Healthy Life Ad
Life Style

မေးခိုင်ရောဂါအကြောင်း သိကောင်းစရာ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. မေးခိုင်ရောဂါအကြောင်း သိပါရစေ ဆရာ။

ဖြေ. မေးခိုင်ရောဂါဟာ ပြင်းထန်တဲ့ ဘက်တီးရီးယားရောဂါဖြစ်ပြီး အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး မေးရိုးနဲ့ လည်ပင်းကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ အဲဒီအခါ အသက်ရှူရခက်ခဲပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ ဖြစ်တတ်ပါတယ်။

မေး. မေးခိုင်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. မေးခိုင်ရောဂါ ဘက်တီးရီးယားပိုးတွေက ဒဏ်ရာကတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ရက်အနည်းငယ်မှ ရက်သတ္တပတ်အထိ လက္ခဏာတွေက တစ်ချိန်ချိန်မှာ ပြတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ရောဂါပျိုးချိန်က ၇-၈ ရက်ကြာတတ်ပါတယ်။ မေးခိုင်ရောဂါရဲ့ လက္ခဏာတွေက မေးရိုးကြွက်သား တောင့်တင်းတာ၊ လည်ပင်းကြွက်သား တောင့်တင်းတာ၊ အစာမျိုရခက်ခဲတာ၊ ဝမ်းဗိုက်ကြွက်သား တင်းမာတာတို့ ဖြစ်တတ်သလို ဖျားတာ၊ ချွေးထွက်များတာ၊ သွေးဖိအား မြင့်တက်တာနဲ့ နှလုံးခုန်နှုန်း မြန်တာတို့လည်း ဖြစ်တတ်ပါတယ်။

မေး. ဘာကြောင့် မေးခိုင်ရောဂါ ဖြစ်ရပါသလဲ ဆရာ။

ဖြေ. မေးခိုင်ရောဂါပိုး Clostridium tetani က မြေကြီး၊ ဖုန်မှုန့်နဲ့ တိရစ္ဆာန်မစင်တွေထဲမှာ တွေ့ရပါတယ်။ နက်ရှိုင်းတဲ့အနာထဲကို ဒီပိုးဝင်ရောက်တဲ့အခါ ဘက်တီးရီးယားမျိုးစိတ်တွေက အစွမ်းထက်တဲ့ အဆိပ် Tetanospasmin ထုတ်ပြီး ကြွက်သားတွေကိုထိန်းချုပ်တဲ့ နာ့ဗ်ကြောတွေကို ထိခိုက်စေပါတယ်။

မေး. မေးခိုင်ရောဂါ ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. ထိခိုက်ဒဏ်ရာရပြီး ပေါက်ပြဲဒဏ်ရာတွေဖြစ်တဲ့အခါ၊ မီးပူလောင်တာ၊ တိရစ္ဆာန်အကိုက်ခံရတာ စတဲ့ အခြေအနေတွေမှာ မေးခိုင်ရောဂါပိုးက ခန္ဓာကိုယ်ထဲပွားများလာပါတယ်။

မေး. မေးခိုင်ရောဂါကြောင့် နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. နောက်ဆက်တွဲအနေနဲ့ အရိုးကျိုးတာနဲ့ မသန်စွမ်းတာကနေ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ခြေရှိပါတယ်။

မေး. မေးခိုင်ရောဂါ ကာကွယ်ဆေးအကြောင်း သိပါရစေ ဆရာ။

ဖြေ. မေးခိုင်ကာကွယ်ဆေးထိုးပြီး ရောဂါပိုးအန္တရာယ်မဖြစ်အောင် ထိန်းချုပ်နိုင်ပါတယ်။

မေး. ဒဏ်ရာရရင် မေးခိုင်ရောဂါပိုးမရစေဖို့ ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဖြေ. ပေါက်ပြဲဒဏ်ရာ၊ နက်တဲ့ပြတ်ရှရာ၊ တိရစ္ဆာန် အကိုက်ခံရတဲ့ဒဏ်ရာနဲ့ ညစ်ပတ်တဲ့အနာတွေဟာ မေးခိုင်ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ အနာကနက်ပြီး ညစ်ပတ်နေရင် ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။ အနာကို သန့်ရှင်းရေးလုပ်ပေးတာ၊ ပဋိဇီဝပိုးသတ်ဆေးပေးတာနဲ့ မေးခိုင်ကာကွယ်ဆေးထိုးတာတို့ကို ဆရာဝန်က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အနာကို ပတ်တီးစည်းလိုက်ရင် အထဲမှာ ဘက်တီးရီးယားတွေ ပိတ်လှောင်နေတတ်လို့ မသန့်ရှင်းတဲ့အနာကို ဖွင့်ထားသင့်ပါတယ်။

ဖြစ်တဲ့ဒဏ်ရာက သေးတယ်ဆိုရင် သွေးထွက်တာကို တိုက်ရိုက်ဖိပြီး သွေးတိတ်အောင်လုပ်ပါ။ သွေးတိတ်သွားရင် ဒဏ်ရာကို ဘုံပိုင်ရေနဲ့ ဆေးကြောပါ။ ဆပ်ပြာ ဒါမှမဟုတ် အဝတ်စနဲ့ သန့်စင်လိုက်ပါ။ အနာထဲမှာ အမှိုက်သရိုက်တွေဝင်နေရင် ဆရာဝန်နဲ့ပြပါ။ အနာ သန့်စင်ပြီးချိန်မှာ ပဋိဇီဝပိုးသတ်ဆေးခရင်မ် ဒါမှမဟုတ် လိမ်းဆေးပါးပါးလိမ်းပါ။

ဖြစ်တဲ့ဒဏ်ရာက သေးတယ်ဆိုရင် သွေးထွက်တာကို တိုက်ရိုက်ဖိပြီး သွေးတိတ်အောင်လုပ်ပါ။ သွေးတိတ်သွားရင် ဒဏ်ရာကို ဘုံပိုင်ရေနဲ့ ဆေးကြောပါ။ ဆပ်ပြာ ဒါမှမဟုတ် အဝတ်စနဲ့ သန့်စင်လိုက်ပါ။ အနာထဲမှာ အမှိုက်သရိုက်တွေဝင်နေရင် ဆရာဝန်နဲ့ပြပါ။ အနာသန့်စင်ပြီးချိန်မှာ ပဋိဇီဝ ပိုးသတ်ဆေးခရင်မ် ဒါမှမဟုတ် လိမ်းဆေးပါးပါးလိမ်းပါ။ ဒီဆေးတွေက အနာကို မြန်မြန်မကျက်စေပေမယ့် ဘက်တီးရီးယားပေါက်ပွားတာနဲ့ ပိုးဝင်တာတို့ကို မဖြစ်စေတဲ့အတွက် အနာကျက်အောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ အနာက နီမြန်းလာရင် ပဋိဇီဝပိုးသတ်ဆေး မလိမ်းသင့်ပါဘူး။ ပတ်တီးစည်းထားပါ။ ပတ်တီးကို တစ်နေ့ အနည်းဆုံးတစ်ကြိမ် အသစ်လဲပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top