Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင် ကွမ်းစားလျှင်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာကွမ်းစားရင် မွေးလာတဲ့ ကလေးအပေါ် ထိခိုက်မှု ဖြစ်နိုင်ပါသလားရှင့်။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် မွေးလာတဲ့ ကလေးလေးဟာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သလိုမျိုး ရရှိတဲ့ ဆိုးကျိုးက အတူတူပါပဲ။ မွေးလာမယ့် ကလေးအပေါ်ရရှိမယ့် ထိခိုက်မှုကလည်း အတူတူပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် ဒီအင်န်အေ(DNA)ထိခိုက်မှုဖြစ်တတ်ပါတယ်။ ဒါကြောင့် သန္ဓေသားကိုထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းကို လုံးဝမစားသင့်ပါဘူး။ နောက်ပြီးတော့ ကလေးနို့တိုက်နေတဲ့အချိန်မှာ လည်း ကွမ်းယာကို လုံးဝမစားသင့်ပါဘူး။

ကွမ်းရွက်ကလည်း သူ့ချည်းပဲဆိုရင် ပိုးသေစေတဲ့အစွမ်းရှိပြီး ကွမ်းသီးကလည်း သူ့သဘာဝ အတိုင်းဆိုရင် ဦးနှောက်ကိုတောင် လှုံ့ဆော်ပေးပါတယ်။ ဒါပေမဲ့ ကွမ်းယာထဲမှာ ပြုပြင်ထားတဲ့ ကွမ်းသီးထည့်ပြီး ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြား ဆေးတွေနဲ့စားရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ Metabolic Syndrome တွေ ဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။ အရင်က ကွမ်းယာစားတာနဲ့ ဒီရောဂါတွေ ဆက်စပ်မှုကိုမသိခဲ့ပေမယ့် အခုနောက် ပိုင်းမှာတွေ့ရှိတယ်လို့ တိရစ္ဆာန်တွေကိုလေ့လာ ထားတဲ့ လေ့လာမှုတချို့က ဆိုထားပါတယ်။

ကွမ်းစားရင် အရင်ဆုံး ဖြစ်တတ်တာက သွားတွေညစ်ပတ်ပါတယ်။ ကွမ်းတွေကိုဟိုနေရာ၊ ဒီနေရာ ထွေးရင် ပတ်ဝန်းကျင်လည်း ညစ်ပတ်ပါတယ်။ ကွမ်းစားတာကြောင့် ဆီးကျောက်တည်တာတော့ ဖြစ်နိုင်ပါတယ်။ ကွမ်းစားတဲ့သူတွေဆိုရင် ပါဝင်တဲ့ ဆေးတွေကြောင့် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကွမ်းရွက်တစ်မျိုးတည်းဆိုရင် ပြဿနာ မရှိပါဘူး။ ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြားဆေးတွေပါတဲ့အတွက် ကယ်လ်ဆီယမ်ကာ ဗွန်နိတ်ရရှိစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

ကွမ်းစားတဲ့ ကာလနဲ့ စားတဲ့ ပမာဏပေါ်မူ တည်ပြီး ကျန်းမာရေးထိခိုက်မှုက ကွဲပြားသွားပါတယ်။ တစ်ရက်ကိုလူတစ်ယောက်က ဘယ်လောက် ပမာဏစားသလဲ၊ တစ်နေ့ ကွမ်းတစ်ယာပဲစားတယ်ဆိုရင် အဲဒီလောက်အထိ ကျန်းမာရေးထိခိုက်မှု မရှိပေမယ့် အများကြီးစားတယ်၊ ကြာကြာ ဝါးတယ် ဆိုရင် ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ရှိစဉ်နဲ့ မိခင်နို့ချိုတိုက် ကျွေးစဉ်မှာ ကွမ်းယာကို လုံးဝမစားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top