Healthy Life Ad
Health Tips

မျက်ကပ်မှန် တပ်ဆင်သူတို့ မျက်စိကျန်းမာရေးအတွက် သိထားသင့်သည့် နည်းလမ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ခေတ်မှာ မျက်မှန်ပါဝါရှိသူတွေသာမက မျက်မှန်ပါဝါမရှိသူတွေကပါ အရောင်ပါတဲ့ မျက်ကပ်မှန်တွေကို အလှတပ်ဆင်လာကြပါတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်တပ်ဆင်သူတွေ သိထားသင့်တဲ့ ဂရုစိုက်မှုနည်းလမ်းဟာလည်း ပုံမှန်အရောင်မပါတဲ့ မျက်ကပ်မှန်တပ်ဆင်သူတွေနဲ့ အတူတူပါပဲ။ မျက်ကပ်မှန်တပ်ဆင်ရာမှာ ပိုးကူးစက်မှုကင်းဝေးစေဖို့ အခြေခံသန့်ရှင်းရေးနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) မျက်ကပ်မှန်တွေကို မကိုင်တွယ်ခင်မှာ အပျော့စားဆပ်ပြာနဲ့ သင့်လက်တွေကို အရင်ဆေးကြော သန့်စင်ပေးရပါမယ်။

(၂) ပြီးရင် ဆေးရည်ထဲစိမ်ထားတဲ့ မျက်ကပ်မှန်တွေကို ဆေးရည်နဲ့ သန့်ရှင်းစင်ကြယ်သွားအောင် ညင်ညင်သာသာ ပွတ်သပ်ပြီးဆေးကြောပေးပါ။ ဘုံပိုင်ရေ ဒါမှမဟုတ် ရိုးရိုးရေနဲ့ ဆေးကြောသန့်စင်တာမျိုး မလုပ်ပါနဲ့။ ပိုးသတ်မထားတဲ့ရေနဲ့ ဆေးကြောလိုက်ရင် မျက်လုံးတွင်း ဘက်တီးရီးယားပိုးဝင်ကူးစက်မှု ဖြစ်နိုင်ခြေရှိလို့ပါ။

(၃) လက်သည်းတွေကို ခပ်တိုတိုညှပ်ထားပြီး ချောမွေ့နေပါစေ။ ဒါမှသာ မျက်ကပ်မှန်တွေကို လက်သည်းနဲ့ ခြစ်မိတာမျိုး မဖြစ်စေမှာပါ။

(၄) မျက်ကပ်မှန်ထည့်တဲ့ခွက်တွေက အမြဲသန့်ရှင်း စင်ကြယ်နေဖို့လိုပါတယ်။

(၅) မျက်ကပ်မှန်ကို မျက်စိထဲမထည့်ခင် ပြင်ပပစ္စည်းကပ်ငြိနေသလား၊ ထိခိုက်ပေါက်ပြဲမှုဖြစ်နေသလားဆိုတာကို ဆန်းစစ်ကြည့်ရှုပါ။

(၆) မျက်ကပ်မှန်တပ်ဆင်ပြီးမှ မျက်ဝန်းကိုခြယ်သပါ။

(၇) ရေကူးတဲ့အခါမှာ မျက်ကပ်မှန်တွေကို ဖြုတ်ထားသင့်ပါတယ်။

(၈) မျက်ကပ်မှန်တပ်ထားပြီးချိန်မှာ မျက်စိမသက်မသာဖြစ်ရင် မျက်ကပ်မှန်တပ်သူတွေအတွက် သီးသန့်မျက်စဉ်းဆေးကို ခတ်ပေးပါ။ (မျက်ကပ်မှန် အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)

(၉) မျက်ကပ်မှန်ကို တစ်နေ့ အချိန်ရှစ်နာရီ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အချိန်ထက် ပိုပြီးမတပ်ဆင်ပါနဲ့။

(၁၀) မျက်ကပ်မှန်ကို ဖြုတ်ပြီးချိန်မှာ မျက်ကပ်မှန်ဆေးရည်ထဲစိမ်ပြီး ပိုးသန့်စင်အောင်ထားဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top