Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ (၁)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)
ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆရာမ အသည်းမှာအဆီဖုံးနေရင်ရော နောက်ဆက်တွဲ ဘာဆက်ဖြစ်နိုင်ဘာသလဲရှင်။ ဆေးကရော ဘာဆေးများသောက်ရမလဲ။
Con Juror (FB)

ဖြေ. အသည်းမှာ အဆီဖုံးရင် နောက်ဆက်တွဲအနေနဲ့ ကြာတဲ့အခါ အသည်းရောင်တာနဲ့ အသည်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးရင် ကုသနည်းအနေနဲ့ အဆီတွေ လျှော့စားရပါမယ်။ အထူးသဖြင့် ပြည့်ဝဆီ၊ ဒီဆီထဲမှာ ခဏခဏပြန်ကြော်တဲ့ ထပ်ပြန်ကြော်ဆီတွေကို ရှောင်ရပါမယ်။ ပြီးတော့ အဆီများတဲ့အသား၊ ဝက်သား၊ ဘဲသားတွေ၊ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုရှောင်ရပါမယ်။ အသည်းအဆီဖုံးတဲ့သူက ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ အကောင်းဆုံးကတော့ လမ်းလျှောက်တာပဲဖြစ်ပါတယ်။ အနည်းဆုံး မနက်နာရီဝက်၊ ညနေ နာရီဝက်လောက် ခပ်သွက်သွက် လမ်းလျှောက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

သွေးထဲမှာပါ အဆီများနေရင် အဆီကျဆေးစားဖို့ လိုပါတယ်။ ဗီတာမင်အီး မှီဝဲတာကလည်း သင့်တော်ပါတယ်။ အသည်းအဆီဖုံးတာမှာ ရောဂါကြောင့် အသည်းအဆီဖုံးတာရှိတယ်။ ဒါမျိုးဆိုရင် အသည်းရဲ့ လုပ်ငန်းဆောင်တာကို ပြန်လည်စမ်းသပ်စစ်ဆေးမှု လုပ်ရပါတယ်။ Non-alcoholic steatohepatitis ဆိုတဲ့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါဆိုရင် ကြာလာတဲ့အခါ အသည်းခြောက်တာ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသည်းမှာ ထိခိုက်နေသလားဆိုတာ ပြန်လည်စမ်းသပ်ဖို့ လိုပါတယ်။

မေး. သူငယ်ချင်း စီပိုးအကောင်ရေစစ်တာ ၁၁၀ဝ။ ဆေးတစ်လခွဲစားပြီး ၁၀လလောက်မှ အကောင်ရေမစစ်ပါဘဲ သွေးစစ်ကြည့်တော့ သွေးမှာစီပိုးပြတယ်။ အကောင်ရေပြန်စစ်ရမှာလား ဆရာမ။
MaHar Gyi (FB)

ဖြေ. အကောင်ရေပြန်စစ်ဖို့လိုပါတယ်။ အကောင်ရေနဲ့ပဲ ဆုံးဖြတ်ရတာပါ။ ဒီအတိုင်းကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ဆေးသောက်တာကလည်း တစ်လခွဲဆိုတော့ နည်းပါတယ်။

မေး. စီပိုးဆေးသုံးလစာကုန်ကျစရိတ် သိချင်ပါတယ် ခင်ဗျား။
ကောင်းထိုက် (FB)

မေး. စီပိုးရောဂါအတွက် ဆေးသုံးလသောက်ရင် လုံးဝအမြစ်ပြတ်ပျောက်ကင်းတယ်ပြောပါတယ်။ အဲဒီတော့ ဆေးသုံးလစာအတွက် ကုန်ကျစရိတ်ကို သိချင်ပါတယ်ခင်ဗျာ။
Htet Lynn (FB)

ဖြေ. စီပိုးကုသဆေးသုံးလစာအတွက် ကုန်ကျစရိတ်က အမျိုးမျိုးရှိပါတယ်။ အခုအခြေအနေမှာ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးရောင်းတဲ့ ဆေးတွေကတော့ သုံးလစာကို ဆေးကုမ္ပဏီနဲ့ အသုံးပြုတဲ့ ဆေးအမျိုးအစားပေါ်မူတည်ပြီး ၉ သိန်းနဲ့ ၁၂သိန်းကြားလောက်ကုန်ကျမှုရှိပါတယ်။ အခုလောလောဆယ် အသုံးအများဆုံးဆေးတွေကတော့ sofosbuvir နဲ့ daclatasvir ဆေးတို့ပဲ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါစီပိုးရှိပြီး အသည်းကမခြောက်ဘူးဆိုရင် သုံးလလောက်ပဲသောက်တာနဲ့ အဆင်ပြေပါတယ်။ အသည်းက ခြောက်နေပြီဆိုရင်တော့ ခြောက်လသောက်ဖို့ လိုအပ်ပါတယ်။

မေး. ဘီပိုးဆေးတွေက ပင်နက်စလင် ဒါမှမဟုတ် စလင် အုပ်စုဆေးတွေနဲ့ မတည့်တဲ့လူတွေရော သောက်လို့ရပါသလား။
Chitthu Mg (FB)

ဖြေ. သောက်လို့ရပါတယ်။

မေး. စီပိုးရှိရင် အစားအစာ ဘာတွေရှောင်ရမလဲရှင့်။ မတည့်တဲ့ အစားအစာတွေ ပြောပြပေးပါလားရှင့်။
Khin Hnin(FB)

ဖြေ. စီပိုးရှိရှိ၊ ဘီပိုးရှိရှိ အသည်းရောဂါရှိသူတွေက အသည်းကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။ အဓိကပြောရရင် အရက်၊ ဆေးလိပ်၊ ကွမ်း၊ ဆိုးဆေးပါတဲ့ အစားအသောက်၊ မှိုတက်တတ်တဲ့ ငရုတ်သီးမှုန့်၊ မှိုတက်တတ်တဲ့ မြေပဲ၊ မှိုတက်တတ်တဲ့နှမ်း စတာတွေကို ရှောင်ရပါမယ်။ ငရုတ်သီးမှို၊ မြေပဲမှို စတာတွေမှာပါတဲ့ အယ်လ်ဖလာတောက်ဆင်ပိုးက အသည်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အသည်းနဲ့မတည့်ပါဘူး။ပြီးတော့ အားဆေးဆိုရင် သံဓာတ်ပါတဲ့ဆေးကိုရှောင်ရပါမယ်။ ပါရာစီတမောလို ဆေးမျိုးမတည့်ပါဘူး။ တချို့တီဘီဆေးတွေကလည်း မတည့်ပါဘူး။

မေး. ကျွန်တော်ကတော့ အခုလက်ရှိ ဆေးလည်းထိုးထားပါတယ်။ သောက်ဆေးကလည်း TENov. နဲ့ အသည်းအားဆေးသောက်တာ၊ ကောင်းလား ဆရာမဖြေပေးပါနော်။
Linn Lay (FB)

ဖြေ. ဘီပိုးအတွက် ဒီဆေးတွေက ပုံမှန်သောက်ရပါတယ်။ သောက်နေရင်းနဲ့ ခြောက်လတစ်ခါ ပြန်လည်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အချိန်မှာ Tenofovir ဆေးဖြတ်ရမလဲဆိုတာနဲ့ ဆေးတိုးလား၊ မတိုးလားသိရအောင် ပြန်စစ်သင့်တာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top