Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ (၃)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)
ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မွေးမွေးပြီးချင်း ကလေးကို ဘီပိုးကာကွယ်ဆေး ၃ကြိမ်ထိုးပေးထားပါတယ်။ အဲဒီကလေးတွေက အသက်ဘယ်အရွယ်မှာ ဘီပိုးကာကွယ်ဆေး ပြန်ထိုးရပါမလဲ။
Htoo Khant Mg (FB)

ဖြေ. တခြားနိုင်ငံတွေမှာဆိုရင် ဘီပိုးကာကွယ်ဆေးကို သုံးကြိမ်ထိုးပြီးသွားတဲ့အခါ ပြန်တောင်မထိုးခိုင်းတော့ပါဘူး။ ဒါပေမဲ့ မိသားစုထဲမှာဖြစ်ဖြစ်၊ အိမ်မှာနေတဲ့သူက ဘီပိုးရှိရင် ငါးနှစ်ကြာတဲ့အခါ တစ်ခေါက်ပြန်ပြီး ဘီပိုးကာကွယ်ဆေးထိုးခိုင်းပါတယ်။

မေး. ကျွန်တော်က စီပိုးဝင်ဖူးပါတယ်။ ပိုးနည်းလို့ စီပိုးဆေးမသောက်ရပါဘူး။ ဆရာဝန်ပေးတဲ့ဆေးပဲ သောက်နေတာပါ။ ဘီပိုးကာကွယ်ဆေးလည်း ထိုးပြီးပြီ၊ သွေးလည်းထပ်စစ်ပြီးပြီ။ ပိုးကတော့မရှိတော့ဘူးလို့ ဆရာဝန်က ပြောပါတယ်၊ ဆေးကတော့ သောက်တာဆယ်လနီးပါးတော့ရှိမယ်။ ကျွန်တော့်ကို ဆရာဝန်ကတော့ထပ်ချိန်းတယ်၊ ငွေကြေးမတတ်နိုင်လို့ ကျွန်တော်လည်းမသွားတော့ဘူး။ ဆေးလည်း မသောက်တာနှစ်လကျော်သွားပြီ။ အဲဒါ ကျွန်တော်ဘာဆက်လုပ်သင့်တယ်ဆိုတာ ဆရာမပြောပြလို့ ရပါသလားဗျ။
Thein Mg Aye Thein (FB)

ဖြေ. စီပိုးက တစ်ခါပျောက်သွားပြီဆိုရင် အပြင်ကပိုးထပ်မဝင်ရင် ပြန်မဖြစ်တော့ပါဘူး။ တကယ် ပိုးကောင်ရေမရှိတော့ဘူးဆိုရင် ကောင်းသွားပါပြီ။ ပုံမှန်တော့ အရေပြားက ရှထားတာ၊ ပွန်းထားတာမရှိရင်၊ ပြတ်ရှရာမရှိရင် ဘီပိုး၊ စီပိုးရှိသူရဲ့ သွေးနဲ့ထိမိလို့လည်း မကူးနိုင်ပါဘူး။ ကျန်းမာနေတဲ့ အရေပြားကို ဖောက်ပြီးမဝင်ပါဘူး။ ဒါပေမဲ့ သွေးကိုထိမိသွားတယ်ဆိုရင် အရင်ဆုံး ဆပ်ပြာနဲ့ဆေးလိုက်ရပါမယ်၊ အရက်ပြန်နဲ့ သုတ်လိုက်ရပါမယ်။ ဒါကတော့ စိတ်ချရအောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။

မေး. ဆရာမကြီးခင်ဗျာ . . ဘီပိုးရှိနေတဲ့သူ ဖျားတာဖြစ်နေမယ်။ ရိုးရိုးအအေးပပ်တာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဆေးမျိုးသောက်သုံးသင့်ပါသလဲ။ ဘီပိုး၊ စီပိုး ရောဂါရှိသူသွေးကို တစ်ဖက်သားက အနာမရှိ၊ သာမန်လက်နဲ့ထိခဲ့ရင် ကူးတတ်ပါသလား။ သွေးထိတဲ့နေရာကို ဘယ်လိုဆေးရပါသလဲ ဆရာမကြီး။
Tiger Lay (FB)

