Healthy Life Ad
Life Style

လည်ချောင်းကင်ဆာအဆင့် (၄)ကုသအောင်မြင်ခဲ့တာ ၇ နှစ်ရှိပြီဆိုတဲ့ဆရာတော် ဦးဝေပုလ္လ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၉ ခုနစ်အစတွင် မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေသော အသက် ၃၉ နှစ်အရွယ် တပ်ကြပ်ကြီး သူနာပြုလှမိုးသည် ချောင်းဆိုးသည့် ဝေဒနာရက်ရှည်လာပြီး အစားအသောက်ပင် မျိုချ၍မရအောင် နာကျင်သည့် ဝေဒနာ ခံစားခဲ့ရသည်။

“စစချင်း သတိမထားမိဘူး၊ ချောင်းတွေ ရက် ကြာရှည်ဆိုးတယ်။ နောက်ပိုင်းကျတော့ ရေသောက် ရင်တောင် ရေက မျိုလို့မရဘူး၊ နားတွေလည်း ကိုက် လာတယ်။ နောက်ပိုင်းမှာ ခဏခဏ ဖျားလာတယ်။ ဒါနဲ့ တီဘီရောဂါလား မသိဘူးလို့ ထင်မိတယ်”
ချောင်းဆိုးပြီး ရေကိုပင် မျိုချ၍ မရသဖြင့် နှစ်လလောက်အကြာတွင် တဆရ(ခုတင် ၁၀ဝ)မြိတ် စစ်ဆေးရုံကိုပြခဲ့ရာ အမှတ်(၁) မင်္ဂလာဒုံ ခုတင် ၁၀ဝ၀ စစ်ဆေးရုံကို လွှဲလိုက်ကြောင်း သိရသည်။

“ဆေးရုံမှာ အသားစယူစစ်ဆေးတော့ ကင်ဆာအဆင့် (၄)လို့ သိတာနဲ့ လည်ချောင်းကို ဖောက်လိုက်ရတယ်။ အဲဒီအချိန်မှာ အစားက စားချင်ပေမယ့် စားလိုက်တာနဲ့ ချောင်းဆိုးပြီး အန်ထွက်တယ်။ တကယ် အနေရခက်ပါတယ်။ အဲဒီကနေ အမှတ် (၂) စစ်ဆေးရုံကို လွှဲလိုက်တော့ ကင်ဆာကုဌာနမှာ ကင်ဆာပါရဂူ ဒုဗိုလ်မှူးကြီး ဒေါ်မေသွေးက “သူနာပြုဖြစ်နေပြီး ဒီအဆင့်ရောက်မှ သိရသလား” ဆိုပြီး ဂရုဏာ ဒေါသနဲ့ ဆူပါတယ်”ဟု ဆိုသည်။

ထို့နောက် ကင်ဆာဆေးသွင်းကုသမှုကို သုံးပတ်တစ်ကြိမ် ခံယူခဲ့ရပြီး ရှစ်ကြိမ်တိတိ ကင်ဆာ ဆေးသွင်းခဲ့ရကြောင်း သိရသည်။
“ပထမအကြိမ် ကင်ဆာဆေးသွင်းတုန်းက ဘာမှ သိပ်မဖြစ်ပါဘူး။ နောက်အကြိမ်တွေ သွင်းတော့ လန့်လာတယ်။ စားလို့ မဝင်၊ အိပ်လို့က အဆင်မပြေနဲ့ တကယ်အနေရခက်တာပါ။ မိဘတွေကလည်း မရှိတော့ လူနာစောင့်ကလည်း မပါဘူး။ ဆေးရုံက ကျွေးတာကိုပဲ စားခဲ့ရတယ်။ တခြားရဲဘော်လေးကို အကူအညီတောင်းခဲ့ရတယ်။ ကင်ဆာဆေးသွင်းတုန်းက မူးတဲ့ ဝေဒနာ ခံစားရတယ်။ ဆံပင်ကျွတ်တာတော့ သိပ်မဖြစ်ပါဘူး”

နဂိုက ဆေးလိပ်တွေ အရမ်းသောက်တာ၊ အရက်ကို တော့ နည်းနည်းပါးပါးသောက်ဖြစ်ပါတယ်။ ဒါကြောင့်လည် ချောင်းကင်ဆာဖြစ်တယ်လို့ထင်ပါတယ်။ တရားသဘောနဲ့ ပြောရရင်တော့ ဝဋ်ကြွေးကြောင့်ပါပဲ။

ဆရာဝန်များက ငါးခြောက်၊ ပုစွန်ခြောက်စသည့် အဆင်သင့်အခြောက်အခြမ်းများ မစားရန်နှင့် အဆင်သင့်ထုပ်ပိုးထားသည့် အစားအသောက်များ ရှောင်ရန်၊ ဟင်းသီးဟင်းရွက်များများစားရန် ညွှန်ကြားကြောင်း သိရသည်။

