Healthy Life Ad
Life Style

မျက်ခမ်းရောင်ရမ်းခြင်း (Blepharitis)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး. မျက်ခမ်းရောင်ရမ်းခြင်း (Blepharitis) ဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာ။

ဖြေ. မျက်ခမ်းရောင်တယ်ဆိုတော့ အရင်ဆုံး မျက်ခမ်းရဲ့ခန္ဓာဗေဒတည်ဆောက်မှု (Anatomy) ကို သိဖို့လိုပါတယ်။ မျက်ခမ်းမှာ အဓိကအားဖြင့် မျက်တောင်ရှိတယ်။ ပြီးရင် Tasal Glands တွေရှိတယ်။ မျက်တောင်ဆိုတာ တကယ်တော့ ဆံပင်နဲ့ အတူတူပဲ။ မျက်တောင်ရင်းမှာ ဆံချည်မျှင်အိတ် (Hair Follicle) တွေ ရှိပါတယ်။ မျက်တောင်မှာလည်း ပိုးကျရောက်ပြီး မျက်တောင်က ရောင်လာနိုင်ပါတယ်။ မျက်တောင်တွေ ရောင်လာပြီဆိုရင် မွေးကျွတ်နာ (Stye) လို့ ခေါ်ပါတယ်။ ဒါကို မျက်စိစွန်နာဖြစ်တယ်လို့ ဆိုကြပါတယ်။ မျက်စိစွန်ပြီဆိုရင် အဲဒီမျက်တောင်လေးကို ဆွဲနုတ်လိုက်ရင် သက်သာသွားပါတယ်။ နောက်တစ်ခု Tasal Glands ရောင်ပြီဆိုရင်တော့ မျက်စိအဆီဖု (Chalazion) ဖြစ်လာပါတယ်။

မေး. မျက်တောင်ရောင်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. အဓိက မျက်တောင်ရောင်တာမှာ အကြောင်းရင်းနှစ်ခုရှိပါတယ်။ တစ်ခုက Staphylococcal Ble-pharitis ပါ။ စတပ်ဖိုင်လိုကော့ကပ်စ်ရောဂါပိုးကြောင့် မျက်တောင်ရောင်တာနဲ့ နောက်တစ်ခုက ဓာတ်မတည့်မှုကြောင့် မျက်တောင်ရောင်တာ (Allergic Blepharitis) ဆိုပြီး နှစ်မျိုးရှိပါတယ်။

မေး. ဘာကြောင့် မျက်ခမ်းမှာ စတပ်ဖိုင်လိုကော့ကပ်စ်ပိုးဝင်ပြီး မျက်တောင်ရောင်ရမ်းမှုဖြစ်ရတာပါလဲဆရာ။

ဖြေ. မျက်ခမ်းမှာ ပုံမှန်မျက်တောင်ရှိတယ်။ အမြှေးပါး (Conjunctiva) ရှိတယ်။ မျက်တောင်ကိုလှန်လိုက်ရင် Conjunctiva နဲ့ တစ်ဆက်တည်းပဲ။ အဲဒီမှာ ဘက်တီးရီးယား Flora လည်းရှိပါတယ်။ ဘက်တီးရီးယား Flora မှာ အများဆုံးကျရောက်တာက စတပ်ဖိုင်လိုကော့ကပ်စ်ပိုး (Staphylococcus) ဖြစ်ပါတယ်။ အဲဒီတစ်ဝိုက်မှာ စတပ်ဖိုင်လိုကော့ကပ်စ်ပိုးက အမြဲရှိနေတဲ့အတွက်ကြောင့် မျက်တောင်ရောင်ပြီဆိုရင် ဒီပိုးကြောင့်ပဲ ရောင်တာများပါတယ်။ ဒုတိယအဖြစ်များတာကတော့ ဓာတ်မတည့်မှုကြောင့် ရောင်တာပါ။

မေး. ဓာတ်မတည့်မှုကြောင့် မျက်တောင်ရောင်ရတဲ့ အကြောင်းရင်းကိုလည်း သိပါရစေ ဆရာ။

ဖြေ. မျက်စိကပွင့်နေတော့ ပတ်ဝန်းကျင်နဲ့ အမြဲထိတွေ့မှုရှိနေပါတယ်။ အဲဒီလို ထိတွေ့မှုရှိနေတဲ့အခါကျတော့ ဓာတ်မတည့်မှုက အမြဲတမ်းကျရောက်နိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ကျရောက်တတ်သလဲဆိုတော့ မျက်ခမ်းအနားသား (Lid Margin) က ပုံမှန်ပါးပါးလေးပဲရှိရာကနေ ထူလာပါတယ်။ ပြီးရင် မျက်ခမ်းတွေက ရောင်နေတတ်ပါတယ်။

