Healthy Life Ad
Life Style

ရိုးသားမှုက အဆင့်အတန်းမခွဲခြားပါ . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သူဌေးလင်မယားက သူတို့အိမ်မှာ နှစ်ကူးပါတီပွဲဆင်နွှဲဖို့ ပြင်ဆင်နေတယ်။ သူတို့ ဈေးကိုသွားပြီး ဈေးအကြီးဆုံး အရာမှန်သမျှဝယ်တယ်။ အဆင့်အတန်းမီတဲ့ ပါတီပွဲ ကျင်းပချင်တာကြောင့် ဘယ်လောက်ပဲ ပေးရပေးရ မမှုပါဘူး။ သူတို့ လိုအပ်တာဝယ်ပြီးချိန်မှာ အိမ်ကိုပစ္စည်းတွေ သယ်ပြီး ချပေးဖို့ အထမ်းသမားတစ်ယောက်ကို ငှားခဲ့ပါတယ်။ အထမ်းသမားက အသက်ကြီးပြီး ကျန်းမာတဲ့ပုံမပေါ်တဲ့အပြင် အဝတ်အစားတွေက စုတ်ပြတ်ပြီး သူ့ဘာသာသူတောင်အနိုင်နိုင် ဖြစ်နေပုံပါပဲ။

အထမ်းသမားကို အိမ်ထဲ ပစ္စည်းတွေပို့ဖို့ ငှားတော့ အထမ်းသမားက ဒေါ်လာ ၂၀ တောင်းတဲ့ အခါ သူဌေး လင်မယားက ဈေးဆစ်လိုက်တော့ ၁၅ဒေါ်လာနဲ့ တည့်သွားခဲ့ပါတယ်။ အထမ်းသမား က သူဒီပစ္စည်းတွေ ပို့နိုင်အောင် ထမင်းတစ်နပ်လောက်စားဦးမယ်ဆိုတာနဲ့ သူဌေးကြီးက ၁၅ ဒေါ်လာပေးကာ ပို့ရမယ့် လိပ်စာနဲ့ ပစ္စည်းတွေကိုပါ ထားခဲ့ပါတယ်။ သူဌေးလင်မယား အိမ်ပြန်ရောက်တော့ အချိန်နှစ်နာရီကြာသွားပေမယ့် အထမ်းသမားက သူတို့ ပစ္စည်းတွေလာမပို့သေးပါဘူး။

သူဌေးကတော်လည်း သူ့ခင်ပွန်းကို စိတ်ဆိုးဒေါသထွက်ပြီး-
“ဒီလို လူတွေကိုမယုံဖို့ ရှင့်ကို အမြဲပြော တယ်၊ ကျွန်မစကား ရှင်မှနားမထောင်ပဲ . . အခု တော့ ပါတီပွဲအတွက် ဝယ်ထားသမျှအားလုံး ယူသွားပြီ။ သူ့ကို အခုချက်ချင်းသွားရှာရမယ်။ မတွေ့ရင် ရဲတိုင်ရမယ်”
သူဌေးလင်မယား ဈေးကိုပြန်သွားတော့ ဈေးလမ်းမှာ တခြားအထမ်းသမားတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲဒီအထမ်းသမားက သူတို့ဝယ်ထားတဲ့ ပစ္စည်းတွေကို တွန်းလှည်းထဲ ထည့်နေတာ တွေ့ရပါရောလား။

စိတ်တိုဒေါသထွက်နေတဲ့သူဌေးကတော်က-
“ဟိုသူခိုးဘယ်မှာလဲ .. သူ ဒီပစ္စည်းတွေ ပို့မယ်ပြောပြီး နင့်ဆီကိုရောင်းခဲ့တာလား . . ပြောစမ်း”
“အန်တီ စိတ်အေးအေးထားပါ။ အထမ်းသမားအဘိုးအိုက ပြီးခဲ့တဲ့လကတည်းက ဖျားနေခဲ့တာ။ သူ့မှာ တစ်နေ့ ထမင်းတစ်နပ်တောင် အနိုင်နိုင်။ အခုလည်း ဗိုက်ဆာပြီး ဖျားနေတော့ ဒီပစ္စည်းတွေသယ်ပို့ဖို့ အားအင်မရှိတာနဲ့ သူကျွန်တော့်ကို တာဝန်လွှဲပေးခဲ့တာ။ ကျွန်တော့်ကို အန်တီတို့ပေးထားတဲ့ ၁၅ ဒေါ်လာလည်း ပေးခဲ့ပါတယ်။ သူပြောခဲ့တဲ့ စကားက “ဒီပစ္စည်းတွေ ပို့ဖို့ ငွေယူထားပြီး သား၊ ဒါကြောင့် ဒီငွေယူပြီး ဒီလိပ်စာအတိုင်း ကျေးဇူးပြုပြီး ပို့ပေးစမ်းပါကွာ”တဲ့ . .”

“ဒီမှာ အန်တီ . . သူက ဆင်းရဲပါတယ်၊ ငတ်မွတ်ပါတယ်၊ ဒါပေမဲ့ ရိုးသားတဲ့သူပါ။ သူရဲ့မှာကြားချက်အတိုင်း ကျွန်တော်အခုပို့ပေးမလို့ ပြင်ဆင်နေတာပါ”
လူငယ်အထမ်းသမားရဲ့ စကားဆုံးတော့ သူဌေးကြီးက မျက်ရည်တွေတွေ ကျတယ်။ ဇနီးသည်က ရှက်ရွံ့ပြီး သူ့ခင်ပွန်းမျက်နှာကို ကြည့်ဖို့တောင် သတ္တိမရှိတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top