” ၆-၅-၂၀ဝ၉ ခုနစ်မှာ ဓာတ်ရောင်ခြည်ကု ထုံး စတင်ခံယူရပါတယ်။ ရန်ကုန်ဆေးရုံကြီးကို မနက်အစောကြီး ထသွားရတာ။ ဓာတ်ရောင်ခြည်ကု ထုံး ခံယူတဲ့ လူနာတွေက အများကြီး၊ နံပါတ်ထပ်ပြီး တန်းစီရတာ။ အစားအသောက်တော့ သိပ်ရှောင်ခိုင်းတာ မရှိပါဘူး။ တစ်ခုပဲ ဓာတ်ကင်ဖို့ အမှတ်အသားတွေ မပျက်အောင် အရမ်းသတိထားပြီး ဂရုစိုက်နေရတာ။ အဲဒီအချိန်တုန်းက ဓာတ်ကင်သွားခါနီးဆိုရင် ထမင်းရည်တွေကို တဝသောက်ပြီး သွားတယ်၊ ရေ များများသောက်တယ်။ အဲဒီအချိန်မှာ ရေများများ သောက်ပေးတာက တကယ်ထိရောက်တယ်။ ကုသ မှုက ၂၉-၆-၂၀ဝ၉ မှာ ဓာတ်ရောင်ခြည်ကုထုံး ၃၃ ကြိမ်ပြီးသွားပါတယ်။ ဓာတ်ရောင်ခြည်ကင်စဉ်မှာ ဘာမှကြောက် စရာမရှိပါ။ ကင်ရတဲ့ အစိတ်အပိုင်း ဝန်းကျင်မှာ အပူလောင်ဖုလေးတွေလောက်ပဲ ဖြစ်တတ်တယ်။ လိမ်းဆေးလူးပေးရင် သက်သာတယ်။ ကင်ဆာဆေးသွင်းစဉ် အစာစားလို့ မဝင်ပေမယ့်လည်း တတ်နိုင်သမျှ အာဟာရမပြတ်အောင် အာဟာရဖြစ်စေတဲ့ အရည်များများမှီဝဲသင့်ပါတယ်”ဟု ဆိုသည်။


ကုသမှုအားလုံးပြီးဆုံးသွားပြီးနောက် ၂၀၁၁ ခုနစ်တွင် တပ်မှ ဆေးပင်စင်ရရှိခဲ့သဖြင့် တပ်ကြပ်ကြီးလှမိုးသည် သာသနာ့ဘောင်သို့ အပြီးဝင်ရောက်ခဲ့တော့သည်။ ယခုအခါ မကွေးမြို့၊ ကင်းမိုးကုတ် ဝိပဿနာ အနောက်ကျောင်းတိုက်တွင် ခြောက်ဝါရသည်အထိ သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးဝေပုလ’က ကင်ဆာဖြစ်ရခြင်းမှာ ယခင်က ဆေးလိပ် အလွန်အမင်းသောက်ခဲ့ခြင်းကြောင့်ဟု သူ၏ ထင်မြင်ချက်ကို မိန့်သည်။

“ဦးဇင်းက နဂိုက ဆေးလိပ်တွေ အရမ်းသောက်တာ၊ အရက်ကိုတော့ နည်းနည်းပါးပါး သောက်ဖြစ်ပါတယ်။ ဒါကြောင့် လည်ချောင်းကင်ဆာဖြစ်တယ်လို့ ထင်ပါတယ်။ တရားသဘောနဲ့ပြောရရင်တော့ ဝဋ်ကြွေးကြောင့်ပါပဲ။ အရင်ဘဝတွေတုန်းက ကိုယ်ပြုဖူးလို့ ကိုယ်ပြန်ခံစားနေရတာလို့ လက်ခံထားပါတယ်”

နောက်ပိုင်းတွင် ဆရာဝန်ချိန်းဆိုချက်အတိုင်း ခြောက်လတစ်ကြိမ် ပြန်ပြခဲ့ရာ ၂၀၁၂ ဖေဖော်ဝါရီလတွင် နောက်ဆုံးပြခဲ့ပြီး နောက်ပိုင်းတွင် ထပ်မံမပြဖြစ်တော့ကြောင်း၊ ယခုအခါ မကွေးဆေးရုံကြီး၌ပင် လည်ပင်းစတီးပိုက်ကို ခြောက်လတစ်ကြိမ်လဲလှယ်ဖြစ်ကြောင်း သိရသည်။