မေး. မျက်ခမ်းရောင်တဲ့အခါ ပိုးကြောင့်လား၊ ဓာတ်မတည့်မှုကြောင့်လားဆိုတာကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲ ဆရာ။

ဖြေ. ရောင်နေတဲ့ မျက်ခမ်းတွေကို ကြည့်လိုက်တဲ့အခါမှာ မျက်တောင်အရင်း ဆံချည်မျှင်အိတ်တွေက ရောင်နေသလားဆိုတာကို ကြည့်လိုက်လို့ ရောင်နေတယ်ဆိုရင် ဒါက Staphylococcal Infection ကြောင့် ရောင်တာများပါတယ်။ မျက်တောင်ကို ကြည့်လိုက်လို့ မျက်တောင်က ရောင်နေတာများတယ်။ ပြီးရင် မျက်စိအဆီဖု (Cha-lazion) သေးသေးလေးတွေက အများကြီး ဖြစ်နေတယ်ဆိုရင်လည်း Staphylococcal Infection ကြောင့် ရောင်တာဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်က ဓာတုပစ္စည်းတစ်ခုခုကြောင့် ဒါမှမဟုတ် အဆိပ်ရှိတဲ့ ပစ္စည်းတစ်ခုခုကြောင့် မျက်ခမ်းရောင်ရမ်းတယ်ဆိုရင်တော့ ဓာတ်မတည့်မှုကြောင့် ဖြစ်တာပါ။ ဒီနှစ်ခုက ခွဲရတာသိပ်ခက်ပါတယ်။ ဘယ်လိုပဲ ခွဲရခက်ခက် ကုထုံးကတော့ တစ်ခုတည်းပါပဲ။

မေး. မျက်ခမ်းရောင်ပြီဆိုရင် လူနာအနေနဲ့ ဘယ်လိုလက္ခဏာတွေကို ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. မျက်ခမ်းက ထူပြီးရောင်နေမယ်၊ ယားနေမယ်။ မျက်စိကနီနေမယ်။ မျက်တောင်အရင်းကို ကြည့်လိုက်ရင် မွေးကျွတ်နာလို မျက်စိစွန်ဖုတွေလည်း တွေ့ရတတ်ပါတယ်။ မျက်စိအဆီဖုတွေက အများကြီးရှိနေမယ်။ Tasal Glands တွေက ပိတ်ပြီး အဆီတွေက အပြင်ကိုမထွက်တော့ဘူး။ အဲဒီအခါ မျက်ရည်ကြည်လွှာ (Precorneal Tear Film) က အငွေ့ပျံမှုပိုများသွားပါတယ်။ ဒီလိုဖြစ်ရင် မျက်စိက ခြောက်သွေ့သွားတယ်။ ဒီကနေ နောက်ဆက်တွဲ လက္ခဏာအနေနဲ့ဆိုရင် ခြောက်သွေ့မျက်စိ ဖြစ်လာမယ်။ မျက်စိက စိုစိုစွတ်စွတ်မရှိတော့ဘဲ မျက်လုံးကို မကြာခဏ ပုတ်ခတ်ရပြီး ပိုညောင်းညာလာတယ်။ ဒီလိုလက္ခဏာတွေကို ပိုခံစားရတတ်ပါတယ်။

မျက်ခမ်းရောင်တဲ့လူနာ၊ မျက်စိစွန်တဲ့လူနာ၊ မျက်စိအဆီဖုဖြစ်တဲ့ လူနာတွေလာပြပြီဆိုရင် မျက်နှာကို ရေနဲ့အားရပါးရဆေးကြောပါ။ ပြီးရင် မျက်ခမ်းလေးတွေကို တုတ်ပါတဲ့ဝါဂွမ်း (Cotton Stick) လေးနဲ့ ရေနွေး၊ ဆပ်ပြာတွေသုံးပြီး ဆေးကြောပေးပါလို့ မှာရပါတယ်။ ဒီလို မျက်ခမ်းသန့်ရှင်းမှုလုပ်တာက လွယ်လည်းလွယ်၊ ထိလည်းထိရောက်မှုရှိပါတယ်။

