Healthy Life Ad
Life Style

ဒုက္ခိတသမီးလေးအတွက် ရင်သားကင်ဆာကို အားတင်းကျော်ဖြတ်ခဲ့တဲ့ ဒေါ်ပု

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၄ ခုနှစ် အသက် ၅၁နှစ်အရွယ်တွင် ဒေါ်ပုသည် ရေချိုးရင်း ဆပ်ပြာတိုက်စဉ် ဘယ်ဘက်ရင်သားရှိ အကျိတ်တစ်ခုကို အမှတ်တမဲ့ စမ်းမိခဲ့လေသည်။

“ရေချိုးတဲ့အခါ ရင်ဘတ်ကို ဆပ်ပြာနဲ့တိုက်ပွတ်ရင်း ဘယ်ဘက်ရင်သားမှာ အကျိတ်တွေ့ပါတယ်။ “ရင်သားမှာ အကျိတ်တစ်ခုတွေ့တယ်၊ ဘာအကျိတ်တုန်းမသိဘူး”ဆိုပြီး အနာပေါက်ဆရာဆီ သွားပြလိုက်တယ်။ သူက ခွဲစိတ်ရမယ့် အဆီကျိတ်လို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဒီအတိုင်းထားလိုက်တယ်”ဟု ဒေါ်ပုက ကင်ဆာခရီးလမ်းအစကို ယခုလို ပြန်လည်ပြောပြခဲ့သည်။

အင်းစိန်ဘို့ကုန်းဈေးထဲတွင် ကုန်စိမ်းရောင်းသော ဒေါ်ပုအတွက် အားလပ်ချိန်က သိပ်မရှိပေ။ ဈေးရောင်းပြီး အိမ်ပြန်ရာတွင် တစ်ဦးတည်းသော ဒုက္ခိတသမီးလေးကို ပြုစုစောင့်ရှောက်ရသေးသည်။ အိမ်အလုပ်ကိစ္စများကတစ်ဖက်၊ ဈေးရောင်းရသည်ကတစ်ဖက်၊ သမီးတာဝန်ကတစ်ဖက်ဖြင့် ဒေါ်ပုတစ်ယောက် ရင်သားအကျိတ်ကို မေ့လျော့ထားခဲ့မိသည်။

“ကိုယ်ပဲ တစ်ယောက်တည်း သွားဟယ်၊ လာဟယ်၊ ရောင်းဟယ်၊ ပြုဟယ်ဆိုတော့ မအားတာနဲ့ တစ်နှစ်လောက် ဒီအတိုင်းထားလိုက်မိတယ်။ နောက်တော့ အကျိတ်က နာလည်းနာလာတယ်၊ ကြီးလည်းကြီးလာတယ် . . အဲဒါနဲ့ မဖြစ်သေးပါဘူးလေဆိုပြီး ရွာကအဖေနဲ့အမေကို လှမ်းခေါ်လိုက်တယ်။ သူတို့ရောက်လာမှ သမီးလေးကိုထားခဲ့လို့ရမှာလေ။ သူတို့ရောက်လာတော့ ဝါယာလက်က ဆရာဝန်ဆီသွားပြလိုက်တယ်”ဟု ဒေါ်ပုက ပြောသည်။

ထိုအချိန်တွင် အသားစယူစစ်ဆေးခဲ့ရာ ရင်သားကင်ဆာဟုအဖြေရသည်နှင့် ဆရာဝန်က “ခွဲစိတ်သင့်တယ်။ ဒီအကျိတ်က အောက်မကပ်သေးဘူး”ဟု အကြံပေးရာ နောက်တစ်နေ့ ၁၅-၁၁-၂၀၁၅ ရက်နေ့တွင် ချက်ချင်းပင် ရင်သားခွဲစိတ်မှုကို ခံယူဖြစ်ခဲ့ကြောင်း ဒေါ်ပုကဆိုသည်။

အစကတည်းက လုပ်ကျွေးမယ့်သူမရှိတော့ ငါလုပ်မှ ငါစားရမှာဆိုတဲ့ အသိကရှိပြီးသား၊ မိဘရှိပေမယ့် ဒီမိဘဆိုတာကလည်း အသက်ကြီးပြီ၊ ကိုယ်ကမွေးချင်းထဲမှာ သမီးအကြီးဆုံးလည်းဖြစ်တော့ ကိုယ်ပဲလုပ်ကျွေးရမှာ . . သမီးလေးကလည်း အားကိုးလို့မရတဲ့ ဒုက္ခိတလေးဆိုတော့ ကိုယ်ပဲလုပ်ကျွေးရမှာ . .လူ့ဘဝရောက်လာရင် သေတစ်နေ့မွေးတစ်နေ့ပဲ . .

