထုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းပြီးတော့ HER2 Postitive ဆိုပေမယ့် အဲဒီလောက်အထိ ပြင်းမယ်မထင်ဘဲ ဖျာပုံမှာပဲလုပ်စရာရှိတာလုပ်ရင်း ခပ်ပေါ့ပေါ့ပဲ နေလိုက်မိတယ်”
သို့ရာတွင် ၁၀ လလောက်အကြာ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်တွင် ချိုင်းအောက်၌ အကျိတ်ထပ်မံ ထွက်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပြန်ပြခဲ့ကြောင်း မမေစိုးက ပြောသည်။
“ဆရာမက ချိုင်းကို စမ်းကြည့်ပြီး အဲဒီရက်သတ္တပတ်မှာပဲ ဓာတ်ရောင်ခြည်ကုထုံးခံယူဖို့ စာရင်းထည့်ပေးလိုက်ပါတယ်။ ၁၅ ကြိမ် ဓာတ်ရောင်ခြည်ကုထုံးခံယူပြီး ချိုင်းအောက်က အကျိတ်ကို ပြန်ခွဲရ တယ်။ ဒါပေမဲ့ အဲဒီအကျိတ်မှာတော့ ကင်ဆာဆဲလ် မတွေ့ရဘူး။ နဂိုခွဲထားတဲ့ ရင်သားမှာတော့ ကင်ဆာဆဲလ် ပြန်တွေ့ရတယ်။ အဲဒါနဲ့ Herceptin သွင်းရမယ်လို့ ဆရာမက ဆိုတယ်။ အစ်မက မသွင်းနိုင်သေးတဲ့အတွက် ဖျာပုံမှာပဲသုံးလလောက် ပြန်နားနေလိုက်တယ်”

ထိုသုံးလတာအတောအတွင်း နံနက်ပိုင်းတွင် မုန်လာဥနီ၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ နိုကိုဥထည့်ပြီး ရလာသည့် ကြိတ်ရည် တစ်ဖန်ခွက် သောက်သုံးခြင်း၊ နေ့ခင်းတွင် သင်္ဘောရွက်ကြိတ်ရည် အကြမ်း ပန်းကန်လုံး တစ်ခွက်စာ သောက်ခြင်း၊ အစားအသောက် စားရာတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကိုသာ စားသုံးခြင်း၊ ဘုရားတရားကို ရိုသေကိုင်းရှိုင်းပြီး ဝိပဿနာတရား အားထုတ်ခြင်းတို့ ပြုလုပ်ကာ အိမ်မှာတွင် အေးအေးဆေးဆေး အနားယူနေခဲ့ကြောင်း သိရသည်။

“အဲဒီအတောအတွင်း ဘုရားတရားကို ပိုလုပ်ဖြစ်တယ်။ တရားထိုင်တယ်။ ပဋ္ဌာန်းကို တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်ရွတ်တယ်။ ပုတီးစိပ်ပြီး အဓိဋ္ဌာန်တွေဝင်တယ်။ ကိုယ့်ခန္ဓာကိုယ်ကို ဘုရားကိုပဲလှူထားလိုက်တော့တယ်။သုံးလကျော်ကြာတော့

ဆရာမဆီပြန်သွားပြတယ်။ ဆဲလ်က ဒီလောက်ပွားနှုန်းမြန်တာကို ဒီလိုနေရပါ့မလားလို့ ဆရာမကတောင်ဆူတယ်။ စစ်လိုက်တဲ့အခါ ကင်ဆာဆဲလ်က မတက်ဘူး။ ပုံမှန်ပဲ။ ဆရာမက အံ့တောင် အံ့သြတယ်။
ဆေးရုံကြီးကို သွားပြတဲ့အခါ ကံကောင်းချင်တော့ ဆေးကုမ္ပဏီ တစ်ခုက Herceptin ဆေးတွေ ကိုလှူထားတယ်။ အဲဒါနဲ့ ၁၀ ကြိမ် အခမဲ့သွင်းလို့ ရသွားတယ်။ ၁၀ကြိမ် ပြီးသွားတော့ ဆေးက မရှိတော့တာနဲ့ ထပ်မသွင်းတော့ဘူး။

Herceptin ဆေးသွင်းတဲ့အချိန်မှာ ဆံပင်တွေလည်း ပြန်ပေါက်ပြီး လူကလည်း ကျန်းမာရေး ပုံမှန်ပြန်ဖြစ်နေပြီ။ ဆံပင်လည်း မကျွတ်ဘူး။ ဘာမှ သိပ်မဖြစ်ဘူး”ဟု မမေစိုးက သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