မေး. မျက်ခမ်းရောင်ရင် ဘယ်လိုကုသရပါသလဲ ဆရာ။

ဖြေ. ကုသမှုကတော့ သိပ်လွယ်ပါတယ်။ ခေါင်းမှာအနာဖြစ်ရင် ကုသတဲ့ ကုသမှုအတိုင်းပါပဲ။ ခေါင်းမှာ ဗောက်ထတာလို အနာဖြစ်ရင် ခေါင်းလျှော်လေ့ရှိကြပါတယ်။ အဲဒီအတိုင်းပါပဲ မျက်ခမ်းကို သန့်စင်ပေးရပါတယ်။

မျက်ခမ်းကို ဘယ်လိုသန့်စင်မလဲဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ မျက်နှာသစ်တဲ့အခါတိုင်း ကိုယ့်မျက်ခွံကို ဆေးကြောမိရဲ့လားလို့ ပြန်မေးရမှာပါပဲ။ အများအားဖြင့် မဆေးမိကြပါဘူး။ မျက်နှာကို ရေနဲ့ဆပ်ပြာသုံးပြီး အားရပါးရဆေးကြောတဲ့အခါ မျက်တောင်တွေကို ဆေးကြောမိတာမျိုး ဖြစ်နိုင်ပေမယ့် ဂွမ်းစလေးနဲ့ မျက်တောင်နဲ့ မျက်ခမ်းတွေကိုသုတ်ပြီး ဆေးကြောမိဖို့ကျတော့ မလုပ်ဖြစ်တာ များပါလိမ့်မယ်။ ဒါကြောင့် ဒီလို မျက်ခမ်းရောင်တဲ့လူနာ၊ မျက်စိစွန်တဲ့လူနာ၊ မျက်စိအဆီဖုဖြစ်တဲ့လူနာတွေ လာပြပြီဆိုရင် မျက်နှာကို ရေနဲ့ အားရပါးရဆေးကြောပါ။ ပြီးရင် မျက်ခမ်းလေးတွေကို တုတ်ပါတဲ့ဝါဂွမ်း (Cotton Stick)လေးနဲ့ ရေနွေး၊ ဆပ်ပြာတွေသုံးပြီး ဆေးကြောပေးပါလို့ မှာရပါတယ်။

ဒီလို မျက်ခမ်းသန့်ရှင်းမှုလုပ်တာက လွယ်လည်းလွယ်၊ ထိလည်းထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ လူတိုင်းလုပ်နိုင်ဖို့ ခက်ပါတယ်။ ဒီအလေ့အထကလွယ်ပေမယ့် လူတိုင်းမှာ ဒီအလေ့အထကို လိုက်နာနိုင်မှုမရှိပါဘူး။ ဥပမာအားဖြင့်ပြောရရင် ဦးခေါင်းမှာ ဗောက်တွေရှိနေရင် ခေါင်းလျှော်လိုက်ရင် သက်သာသလိုပဲ မျက်ခမ်းကို ရေနဲ့ဆေးကြောပေးလိုက်ရင် မွေးကျွတ်နာတွေက အတော်သက်သာသွားပါတယ်။ မျက်စိစွန်တာက မဖြစ်တော့ဘူး။ မျက်ခမ်းမှာရှိတဲ့ Tasal Glands တွေက ပွင့်သွားပြီး မျက်စိအဆီဖုမဖြစ်တော့ဘူး။ ဒီလိုလုပ်လို့မှ မျက်စိအဆီဖု၊ မျက်စိစွန်ဖုတွေ ပေါက်နေသေးရင် မျက်စိကို ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။ ဒီလိုလုပ်လို့မှ မသက်သာသေးရင် မျက်တောင်တွေကို ဘေဘီရှမ်ပူနဲ့ လျှော်ပေးရပါမယ်။ ဆိုလိုတာက မျက်တောင်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးတာမျိုးပါ။