“ကင်ဆာလို့သိလိုက်တော့ ကျွန်မ ဘယ်လိုမှသိပ်မခံစားရဘူး။ ကိုယ့်စိတ်ထဲမှာအားတင်းပြီး သတ္တိမွေးထားတယ်။ အစကတည်းက လုပ်ကျွေးမယ့်သူမရှိတော့ ငါလုပ်မှငါစားရမှာဆိုတဲ့ အသိကရှိပြီးသား၊ မိဘရှိပေမယ့် ဒီမိဘဆိုတာကလည်း အသက်ကြီးပြီ၊ ကိုယ်ကမွေးချင်းထဲမှာ သမီးအကြီးဆုံးလည်းဖြစ်တော့ ကိုယ်ပဲလုပ်ကျွေးရမှာ . .သမီးလေးကလည်း အားကိုးလို့မရတဲ့ ဒုက္ခိတလေးဆိုတော့ ကိုယ်ပဲလုပ်ကျွေးရမှာ . . လူ့ဘဝရောက်လာရင် သေတစ်နေ့ မွေးတစ်နေ့ပဲ . . သေချင်တဲ့နေ့ သေပစေ . . ဒီရောဂါနဲ့လည်း သေချင်မှသေမှာပဲ၊ တခြားရောဂါနဲ့လည်း သေချင်သေမှာပဲ၊ မသေခင်မှာ အလုပ်လုပ်ဖို့၊ တတ်နိုင်သမျှဆေးကုဖို့က ငါ့တာဝန်ဆိုပြီး အားတင်းလိုက်တာပါပဲ”ဟု ဒေါ်ပုကဆိုသည်။

သို့နှင့် ဘယ်ဘက်ရင်သားအကျိတ်သာမက ရင်သားတစ်ဖက်လုံးကို ခွဲထုတ်ပစ်ခဲ့တော့သည်။

“ခွဲပြီးတဲ့အချိန်မှာ ကင်ဆာဆေးလည်း သွင်းရမယ်၊ ဓာတ်ရောင်ခြည်လည်း ပေးရမယ်လို့ ဆရာဝန်ကြီးက ဆိုပါတယ်၊ ရင်သားကင်ဆာအဆင့်တော့ မသိပါဘူး”ဟု ဒေါ်ပုက ပြောသည်။ ခွဲစိတ်ပြီး ရင်သားကင်ဆာဆေးသွင်းကုသမှုအတွက် ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းရမည်ဖြစ်ရာ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းသို့ လွှဲခဲ့ကြောင်း ဒေါ်ပုက ဆိုသည်။

“အဲဒါနဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာ ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းခဲ့ပါတယ်။ အစတုန်းက အဖော်မိတ်ဆွေတစ်ယောက် လိုက်ပေးတယ်။ ၂၁ ရက်တစ်ခါ ကင်ဆာဆေးသွင်းရတော့ အခါပေါင်းများစွာဖြစ်လာတဲ့အတွက် မခေါ်တော့ဘူး၊ ကိုယ့်ဘာသာပဲ သွားလိုက်တယ်။ ကင်ဆာဆေးသွင်းတုန်းက အန်ချင်တယ်။ လျှာတွေဘာတွေမှာ ထုံသလိုခံစားရတယ်။ ဘာအစာမှ မစားချင်ဘူး။ နောက်ပိုင်းတော့လည်း အဆင်ပြေသွားပါတယ်”ဟု ဒေါ်ပုက ကင်ဆာဆေးသွင်းစဉ် ကြုံတွေ့ရသည့် ခံစားချက်များကို ပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းပြီးချိန်တွင် ရေကို မကြာခဏသောက်သုံးခြင်း၊ မုန်လာဥနီစားသုံးခြင်း၊ အာဟာရပြည့်ဝသည့် အစာများကို စားခြင်းတို့ လိုက်နာရန် ဆရာမများက ညွှန်ကြားခဲ့ရာ ဒေါ်ပုသည် ထိုညွှန်ကြားချက်များအတိုင်း လိုက်နာရင်း အစားအသောက်ကို မစားချင်၊ မသောက်ချင်သော်လည်း ကြိတ်မှိတ်စားသောက်ခဲ့သဖြင့် တစ်ပတ်အကြာတွင် ပြန်လည်သက်သာလာခဲ့ကြောင်း သိရသည်။

