Healthy Life Ad
Life Style

လေးခွပစ်တဲ့ ကောင်ကလေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဖိုးထူးနဲ့ သူ့အစ်မမော်မော်တို့ဟာ လယ်ကွင်းထဲက သူတို့အဘိုးအဘွားတွေဆီ သွားလည်ခဲ့ကြတယ်။ ဖိုးထူးက လေးခွလေးတစ်လက်ကို ယူပြီး ကစားဖို့ တောထဲ ထွက်သွားပါတယ်။ သူကတောထဲမှာ လေးခွလေးနဲ့ အပစ်ကျင့်တယ်၊ ဒါပေမဲ့ သူဦးတည်တဲ့ နေရာကို ဘယ်တော့မှမထိပါဘူး။ သူလည်း စိတ်ဓာတ်ကျစွာနဲ့ နေ့လယ်စာစားဖို့ အိမ်ဘက်ကို ပြန်လာခဲ့ပါတယ်။ သူလမ်းလျှောက်ရင်း အဘွားရဲ့ အချစ်တော်ဘဲလေးကို တွေ့ပါလေရော။

အမှတ်တမဲ့ လေးခွလေးနဲ့ ချိန်ပြီး ဘဲလေးရဲ့ ဦးခေါင်းကို ပစ်ကြည့်လိုက်တဲ့အခါ ဘဲက လောက်စလုံးမှန်ပြီး သေသွားပါတော့တယ်။ သူလည်း ရုတ်တရက် ကြက်သေသေသွားပြီး ဝမ်းနည်းပက်လက်ဖြစ် ရရှာတာပေါ့။ အထိတ်တလန့်ဖြစ်ပြီး ဘဲသေလေးကို မြေကြီးထဲမှာ မြှုပ်ထားခဲ့ပါတယ်။

ဖြစ်ချင်တော့ ဖိုးထူးရဲ့အဖြစ်အပျက်အားလုံးကို အစ်မဖြစ်သူ မော်မော်က ပြတင်းပေါက်ကနေ အစအဆုံး မြင်လိုက်ပါသတဲ့။ ဒါပေမဲ့ ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။

နေ့လယ်စာစားပြီးချိန်မှာ အဘွားက မော်မော့် ကို “မော်မော် . . ပန်းကန်တွေ ဆေးကြစို့”လို့ ပြောတော့-
“အဘွား. . ဖိုးထူးက သူကူဆေးချင်တယ်လို့ ပြောတယ်”လို့ ပြန်ဖြေခဲ့တယ်။

အဲဒီနောက် ဖိုးထူးဆီသွားပြီး-“ဘဲလေးကို မှတ်မိလား”လို့ တိုးတိုးလေး ပြောလိုက်တယ်။ ဖိုးထူးလည်း သူ့အစ်မသိနေတာကို ထိတ်လန့်သွားခဲ့ပြီး သူသာ ပန်းကန်မဆေးရင် ဒီအကြောင်း အဘိုးအဘွားတွေကို ပြောတော့မှာပဲလို့ စိုးရိမ်သွားခဲ့တယ်။ ဒါနဲ့ပန်းကန်တွေကို ဆေးခဲ့တယ်။

နောက်တစ်နေ့ကျတော့ အဘိုးက ကလေးတွေနဲ့အတူ ငါးမျှားချင်တယ်လို့ ဆိုပေမယ့် အဘွားက “မော်မော့်ကိုတော့ ညစာကူချက်ခိုင်းမလို့ ခေါ်မသွားနဲ့” လို့ဆိုတယ်။ မော်မော်ကပြုံးပြီး”ဖိုးထူးက ကူလုပ်ချင်နေတာအဘွား”လို့ ဆိုတယ်။ ပြီးတော့ “ဘဲလေးကိုမှတ်မိလား”လို့ ဖိုးထူးကို ခပ်တိုးတိုး ပြောတော့ ဖိုးထူးက အဘွားကို ကူလုပ်နေခဲ့ရတယ်။

ဒီလိုနဲ့ ရက်အတော်ကြာတဲ့အထိ မောမော်ဟာ ဖိုးထူးအပေါ် အခွင့်ကောင်းယူခဲ့တဲ့အခါ နောက်ဆုံး မှာ ဖိုးထူးက သည်းမခံနိုင်တော့ဘူး။ အဘွားဆီသွား ပြီး သူဟာ ဘဲလေးကို သတ်ခဲ့မိကြောင်း ဝန်ခံလိုက်တော့တယ်။

အဘွားလည်း ဖိုးထူးကု ဖက်ပွေ့ပြီး-
“ငါ့မြေးလေး . . ဒီအကြောင်းကို အဘွား သိပြီးသား၊ ဒါတွေကို အဘွားမြင်ခဲ့တယ်။ မြေးလေး ကို ချစ်တော့ အဘွားခွင့်လွှတ်ခဲ့တယ်။ ဒါပေမဲ့ မော်မော်က ငါ့မြေးကို ဘာကြောင့် အခွင့်ကောင်းယူနေ သလဲဆိုတာကို အခုမှပဲ သိရတော့တယ်”

မှတ်ချက်။ ။ ကိုယ့်အမှားကို အမြဲဝန်ခံပါ။ နှလုံးသားထဲမှာ အပြစ်ရှိသလို ခံစားနေရရင် နေရထိုင်ရတာ လုံခြုံမှုမရှိပါဘူး။ အမှားကို ဝန်ခံပါ၊ တောင်းပန်သင့်ရင် တောင်းပန်ပါ၊ ခွင့်လွှတ်မှုကို ယဉ်ယဉ်ကျေးကျေး တောင်းခံပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top