Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့်(၃) ကုသအောင်မြင်ထားတဲ့ သူနာပြုဆရာမလေး ချယ်ရီပြည့်အောင်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့သူလေး မချယ်ရီပြည့်အောင်သည် ရန်ကုန်မြို့၊ အနောက်ပိုင်းဆေးရုံတွင် သူနာပြုဆရာမလေးအဖြစ် အစိုးရ တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၅ ခုနစ် အောက်တိုဘာလတွင် ညာဘက်ရင်သား၌ အကျိတ်တစ်ခုကို အမှတ်ထင်ထင် စတင် စမ်းသပ်မိခဲ့သည်။

“၂၀၁၅ အောက်တိုဘာလမှာ ညာဘက်ရင်သားမှာ အကျိတ်လေး စတွေ့ခဲ့တာ။ အရင်ကတော့ အကျိတ်ရှိလား၊ မရှိလား သတိမထားခဲ့မိဘူး။ သတိ ထားမိတဲ့အချိန်မှာ ဆရာကြီး ဦးသိန်းလွင်နဲ့ ပြခဲ့တယ်။ ဆရာကြီးက “အရင်ဆုံး Biopsy (အကျိတ် အသားစ ယူစစ်ဆေးမှု)လုပ်မယ်”ဆိုတာနဲ့ လုပ်ဖြစ် သွားတယ်။ အဖြေရတော့ မကောင်းဘူး၊ ရင်သား ကင်ဆာအဆင့်(၃)လောက် ဖြစ်နေပြီဆိုတာ တွေ့ လိုက်ရတယ်”

ရင်သားကင်ဆာအဆင့်(၃) ဆိုသော အဖြေ ထွက်လာချိန်တွင် မချယ်ရီပြည့်အောင်သည် စိုးရိမ်စိတ်၊ ပူပင်စိတ်တို့ဖြစ်ခဲ့ပြီး အနည်းငယ်တုန်လှုပ်သွား ခဲ့သည်။

“အဲဒီအချိန်မှာ အသက်ကလည်း ၃၁ နှစ်ပဲ ရှိ သေးတော့ ထင်မထားဘူးလေ . . အစပိုင်းမှာ နည်းနည်းတုန်လှုပ်သွားပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ပြန်အားတင်းနိုင်ခဲ့တယ်။

ဆရာဝန်ကြီးတွေကလည်း “သမီး . . စိတ်ဓာတ်မကျနဲ့”ဆိုပြီး အဖြေကို သေချာအောင် အာရှတော်ဝင်မှာ တစ်ခါ ပြန်စစ်ဆေးတယ်။ ဒါပေမဲ့ လည်း ရင်သားကင်ဆာအဆင့်(၃)လို့ပဲ အဖြေက ထွက်တာပါပဲ။ ဆရာဝန်ကြီးတွေက ဝိုင်းဝန်းအား ပေးပြီး “စိတ်ဓာတ်မကျနဲ့ သမီး၊ အခုခေတ်မှာ ဆေးပညာတွေက တိုးတက်လာပြီဆိုတော့ ဘာမှ အားငယ်စရာမလိုဘူး” ဆိုပြီး အရင်ဆုံး ရင်သားကို ခွဲထုတ်ဖို့အကြံပေးခဲ့ပါတယ်”ဟု မချယ်ရီပြည့်အောင် က ရင်သားကင်ဆာကုသမှု ခရီးလမ်းအစကို ပြန် လည်ပြောပြခဲ့သည်။

ရင်သားကင်ဆာအဆင့်(၃)ဟု သေချာသွား သည်နှင့် ညာဘက်ရင်သားကို ဖြတ်ထုတ်ဖြစ်ခဲ့ပြီး ဆရာဝန်ကြီးများ၏ အကြံပြုလမ်းညွှန်ချက်အတိုင်း ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်းတို့ကိုလည်း ဆက်လက်ခံယူဖြစ်ခဲ့ကြောင်း သိရသည်။

“ရင်သားခွဲထုတ်ပြီးတာနဲ့ ကင်ဆာဆေးသွင်း ရမယ်ဆိုတော့ ပထမအကြိမ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးသွင်းဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ်ကနေ နောက်ဆုံးအကြိမ်အထိ စုစုပေါင်း ငါးကြိမ်ကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာပဲ ကင်ဆာ ဆေးသွင်းဖြစ်ခဲ့ပါတယ်။