ဖြေ. ပါရာစီတမောက အသည်းကမတည့်တဲ့အတွက် အများကြီးမသောက်ဖို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ပါရာစီတမောကို တစ်နေ့ လေး-ငါး-ခြောက်ခါ မဟုတ်ရင် ဖျားတဲ့အချိန်မှာ အသင့်အတင့် သောက်လို့ရပါတယ်။ တချို့က ခေါင်းကိုက်ရင်သောက်တယ်၊ ကိုယ်လက်ကိုက်ရင်သောက်တယ် . .အဲဒီလို ခဏခဏတော့ မသောက်သင့်ပါဘူး။ အသည်းခြောက်တဲ့ လူနာတွေဆိုရင် အက်စ်ပရင်၊ အနာဂျက်ဆင်တို့လို အစာအိမ်သွေးယိုတတ်တဲ့ အကိုက်အခဲပျောက်ဆေး သောက်လို့မရပါဘူး။ Ibuprofen ဆိုတဲ့ အကိုက်အခဲပျောက်ဆေးက ကိုက်ခဲနာကျင်တာသက်သာတယ်၊ အစာအိမ်သွေးကြောပေါက်တာလည်းနည်းတယ် . . ဒီလိုဆေးတွေကို အစာအိမ်ဆေး (Omeprazole)လေးနဲ့ တွဲသောက်လို့ရပါတယ်။

ပုံမှန်တော့ အရေပြားက ရှထားတာ၊ ပွန်းထားတာမရှိရင်၊ ပြတ်ရှရာမရှိရင် ဘီပိုး၊ စီပိုးရှိသူရဲ့သွေးနဲ့ ထိမိလို့လည်း မကူးနိုင်ပါဘူး။ ကျန်းမာနေတဲ့အရေပြားကို ဖောက်ပြီးမဝင်ပါဘူး။ ဒါပေမဲ့သွေးကို ထိမိသွားတယ်ဆိုရင် အရင်ဆုံးဆပ်ပြာနဲ့ ဆေးလိုက်ရပါမယ်၊ အရက်ပြန်နဲ့သုတ်လိုက်ရပါမယ်။ ဒါကတော့ စိတ်ချရအောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။

မေး. ဆရာမကြီးခင်ဗျာ. . ကျွန်တော် ဘီပိုး၊ စီပိုးစစ်တာမရှိပါ။ ဘီပိုးကာကွယ်ဆေးတော့ ထိုးထားပါတယ်။ နှစ်ကြိမ်တော့ ထိုးပြီးသွားပါပြီ။ သုံးကြိမ်မြောက် ထိုးရက်ရောက်ခါနီးမှ နယ်မှာအလုပ်သွားလုပ်ရပါတယ်။ ထိုးရမယ့်ရက်ကကျော်သွားပါပြီ။ ထပ်ထိုးရင် အစကနေ သုံးကြိမ်စလုံး ပြန်ထိုးရပါသလား။ ဘယ်လအပိုင်းအခြားလောက် ပြန်ထိုးရပါသလဲ။ အခြေခံလူတန်းစားမို့ အလုပ်ကျရာနေရာဒေသမှာ အလုပ်လုပ်ရလို့ပါ ဆရာမကြီးခင်ဗျား။
Lamin Love (FB)

ဖြေ. အစကနေ ပြန်မထိုးရပါဘူး။ ဒါပေမဲ့ အမြန်ဆုံး ထပ်ထိုးလိုက်ပါ။ တချို့တွေက ဆေးထိုးတာကို ၁-၂-၃ နည်း (တစ်လခြားပြီး သုံးကြိမ်ထိုးတဲ့နည်း)၊ နှစ်လခြားပြီး သုံးကြိမ်ထိုးတဲ့နည်း၊ ပထမအလုံးနဲ့ ဒုတိယအလုံးကို တစ်လခြားပြီး တတိယအလုံးကို ခြောက်လခြားထိုးတဲ့နည်း၊ ၁-၂-၁၂ (တစ်လခြားထိုးပြီး တတိယအလုံးမှာ ပထမအလုံးနဲ့ ၉ လခြားပြီး ထိုးတဲ့နည်းဆိုပြီးရှိပါတယ်။ ဒါကြောင့် အခု အမြန်ဆုံးသာ ထိုးလိုက်ပါ။

မေး. စီပိုးကအပြင်မှာ ဘယ်လောက်ရှင်နိုင်ပါသလဲ။
Kabar Mhay (FB)

ဖြေ. ဘီပိုး၊ စီပိုးက အခန်းအပူချိန်မှာ တစ်ပတ်ခံတယ်လို့ တချို့ဆိုပေမယ့် တချို့ကတော့ တစ်လအထိခံတယ်လို့ ပြောကြပါတယ်။ သေချာသုတေသန လုပ်ထားတာတော့ မရှိပါဘူး။ သွေးက ခြောက်သွေ့မသွားဘဲ စိုနေတယ်ဆိုရင် ပိုးတွေက ပိုပြီးကြာကြာရှင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top