“ဒီကုသမှု ခံယူနေတုန်းကတော့ ဈေးမရောင်းဘူး၊ အလုပ်မလုပ်ဘဲ ဆေးပဲကုနေခဲ့တာပါ။ ဆေးသွင်းပြီး မစားချင်လည်း အစာကို ခဏခဏစားပေးရင်း တစ်ပတ်လောက်ကြာတော့ စားလို့ကောင်းသွားပါတယ်”ဟု ဒေါ်ပုက ပြောသည်။ ကင်ဆာဆေးသွင်းကုသမှုကို ခြောက်ကြိမ်ခံယူရင်း ဓာတ်ရောင်ခြည်ကုထုံးအတွက် ရန်ကုန်ဆေးရုံကြီးသို့ စာရင်းပေးထားရာ တစ်နှစ်အကြာတွင် အလှည့်ကျလာခဲ့ကြောင်း၊ ရက်ချိန်းအတိုင်း ၁၅ ကြိမ် ကုသမှုခံယူခဲ့ကြောင်း သိရသည်။

“ရန်ကုန်ဆေးရုံကြီးမှာ ၁၅ ကြိမ် ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ပေးတော့လည်း ၁၅ ရက် ဆက်တိုက် (စနေ၊ တနင်္ဂနွေပဲ ပိတ်တယ်) သွားခဲ့ရတယ်။ တစ်ယောက်တည်းပဲ သွားခဲ့ရတယ်။ လူနာစောင့်ဆိုတာလည်း မရှိပါဘူး။ ဒုက္ခိတသမီးလေးအတွက်အားတင်းပြီး ကိုယ့်ဘာသာတစ်ယောက်တည်း ကုခဲ့ပါတယ်”ဟု ဒေါ်ပုက ပြောသည်။

ရင်သားကင်ဆာဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍-

“ကင်ဆာမျိုးရိုးလည်းမရှိပါဘူး။ ကျွန်မစိတ်ထဲ ဘာလို့ကင်ဆာဖြစ်သလဲဆိုတာလည်း မပြောတတ်ပါဘူး။ စားတာကလည်း မြန်မာ့ရိုးရာ ထမင်း၊ ဟင်း၊ ငပိရည် စတာတွေပါပဲ။ အထွေအထူးလည်း မစားပါဘူး။ ဘာလို့ဖြစ်လဲ မပြောတတ်ပါဘူး။ ကံပေါ့”ဟု ဒေါ်ပုကပြောရင်း တစ်ဆက်တည်းမှာပင်-

“တကယ်ဆို ကျွန်မအကျိတ်တွေ့တွေ့ချင်းသာ သွားပြလိုက်ရင် ဒီလောက်အထိဖြစ်မှာ မဟုတ်ဘူးလေ၊ ဓာတ်ရောင်ခြည်ပေးစရာလည်း လိုမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားနေရတာလေ။ ကိုယ်ထူကိုယ်ထ လုပ်ကိုင်စားသောက်ရတော့ တစ်နေ့ရဲ့အားဆိုတာလည်း မနည်းဘူးလေ။ သမီးလေးကလည်း ဒုက္ခိတလေးဆိုတော့ သူ့ကိုထားခဲ့ဖို့ဆိုတာ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် မိဘတွေလာမယ့် အချိန်စောင့်ရင်း ကြာသွားတာပါ”ဟု သူ့အဖြစ်အပျက်ကို ပြောပြခဲ့သည်။

ဒေါ်ပု၏ ခင်ပွန်းသည်က သမီးလေး တစ်နှစ်ရှစ်လအရွယ်တွင် ဆုံးပါးသွားခဲ့သဖြင့် အမေတစ်ခု၊ သမီးတစ်ခုဘဝနှင့် ရုန်းကန်နေရကြောင်းသိရသည်။ “ဆရာဝန်တွေက ဆေးကုပြီးနောက်ပိုင်းမှာ လမ်းဘေးအစားအသောက်တွေ မစားခိုင်းပါဘူး။ အနီရောင်အသား၊ ဆိုးဆေးပါတဲ့အစာတွေ၊ သကြားကဲတဲ့အစာတွေ ရှောင်ခိုင်းပါတယ်။ ပျားရည် စားခိုင်းတယ်။ ဆေးလိပ်၊ ကွမ်းနဲ့ အရက် စတာတွေ ရှောင်ခိုင်းပါတယ်။ ဒါတွေကတော့အစကတည်းက ကျွန်မလည်းမလုပ်ပါဘူး။ အလေးအပင်တွေလည်း သိပ်မမဖို့တော့ ပြောပါတယ်”ဟု ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံကို ပြောပြခဲ့သည်။

