Healthy Life Ad
Life Style

ဂရင်ဂျီနာအကြောင်း သိကောင်းစရာ

ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဂရင်ဂျီနာဆိုတာ ဘာကို ဆိုလိုပါသလဲဆရာ။
ဖြေ ။ စအိုဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ အရေပြားနဲ့ စအိုအတွင်းပိုင်းပြွန်လမ်းနဲ့ ဆက်သွယ်လမ်းပေါက်နေတာကို ဂရင်ဂျီနာလို့ ခေါ်ပါတယ်။ အဲဒီပြွန်လမ်းကြောင်းကို မစင်ထွက်ပေါက်အဖြစ် အသုံးပြုပြီး မစင်အညစ်အကြေးနဲ့ ရေတွေထွက်လာပါတယ်။ အဲဒီ အခါ ဘက်တီးရီးယားပိုးဝင်ပြီး လမ်းကြောင်းပိတ်ဆို့တာကြောင့် ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကို ဂရင်ဂျီနာလို့ခေါ်ပါတယ်။ ဂရင်ဂျီနာဖြစ်ရင် စအိုနဲ့ စအိုပတ်လည်က အရေပြားတွေဟာ ရေနဲ့ အညစ်အကြေးတွေပေကျံပြီး ညစ်ပေနေတတ်ပါတယ်။

မေး ။ ဂရင်ဂျီနာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။

အဓိကကတော့ စအိုမှာ ပွင့်တဲ့ပြွန်ဂလင်းကနေ ပိုးဝင်တာကြောင့် ဖြစ်ရတာပါ။ ပြွန်ဂလင်းကနေတစ်ဆင့် စအိုထိန်းကြွက်သားတွေကြားကို ပိုးပျံ့နှံ့ပြီး အရေပြားဘက်ကို လမ်းကြောင်းရှာကာ ပျံ့နှံ့တာမျိုး ဖြစ်ပါတယ်။

အဓိကဖြစ်ရတဲ့ အကြောင်းရင်းက စအိုသန့်ရှင်းရေးအားနည်းပြီး ပိုးဝင်တာကြောင့် အဓိကဖြစ်ရတာ ဖြစ်ပါတယ်။

မေး ။ ဂရင်ဂျီနာက ဘယ်အသက်အရွယ်မှာ အဖြစ်များတတ်ပါသလဲဆရာ။
ဖြေ ။ အသက် ၃၀နဲ့ ၄၀ ကြားအရွယ်တွေမှာ အဖြစ်များတတ်ပါတယ်။

မေး ။ ဂရင်ဂျီနာက အမျိုးသားနဲ့ အမျိုးသမီးဆိုရင် ဘယ်သူ့မှာ ပိုအဖြစ်များပါသလဲဆရာ။
ဖြေ ။ အမျိုးသားတွေက ဂရင်ဂျီနာပိုဖြစ်တတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ဂရင်ဂျီနာဖြစ်နှုန်းက နှစ်ဆတောင် ပိုများပါတယ်။

မေး ။ ဂရင်ဂျီနာက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါရှိတဲ့သူ၊ ကင်ဆာဆေးသွင်းကုသမှုခံယူနေရတဲ့သူ၊ ကင်ဆာရောဂါကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူနေရတဲ့သူ၊ HIV ပိုးရှိတဲ့သူ၊ အစာဟောင်းအိမ် ကင်ဆာရှိတဲ့သူ၊ ခရုမ်းရောဂါ (Chron’s Disease) ရှိတဲ့သူတွေမှာ ဂရင်ဂျီနာကအဖြစ်များပါတယ်။ အဓိကကတော့ တစ်ကိုယ်ရေးသန့်ရှင်းရေးနဲ့ စအိုတစ်ဝိုက်သန့်ရှင်းရေး မကောင်းတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

မေး ။ ဂရင်ဂျီနာမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဂရင်ဂျီနာမဖြစ်အောင် ကာကွယ်နည်းရယ်လို့တော့ အတိအကျမရှိပါဘူး။ အဓိကကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဝမ်းသွားပြီးတဲ့အခါမှာ စအိုတစ်ဝိုက်ကို နူးညံ့တဲ့ တစ်သျှူးစနဲ့ ရေကိုသုံးပြီး သန့်ရှင်းစင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးရပါမယ်။

အတွင်းခံဘောင်းဘီကလည်း ခြောက်သွေ့ပြီး သန့်ရှင်းစင်ကြယ်နေဖို့လိုပါတယ်။

မသန့်ရှင်းတဲ့ လက်နဲ့ စအိုကို ကုတ်တာမျိုးမလုပ်သင့်ပါဘူး။

စအိုကွဲနာ(Anal Fissure)နဲ့ လိပ်ခေါင်းရှိရင်လည်း ဂရင်ဂျီနာဖြစ်စေနိုင်တာကြောင့် အဲဒီရောဂါတွေကို သေချာကုသမှုခံယူဖို့ လိုပါတယ်။

မေး ။ ဂရင်ဂျီနာနဲ့ လိပ်ခေါင်းကို ဘယ်လိုခွဲခြားလို့ ရနိုင်ပါသလဲဆရာ။
ဖြေ ။ အလွယ်တကူခွဲခြားလို့ ရပါတယ်။ လိပ်ခေါင်းက ဝမ်းညှစ်လိုက်လို့ ထွက်လာတဲ့ သွေးကြောအထုံးကို ခေါ်တာဖြစ်ပါတယ်။ စအိုမှာ အပေါက်အပိုမရှိပါဘူး။ ဂရင်ဂျီနာကပြွန်လမ်းကြောင်းအပေါက် ဖြစ်ပြီး ပြည်တွေ၊ မစင်အညစ်အကြေးတွေနဲ့ စိုနေတာမျိုးပါ။ မသေချာရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

မေး ။ ဂရင်ဂျီနာဖြစ်ရင် ကုသလို့ ရပါသလား ဆရာ။
ဖြေ ။ ကုသလို့ရပါတယ်။ ကုသနည်းတွေကို အကြမ်းဖျဉ်းပြောရရင်တော့ ဂရင်ဂျီနာနဲ့ တွဲဖက်ရှိနေတတ်တဲ့ ရောဂါတွေကို အရင်ရှာဖွေဆန်းစစ်ပြီး အဲဒီရောဂါတွေကို ကုသရပါတယ်။ ထိန်းချုပ်ရမယ့် ဆီးချိုသွေးချိုလိုရောဂါဆိုရင်လည်း ထိန်းချုပ်ပြီးမှ ကုသရပါတယ်။ ခွဲစိတ်တဲ့နည်းနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ ကုသတဲ့အခါမှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ကုသရင် ဂရင်ဂျီနာက ပြန်မဖြစ်တော့ပါဘူး။ စောစောစီးစီးစနစ်တကျကုသလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ စောစောစီးစီးကုသမှုမခံယူတာကြောင့် စအိုမှာ အပေါက်တွေအများကြီးဖြစ်လာပြီး ပြည်တွေစိုနေရင် လမ်းကြောင်းတွေက ရှုပ်ထွေးသွားတာကြောင့် ကုသမှုအပိုင်းမှာ ခက်ခဲသွားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top