Healthy Life Ad
Life Style

ဦးနှောက်ရောင်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများ

ပါမောက္ခဒေါက်တာရဲမြင့်ကျော်(ကလေးအထူးကုဆရာဝန်ကြီး)(ပါမောက္ခ၊ ဌာနမှူး – ရန်ကုန်ကလေးဆေးရုံကြီး)နှင့် တွေ့ဆုံခြင်း

မေး ။ ဦးနှောက်ရောင်ခြင်းနဲ့ ဦးနှောက်အမြှေးရောင်ခြင်းက ဘယ်လိုကွဲပြားပါသလဲ ဆရာ။
ဖြေ ။ ဦးနှောက်ရောင်တယ်ဆိုတာက များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ။ ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်ကို ဖုံးထားတဲ့ အမြှေးရောင်တာဆိုတော့ အဲ့ဒါက ဘက်တီးရီးယားကြောင့် ဖြစ်တာ။ ဗိုင်းရပ်စ်ကြောင့် ဦးနှောက်ရောင်တာက အဲ့ဒီ ပိုးကိုသေအောင် ဘယ်လိုမှ လုပ်လို့မရဘူး။ အဲဒီတော့ သတိလစ်နေရင် သတိလစ်တဲ့အခါမှာသုံးရတဲ့ ဆေးဝါးတွေကိုသုံးတယ်။ တက်နေရင် တက်တဲ့အခါမှာ သုံးရတဲ့ဆေးဝါးတွေကို သုံးတယ်။ ပြီးရင် ဗိုင်းရပ်စ် သူ့ဘာသာသူ ထွက်သွားအောင်စောင့်ရတယ်။ အဲ့ဒီအခါကျတော့ ကုသဖို့က ပိုခက်တယ်။ ပိုခက်ရတာက ဒီဗိုင်းရပ်စ်က ပြင်းထန်လို့ပါ။

မေး ။ ဗိုင်းရပ်စ်ပြင်းထန်တဲ့အခါမှာဖြစ်တဲ့ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲဆရာ။
ဖြေ ။ ဗိုင်းရပ်စ်က ပြင်းထန်တဲ့အခါကျတော့ သုံးပုံတစ်ပုံလောက်ကသေတယ်။ သုံးပုံတစ်ပုံလောက်က နားမကြားတာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတာ၊ ဦးနှောက်ဉာဏ်ရည်မပြည့်ဝတာနဲ့ ဒုက္ခိတဖြစ်ပြီး ကျန်ခဲ့တာတို့ဖြစ်တယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ကို ကြောက်တာ။ ကြောက်တော့ ဆရာတို့ကမဖြစ်အောင် ကာကွယ်ဆေးနဲ့ပဲ ကာကွယ်လို့ရတယ်။ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသလို့ မရဘူး။

မေး ။ ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ဦးနှောက်အမြှေးရောင်တဲ့ကိစ္စတွေကလည်း မြန်မာပြည်မှာရှိတယ်။ အဲ့ဒီအတွက်ကို ပိုးကသုံးမျိုးရှိတဲ့ အထဲမှာ၂မျိုးလောက်ကို လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကာကွယ်ဆေးထိုးစီမံချက်မှာ ထည့်ခဲ့ပြီးပြီ။

အပြင် ဈေးကွက်မှာ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးဝင်နေတာ ၁၀နှစ်လောက်ရှိပြီ။ အဲ့ဒီအခါကျတော့ မိဘတွေကထိုးပေးထားတယ်။ အဲဒီလို ထိုးထားတဲ့အခါမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ဆေးထိုးထားပြီးပြီလို့ မိဘတွေက ထင်နေတာ။ ရောဂါလက္ခဏာတွေက တော်တော်ဆင်တယ်။ သတိလစ်တာ၊ တက်တာ၊ အဖျားကြီးတာ၊ ဦးနှောက်အာရုံကြောတွေ ထိခိုက်ပြီးကျန်ခဲ့တာ၊ နားမကြားတာတွေက အတော်ဆင်တယ်။

ဒါပေမဲ့ ဦးနှောက်အမြှေးရောင်တာက ပိုးသတ်ဆေးနဲ့ ကုသလို့ရတဲ့ကိစ္စ ဖြစ်တယ်။

မေး ။ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း နဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါဦး ဆရာ။
ဖြေ ။ မြန်မာပြည်မှာလည်း ကလေးတစ်ယောက် ဆေးရုံတက်လာလို့ရှိရင် ဘာပိုးကြောင့်ဖြစ်တယ်ဆိုတာကို စမ်းသပ်နိုင်တာတွေက အကန့်အသတ်တွေရှိတယ်။နောက်ပိုင်းကျတော့ ဆရာတို့က ပိုလုပ်နိုင်လာတယ်။အရင်တုန်းက ဦးနှောက်အမြှေးရောင်တယ်လို့ ထင်တဲ့ကိစ္စအတော်များများက ဦးနှောက်အမြှေးရောင်တာ မဟုတ်ဘဲနဲ့ ဗိုင်းရပ်စ်ကြောင့်ဦးနှောက်ရောင်တာ ဖြစ်တယ်။ ဒီနှစ်ခုလုံးက အရေးကြီးတာပဲ။ဆရာတို့ဆီမှာ အဖြစ်များဆုံး ရောဂါထဲ ထိပ်ဆုံးက မပါပေမယ့် အသေအများဆုံးရောဂါထဲမှာ ထိပ်ဆုံးကပါနေတယ်။ ဆေးရုံကိုအချိန်မီရောက်ရင်တော့ မသေပေမယ့် ဦးနှောက်ထိခိုက်ပြီး ကျန်ခဲ့တယ်။ ကလေးတစ်ယောက်ရဲ့လူတန်းစေ့ နေထိုင်နိုင်မှု ဆုံးရှုံးတာပဲ။ ဒါကြောင့် ကာကွယ်လို့ရသမျှ အကုန်လုံး ကာကွယ်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top