ယခုအခါတွင် ၈၄ နှစ်အရွယ် ဖခင်၊ ၇၂ နှစ်အရွယ် မိခင်၊ ၂၀အရွယ် သမီးလေးနှင့်အတူ ဒေါ်ပုသည် ကျန်းမာဖျတ်လတ်စွာဖြင့် အင်းစိန်မြို့တွင် နေထိုင်လျက်ရှိသည်။ “နောက်ပိုင်းမှာ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ပွဲလုပ်လို့ခေါ်တိုင်း ကျွန်မအမြဲတမ်းလိုက်ပါတယ်။ ဘဝတူကင်ဆာရောဂါသည်တွေတွေ့ရင် အမြဲအားပေးဖြစ်ပါတယ်။ ကင်ဆာဖြစ်လို့ ကြောက်စရာမလိုပါဘူး၊ စိတ်ကအရေးကြီးတယ်။ စိတ်နဲ့ကုလို့ပျောက်တာ မဟုတ်ပေမယ့် ဆေးကုချိန်မှာ စိတ်ကခိုင်မာရမယ်၊ ကြံ့ကြံ့ခံရမယ်။ ငါ ကင်ဆာသမား၊ သေတော့မှာလို့ တွေးနေရင် စိတ်ကြောင့် အိပ်ရာထဲလဲတော့မယ် . . ဒါဆိုရင် ဒီမိသားစု . . ဒီသမီးလေးကို ဘယ်သူလုပ်ကျွေးမလဲ . . ဒီလိုပဲ စိတ်ကိုအားတင်းပြီး ရင်ဆိုင်ခဲ့ပါတယ်။

ကင်ဆာဆိုတာ သေတတ်တဲ့ ရောဂါမဟုတ်ပါဘူး။ ဘာမှအားမငယ်ပါနဲ့။ စောစောသိရင်တော့ ပိုကောင်းတယ်၊ စောစောကုပြီး စောစောပျောက်တာပေါ့။ စိတ်ကို ခိုင်မာအောင်ထားပြီး ဆေးကုသမှုခံယူရင် ပျောက်ပါတယ် . . .

အပျိုဘဝတုန်းက ဘုရားတရားကို ပိုလုပ်ဖြစ်ခဲ့တယ်။ ဥပုသ်စောင့်တယ်၊ ဝေယျာဝစ္စလုပ်တယ်၊ အိမ်ထောင်ကျပြီး ခင်ပွန်းဆုံးသွားတော့ ကိုယ့်ဘာသာလုပ်ကိုင်စားရတဲ့အခါ ဘုန်းကြီးကျောင်းကို တစ်ခါတလေပဲ သွားနိုင်တော့တယ်။ အခု ကင်ဆာကုပြီးမှ ဘုရား၊ တရားကို ပိုလုပ်ဖြစ်တယ်။ ဒီနှစ် သင်္ကြန်မတိုင်ခင် နှစ်လလောက်တုန်းက မှော်ဘီ သဲအင်းဂူ တရားရိပ်သာမှာ မယ်သီလရှင်ဝတ်လိုက်သေးတယ်။ ဘုရား၊ တရားလုပ်တော့ စိတ်ဓာတ်က ပိုခိုင်မာပြီး ပိုအေးချမ်းပါတယ်။

တခြားကင်ဆာဝေဒနာရှင်တွေကို ပြောချင်တာက ကင်ဆာဆိုတာ သေတတ်တဲ့ရောဂါမဟုတ်ပါဘူး။ ဘာမှအားမငယ်ပါနဲ့။ စောစောသိရင်တော့ ပိုကောင်းတယ်၊ စောစောကုပြီး စောစောပျောက်တာပေါ့။ စိတ်ကို ခိုင်မာအောင်ထားပြီး ဆေးကုသမှုခံယူရင် ပျောက်ပါတယ်”ဟု ယခုအခါ အသက် ၅၄ နှစ် ရှိပြီဖြစ်သည့် ဒေါ်ပုက အကြံပေးစကားများ မျှဝေပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top