ထို့နောက် ဖျာပုံမြို့သို့ ပြန်လာပြီး အိမ်မှာပင် အေးဆေးစွာနေထိုင်ရင်း တစ်လခန့်အကြာ မတော်တဆချော်လဲသွားခဲ့ကြောင်း မမေစိုးက ပြောသည်။
“ချော်လဲသွားတော့ အစ်မ ဘယ်ဘက်လက်က ကောက်သွားတယ်။ ရောင်ပြီး ညိုမည်းပုပ်နေတာနဲ့ ရန်ကုန်ဆေးရုံကြီးကိုသွားပြတော့ ချက်ချင်းကျောက်ပတ်တီးကိုင်ပေးတယ်။ အရောင်မကျတာနဲ့ အရိုး ဓာတ်မှန်ရိုက်လိုက်တော့ ကင်ဆာဆဲလ်က လက်တံတောင်ဆစ်ကို ရောက်နေတယ်ဆိုတာနဲ့ တော်တော်လေး စိတ်မကောင်း ဖြစ်သွားခဲ့သေးတယ်။
ဒါနဲ့ အရိုးအားဆေး ၁၂ ကြိမ်သွင်းပြီး ပြန်စစ်လိုက်တဲ့အခါမှာ ကင်ဆာဆဲလ်က မရှိတော့ဘူး။ ပုံမှန်ပြန်ဖြစ်သွားတယ်”

ဆေးကုသမှုများ အားလုံးပြီးဆုံးသည့်အခါ ဖျာပုံ၌ပင် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ရင်း လိုအပ်မှသာ ဆရာဝန်နှင့် ပြန်ပြလေ့ရှိကြောင်း မမေစိုးက ဆိုသည်။
“ရင်သားခွဲထားတဲ့ ညာဘက်လက်မောင်းက နည်းနည်းရောင်တယ်၊ တစ်ခါတလေ အသက်ရှူကျပ်တယ်။ အဲဒါ ပြောပြလိုက်တော့ ဆရာမက သောက်ဆေးနှစ်မျိုး ပေးထားတယ်။ နေ့တိုင်း မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းသီးနဲ့ နိုကိုဥရောပြီး တစ်ခွက်သောက်တယ်။ သင်္ဘောရွက်ကြိတ်ရည်သောက်တယ်။ FAME က ထုတ်တဲ့ဆေးလေးတွေ သောက်တယ်။ အဲဒီလိုနေထိုင်ရင်းနဲ့ အခုချိန်ထိတော့ကောင်းနေတာပဲ။

မမေစိုး၏ ကင်ဆာဆေးကုသမှု ခရီးလမ်း အောင်မြင်ရခြင်းမှာ ဆေးကုပေးသည့် ဆရာဝန်၏ စေတနာထားရှိမှု၊ ခင်ပွန်းသည်နှင့် မောင်နှမများ၏ အားပေးကူညီဖေးမမှုတို့ကြောင့်သာမက သူကိုယ်တိုင်စိတ်ဓာတ်ခိုင်မာမှုရှိခြင်းကြောင့်ဖြစ်သည်ဟု သူက ဆိုသည်။

“ဆေးကုသမှု အောင်မြင်ရတာက အစ်မကို ကုပေးတဲ့ ဆရာဝန်မ ဒေါက်တာသဇင်စိုးက တော်တော်လေးကို တော်တယ်။ လူနာအပေါ် စေတနာထားတော့ အကုန်တိုင်ပင်ဆွေးနွေးလို့ရတယ်။သူက အခုနောက်ပိုင်း မြောက်ဥက္ကလာဆေးရုံပြောင်းတော့ အစ်မလည်း အဲဒီကိုပဲ လိုက်ပြဖြစ်ခဲ့တယ်။ သူနဲ့ပဲ ၅ နှစ်ဆက်တိုက် တောက်လျှောက်ပြခဲ့တာ။ ညီအစ်ကိုမောင်နှမနဲ့ ခင်ပွန်းသည်အပါအဝင် အကုန်လုံးက အစ်မဆေးကုတဲ့နောက် တောက်လျှောက်လိုက်ပြီး ပံ့ပိုးကူညီခဲ့တာလည်းပါတယ်။

အစ်မကိုယ်တိုင်ကလည်း စိတ်ဓာတ်မာတယ်။ ကင်ဆာသမားတွေမှာ စိတ်ဓာတ်က အရေးကြီးတော့ အစ်မက စိတ်ဓာတ် လုံးဝမကျပါဘူး”ကင်ဆာဖြစ်ရခြင်းအကြောင်းရင်းကိုမူ စစချင်း ဖြစ်သည့် ရင်သားအဆီကျိတ်ကို ခွဲမထုတ်ဖြစ်ခဲ့သောကြောင့်ဟု မမေစိုးက ထင်မြင်ထားသည်။