လူအတော်များများက မျက်ခမ်းရောင်တာမဖြစ်အောင် ဒီလို နေ့စဉ်ဆေးကြောပေးရမယ်ဆိုတာကို မသိကြဘူး။ မျက်နှာကို သစ်တယ်၊ သွားတိုက်တယ်၊ ဒါပေမဲ့ မျက်လုံးကို ကာရံထားတဲ့ မျက်ခွံကို ရေနဲ့သေချာဆေးကြောပေးတဲ့ အလေ့အထက လူအများစုမှာမရှိကြဘူး။ ဒီနည်းကိုလုပ်ပေးရင် မျက်ခမ်း ရောင်တာဖြစ်နှုန်းက အတော်လေးလျော့နည်းသွားနိုင်ပါတယ်။ ကုသမှုမှာလည်း ဒီလိုသန့်ရှင်းပေးတာက ပါဝင်သလို ကာကွယ်မှုမှာလည်း ပါဝင်ပါတယ်။

မေး. မျက်ခမ်းရောင်နေပြီဆိုရင် သန့်ရှင်းရေးအပြင် ဆေးကုသမှုအနေနဲ့ ဘာကိုလုပ်ပေးသင့်ပါသလဲဆရာ။

ဖြေ. တက်ထရာဆိုက်ကလင်းမျက်စဉ်းဆေးကိုပဲ တစ်နေ့ကို နှစ်ကြိမ်လောက် မျက်ခမ်းပေါ်ကို လိမ်းပေးရပါမယ်။ မျက်ခမ်းက ရောင်ရမ်းမှုပိုများတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပါဝင်တဲ့ မျက်စဉ်းဆေး ခရင်မ် (Eye Ointment)ကို တစ်နေ့နှစ်ကြိမ် လိမ်းပေးရင်ရပါတယ်။ ဒါပေမဲ့ ပြဿနာက တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးကို လိမ်းခိုင်းရင် ဈေးသက်သာပေမယ့် လူနာအတွက် အဆင်မပြေဘူး။ မျက်ခမ်းကို ဘယ်လိုမျက်စဉ်းဆေး Ointment ကိုမဆိုလိမ်းရင် မျက်ခမ်းမှာ စေးကပ်၊ စေးကပ်ဖြစ်နေပါတယ်။ အခန့်မသင့်ရင် မျက်စိထဲကို အနည်းနဲ့အများဝင်နိုင်တယ်။

ဒါကလည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မျက်လုံးရှေ့မှာ ဖယောင်းကာထားသလို ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်။ အဲဒါကို လူတွေကမကြိုက်ကြဘူး။ ဒီတော့ မျက်စဉ်းဆေးကိုလည်း ကောင်းကောင်းမလိမ်းချင်ဘူး။ မျက်စဉ်း Ointment လိမ်းတာကို လူနာတွေက တစ်ပတ်လောက်ပဲ လိုက်နာနိုင်ပေမယ့် နိစ္စဓူဝတော့ မလိုက်နာနိုင်ပါဘူး။ မျက်ခမ်းရောင်တာက ပြင်းထန်တယ်ဆိုရင်တော့ တစ်နေ့သုံးကြိမ်လောက် မျက်စဉ်းဆေးကို လိမ်းခိုင်းပါတယ်။ နောက်ပိုင်းသက်သာလာရင် ညပိုင်းပဲ မျက်စဉ်းဆေးလိမ်းလို့ရပါတယ်။ ပြင်းပြင်းထန်ထန် ရောင်ရမ်းနေရင်တော့ ညပိုင်းပဲလိမ်းလို့မရပါဘူး။

မေး. မျက်ခမ်းရောင်တာက ဓာတ်မတည့်မှုကြောင့်ပဲဖြစ်ဖြစ်၊ ပိုးဝင်တာကြောင့်ပဲဖြစ်ဖြစ် လက္ခဏာတွေက တူညီပါသလား ဆရာ။

ဖြေ. ဓာတ်မတည့်မှုကြောင့်ပဲဖြစ်ဖြစ်၊ ပိုးကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပေါ်တဲ့လက္ခဏာတွေက အတူတူပါပဲ။ ကုသမှုကလည်း အတူတူပါပဲ။ တစ်ခုပဲရှိပါတယ်။ ပိုးကြောင့်ဖြစ်ရင်တော့ တက်ထရာဆိုက်ကလင်းကို သုံးတာများပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်ခမ်းရောင်ရင်တော့ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးကို သုံးတာများပါတယ်။ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးကိုတော့ မျက်ခမ်းမှာပဲလိမ်းရင် ကိစ္စမရှိပေမယ့် မျက်စိထဲဝင်သွားတဲ့အခါ အန္တရာယ်ရှိတာကြောင့် လူနာတွေအနေနဲ့ မိမိသဘောနဲ့ မလိမ်းစေချင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top