ဆေးသွင်းတုန်းက ပထမအကြိမ်နဲ့ ဒုတိယအ ကြိမ်မှာ နည်းနည်းတော့ အစားအသောက်ပျက်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ သိပ်ပြီး ပြဿနာမရှိခဲ့ပါ ဘူး။ တခြား ကင်ဆာကုသအောင်မြင်ထားသူတွေဆီ က ဘယ်လိုစားရမယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာ တွေကို မေးမြန်းလေ့လာပြီး လိုက်နာခဲ့ပါတယ်။ ဘယ်လိုလုပ်ခဲ့သလဲဆိုတော့

မုန်လာဥနီကို အရည်ကြိတ် ပြီး ဒီအတိုင်းသောက်ခဲ့တယ်။ တချို့က အနံ့သိပ် မကြိုက်ရင် ပျားရည်နည်းနည်း၊ သံပရာရည်နည်း နည်းထည့်ပြီး သောက်လို့ရတယ်။ အမေက နမ့်ဆန် ကနေရောက်လာပြီး ကင်ဆာကုသတဲ့တစ်လျှောက်လုံး လာပြုစုပေးတော့ အမေလုပ်ပေးတာနဲ့ ကျွန်မက ဒီအတိုင်းသောက်တာပဲ။ ဆေးသွင်းတဲ့အချိန်မှာ မုန်လာဥနီကိုအမြဲ ကြိတ်သောက်ခဲ့တာ. . အခုထက်ထိပဲ။

ပြီးရင် သံလွင်ဆီနဲ့ နနွင်း(ဆနွင်း)ကို ရောမွှေပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ဖြစ်တယ်။ ဒီနည်းကလည်း အသိတစ်ယောက်ဆီက ရတဲ့နည်းပါ။ ဒီလိုစားသောက်ခဲ့လို့လားမသိဘူး၊ နောက်ပိုင်းမှာ ခံနိုင်ရည် ရှိသွားခဲ့ပါတယ်”ဟု မချယ်ရီပြည့်အောင်က ကင် ဆာဆေးသွင်း ကုထုံးခံယူစဉ် သူ၏ နေထိုင်စား သောက်မှုပုံစံကို ပြန်လည်မျှဝေခဲ့သည်။

ဓာတ်ရောင်ခြည်ကုထုံးကိုမူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ၁၅ ရက်ဆက်တိုက် ခံယူဖြစ်ခဲ့ကြောင်း သိရသည်။
“ဓာတ်ရောင်ခြည်ကုထုံး ခံယူချိန်မှာတော့ ဘယ်လိုမှ မနေဘူး၊ သူများတွေကပူတယ် . . ဘာ ညာပြောပေမယ့် ကျွန်မကတော့ ခံနိုင်ရည်ရှိခဲ့ပါ တယ်။ အစားအသောက်လည်း မပျက်ခဲ့ပါဘူး”

သူနာပြုဆရာမလေး မချယ်ရီပြည့်အောင်အတွက် ရင်သားကင်ဆာကုထုံးကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းက ကုသပေးသည့် ဆရာဝန်ကြီးများ နှင့် စောင့်ရှောက်ပေးသည့် မိခင်တို့၏ ကျေးဇူးကြောင့်ပင်။

“ကုသအောင်မြင်ခဲ့တာက ဆရာဝန်ကြီးတွေ က ဝိုင်းဝန်းအားပေးတယ်၊ ဆေးကုသမှုအတွက် လိုအပ်တဲ့ အကူအညီတွေပေးတယ်၊ စောင့်ရှောက်မှု ပေးခဲ့ကြတယ်။ အမေကလည်း အစားအသောက်က အစ အကုန်ပြင်ဆင်ပေးခဲ့တယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဝိုင်းအားပေးတယ် . . ပြီးတော့ ကျွန်မကလည်း စိတ်ကို အားတင်းပြီး ကုသမှု ခံယူ ခဲ့တယ်။ ဒါတွေကြောင့် ကုသအောင်မြင်ခဲ့တာ ဖြစ်ပါတယ်”ဟု မချယ်ရီပြည့်အောင်က ဆိုသည်။
ရင်သားကင်ဆာဖြစ်ရခြင်းမှာ မျိုးရိုးကြောင့်ဟု သူက ထင်မြင်ထားပြီး-