“အစ်မကို စစချင်း ကြည့်ပေးတဲ့ ဆရာဝန်က အဆီကျိတ်ပဲဆိုပြီး ခွဲထုတ်မပေးခဲ့တဲ့အတွက် သူကလည်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ဘေးက ထွက်တဲ့ အကျိတ်ထက် ရင်သားအောက်ဘက်က ထွက်တဲ့ အကျိတ်က ပိုပြီးစိုးရိမ်ရတယ်။ အလုံးက တဖြည်းဖြည်းနဲ့ ပိုကြီးပြီး မာလာတာ”

ယခုအခါ ဖျာပုံမြို့၌ပင် Happy One ကလေး အသုံးအဆောင်ပစ္စည်းဆိုင်ဖွင့်လှစ်ထားပြီး ထမင်းဆိုင်လုပ်ငန်းကိုပါ တိုးချဲ့ရန် စီစဉ်နေသည့် အသက် ၅၁ နှစ်အရွယ် မမေစိုးက အခြားကင်ဆာဖြစ်နေသူများ၊ ကင်ဆာဆေးကုသမှု ခံယူနေသူများ၊ အထူးသ ဖြင့် HER2 Positive ရင်သားကင်ဆာသမားအတွက် သူ့အတွေအကြုံကို မျှဝေထားသည်။

“HER2 Positive ရင်သားကင်ဆာသမားအတော်များများက “ဘယ်လိုကုလဲ၊ ဘယ်လို နေထိုင် စားသောက်သလဲ”ဆိုတာ အစ်မကို မေးကြတယ်။ အစ်မကတော့ သွေးပေါင်ပြည့်အောင် မုန်လာဥနီ၊ ပန်းသီး၊ ခရမ်းချဉ်သီးဖျော်ရည်ပုံမှန်သောက်ဖို့၊ သင်္ဘောရွက် ကြိတ်ရည်တစ်ခွက်သောက်ဖို့ ပြောပြတယ်။ ပြီးတော့ ဆရာဝန်ပေးတဲ့ အားဆေးစားပြီး အနေအထိုင်အစားအသောက် ဆင်ခြင်ဖို့ ပြောပါတယ်။

အဓိကကတော့ စိတ်ဓာတ်ခိုင်ခိုင်မာမာ ထားဖို့ လိုတယ်။ အစ်မဆိုရင် အနားကို မနေပါဘူး။ အလုပ် တွေ တစ်ခုပြီး တစ်ခု လိုက်လုပ်နေတာပဲ။ တချို့ကျ တော့ HER2 Positive ဆိုတာနဲ့ ကင်ဆာဆဲလ်ပြန့် ပွားနှုန်း အရမ်းမြန်တာပဲဆိုပြီး စိုးရိမ်ထိတ်လန့်တတ်ကြတယ်။ ပြန့်ပွားနှုန်းမြန်တယ်ဆိုတာက အနေအထိုင်၊ အစားအသောက်နဲ့ စိတ်ဓာတ်ပေါ်မှာလည်း မူတည်ပါတယ်။

အစ်မဆိုရင် ကင်ဆာဆိုတာကို မေ့တောင် မေ့နေတယ်၊ လုံးဝကို သတိမရတော့ဘူး၊ လုပ်စရာရှိတာကို ပုံမှန်လုပ်နေလိုက်တယ်။ ဆေးပြမယ့်အချိန်ကျရင်တော့ သတိတရနဲ့ ပုံမှန်ပြတယ်၊ ပုံမှန်စစ်တယ်။ သုံးလတစ်ကြိမ်စစ်တာ အခုအချိန်အထိ အကုန်ကောင်းနေပါတယ်။ အဓိကကတော့ စိတ်ဓာတ်၊ အစားအသောက်အနေအထိုင်၊ ကိုယ်ကိုးကွယ်ရာ ဘာသာတရား ကိုင်းရှိုင်းကြည်ညိုမှုနဲ့ မှန်ကန်တဲ့ ဆေးကုသမှုတွေ . . ပေါင်းစပ်လိုက်မယ် ဆိုရင် ကင်ဆာဆိုတာလည်း ဘာမှ ကြောက်စရာ မလိုပါဘူး။

အမျိုးသမီးတိုင်း ကိုယ့်ရင်သားမှာ အလုံးအကျိတ်ရှိတယ်ဆိုရင် အဆီကျိတ်ဆိုပြီး စိတ်ချမထားပါနဲ့။ အထူးသဖြင့် အသက် ၄၀ ကျော်လာရင် ရှိတဲ့ အကျိတ်ကို ခွဲထုတ်ဖယ်ရှားပစ်တာ အကောင်းဆုံးပါ။ ဒါမှသာ စိတ်ချရပါတယ်”ဟု မမေစိုးက အခြားသူများအတွက် အကြံပြုစကားများ မျှဝေလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို မမေစိုး၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top