“ဆေးကုသတုန်းက ဦးဇင်း အစားအသောက်ကိုတော်တော်ရှောင်ပါတယ်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးစသဖြင့် လတ်လတ်ဆတ်ဆတ်ဆို အကုန်စားတယ်။ အသားတော့ သိပ်မစားဖြစ်ဘူး။ ရယ် ဒီမိတ်ထုပ်တွေ မစားဘူး။ သင်္ဘောရွက်အရည်ရအောင်ထောင်းပြီး နှစ်လနီးပါး ဆက်တိုက်သောက်ဖြစ်ပါတယ်။ ရဲယိုသီးကို ထန်းလျက်နဲ့ မကြာမကြာစားတယ်။ အသားထက် ငါးကို များများ စားဖြစ်တယ်။ အခုဆိုရင်လည်း ဒီလိုပဲ နေထိုင်စားသောက် ဖြစ်တယ်။ ကြက်သွန်ဖြူကို ဆွမ်းစားချိန်မှာ ပုံမှန်သုံးဆောင်တယ်။ အခုဆိုရင် လည်ချောင်းကင်ဆာ အဆင့် (၄) ဖြစ်ခဲ့တယ်ဆိုတာ တချို့ဆို ယုံတောင် မယုံကြဘူး။ ဒါပေမဲ့ လည်ပင်းမှာ စတီးပိုက်တပ်ထားရတာ”ဟု ဆရာတော် ဦးဝေပုလ္လက မိန့်ကြားသည်။

ဓာတ်ကင်သွားခါနီးဆိုရင် ထမင်းရည်ကို တဝသောက် ပြီးသွားတယ်၊ ရေများများသောက်တယ်။ အဲဒီအချိန်မှာ ရေများများသောက်ပေးတာက တကယ်ထိရောက်တယ်။

ယခုအခါ ဆရာတော် ဦးဝေပုလ္လ သီတင်းသုံးနေသည့် ကင်းကျောင်းတိုက်မှာ ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းလေးဖြစ်ပြီး ယခုလက်ရှိ ကျောင်းသား ကျောင်းသူ ၂၀ဝကျော်ရှိရာ နံနက်အစောပိုင်းနှင့် ညနေစောင်းပိုင်းတို့တွင် စာသင်ကြားပေးလေ့ရှိ ကြောင်း သိရသည်။
“လက်ရှိအချိန်မှာ အတတ်နိုင်ဆုံး မကောင်းမှုကို ရှောင်တယ်။ ကောင်းမှုတွေကို လုပ်နိုင်သမျှလုပ်တယ်။ တရားမှတ်တယ်၊ တရားထိုင်တယ်။ အစားအသောက်ဆင်ခြင်တယ်။


ဦးဇင်းက လည်ချောင်း ဖောက်ပြီး ပိုက်တပ်ထားရတော့ ဆွမ်းစားတဲ့အချိန်ဆို အရမ်းသတိထား စားရတယ်လေ။ အခန့်မသင့်လို့ သီးသွားရင် အဆင်မပြေဘူးပေါ့။ စကားပြောရတာ အရမ်းကြာလာရင်လည်း မောတယ်။ လည်ပင်းက အပေါက်လေးကို ပိတ်ပြီးပြောရတာလေ”ဟု ဆရာတော်ဦးဝေပုလ္လက လက်ရှိနေထိုင်စားသောက်မှုပုံစံကို မိန့်ကြားခဲ့သည်။

အသက် ၃၉ နှစ်တွင် လည်ချောင်းကင်ဆာအဆင့် (၄) ခံစားခဲ့ရသော ဆရာတော် ဦးဝေပုလ္လသည် ယခုအခါ သက်တော် ၄၈ နှစ်ထဲ ဝင်ရောက်ခဲ့ပြီ ဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေရာ သူ့အတွေ့အကြုံမှတစ်ဆင့် အခြားကင်ဆာဝေဒနာရှင်များအတွက် အားပေးစကားများကို မျှဝေ မိန့်ကြားလိုက်ပါသည်။

“ကင်ဆာလို့သိတာနဲ့ ဆေးသွင်းကုသမှုအမြန် လုပ်ဖို့လိုပါတယ်။ ဆေးသွင်းရမှာကိုလည်း မလန့်ကြပါနဲ့။ ဓာတ်ကင်တာကလည်း ဘာမှ ပူလောင်မှု မရှိပါဘူး။ မဆိုစလောက်တော့ ခံစားရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ထက်ဆိုးတဲ့သူတွေအများကြီးပါလား လို့စိတ်မှာမှတ်ပြီး ရောဂါကိုကုသမှုပြုပါ။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားပြီး ကျော်လွှားအနိုင်ယူကြပါ။ ဒါဆိုရင်ကုသအောင်မြင်မှာဖြစ်ပါတယ်”ဟု မိန့် ကြားထား ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဆရာတော် ဦးဝေပုလ္လ၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top