“ရင်သားကင်ဆာမျိုးရိုးရှိပါတယ်။ အဘွားတစ်ဝမ်းကွဲက ရင်သားကင်ဆာဖြစ်ခဲ့တာပါ။ အဘွားက ၄၃ နှစ်အရွယ်မှာ ဖြစ်ခဲ့တာ၊ အခုလို ဆေးကုသမှုတွေက ခေတ်မမီသေးဘူးလေ။ မျိုးရိုးရှိတယ်ဆိုပေမယ့် ကိုယ့်ဘာသာငယ်သေးတော့ မထင်ထားဘူး။ အလုပ်လုပ်နေတော့ အပြင်စာစား မိတဲ့အခါလည်း ရှိပါတယ်။ ဒါတွေကြောင့်ဖြစ်တယ် လို့ထင်ပါတယ်”ဟု မချယ်ရီပြည့်အောင်က ပြောသည်။

“အခုနောက်ပိုင်း မှိုပါနိုင်တဲ့ အစားအသောက် တွေကိုမစားခိုင်းဘူး။ ငရုတ်သီးမှုန့်တွေ မစားခိုင်းဘူး။ အချဉ်တည်ထားတဲ့ အစားအသောက်တွေ မစားခိုင်းဘူး။ အပြင်စာတွေကို စားချင်လွန်းရင် နည်းနည်း အာသာပြေရုံလောက်ပဲ စားဖြစ်တယ်။

လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဖြစ်တယ်။ အလုပ်ထဲမှာဆိုရင် အားနေတဲ့အခါ ညာဘက်လက်ကို မြှောက်တာတို့လို မသိမသာ လေ့ကျင့်ခန်းလေးလုပ် ဖြစ်ပါတယ်။

ကင်ဆာဆေးသွင်းတုန်းက ဆံပင်တွေကျွတ် ကုန်ပါတယ်။ အခုကျတော့ ဆံပင်တွေ ပြန်ပေါက် လာတာ . . နဂိုဆံပင်ထက်တောင် ပိုထူလာသေးတယ်။ အဲဒီတော့ တချို့တွေက သိတောင်မသိကြပါ ဘူး။ ဆွေမျိုးတွေတောင် အံ့သြကြပါတယ်”ဟု မချယ်ရီပြည့်အောင်က ဆိုသည်။

အခြားရင်သားကင်ဆာဖြစ်နေသူများ၊ ရင်သား ကင်ဆာကုသနေသူများအား-

“မိန်းကလေးတွေရဲ့ အလှအပမှာ ရင်သားက လည်း ပါဝင်တာပဲလေ။ ဒီတော့ ရင်သားမှာ ကင်ဆာ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ ကို လိုက်နာနေထိုင်သင့်ပါတယ်။

တကယ်လို့ရင်သားအကျိတ် ဖြစ်လာခဲ့ရင်လည်း ရှက်ရွံ့မနေပါနဲ့။ ကင်ဆာဖြစ်ခဲ့ရင်တောင် လုံးဝစိတ်ဓာတ်မကျပါနဲ့။ အခုခေတ်မှာ ဆေးကုသမှုက ခေတ်မီနေပြီဖြစ်တဲ့အတွက် ဘာမှစိတ်အားငယ်စရာမလိုပါဘူး။ အဓိကကတော့ စိတ်ဓာတ်ခိုင်မာဖို့ပဲ အရေးကြီးတာပါ။ အသီးအနှံတွေများများစားပါ၊ မုန်လာဥနီတို့ကိုကြိတ်ပြီး သောက်စေချင်ပါတယ်။ မသောက်ချင်လည်း ကြိတ်မှိတ်ပြီး သောက်ပေးပါ။ ဒါဆိုရင် ကျန်းမာရေးကိုလည်းကောင်းစေပြီး ကင်ဆာအတွက်လည်း ကောင်းပါတယ်”ဟု မချယ်ရီပြည့်အောင်က သူ့အတွေ့အကြုံကို အခြေခံပြီး အကြံပြု စကားပြော ကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကိုမချယ်ရီပြည့်အောင်၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top