Healthy Life Ad
Life Style

ဓာတ်မတည့် နှာခေါင်းရောင်ခြင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ဒီနေ့ ဗုဒ္ဓဟူးနေ့ဆိုတော့ ကျွန်မတို့ယူနစ်ရဲ့ ပြင်ပလူနာကြည့်တဲ့နေ့။ ကျွန်မတို့ဆေးရုံမှာ ယူနစ် ၅ ခုရှိတာမို့ တနင်္လာနေ့က သောကြာနေ့အထိ ကိုယ့်ရက်နဲ့ကိုယ် ပြင်ပလူနာကြည့်တဲ့ ရက်၊ ခွဲစိတ်တဲ့ရက်၊ လူနာဟောင်းစမ်းသပ်တဲ့ရက်၊ အသေးစား ခွဲစိတ်မှုလုပ်တဲ့ရက်၊ မှန်ပြောင်းကြည့်တဲ့ရက်ဆိုပြီး ရှိပါတယ်။ ပြင်ပလူနာကြည့်တဲ့ရက်ဆိုရင် တစ်ရက် ကို လူနာ ၃၀ဝ လောက်ကြည့်ရပါတယ်။ ဒီနေ့လည်း လူနာတွေနဲ့ လက်မလည်အောင်ပါပဲ။

“ဆရာမရေ . .သမီး နှာစေးတာ မပျောက်ဘူး။ နှာရည်တွေကျကျနေတာ။ တစ်ခါတလေ မျက်ရည်ပါကျတယ်။ ဟတ်ချိုး . . ဟတ်ချိုးဆိုပြီး ချေတာလည်း လွန်ပါရော။ သမီးကို ကုပေးပါနော် ဆရာမ”
အသက်ငယ်ငယ်ချောချော မိန်းကလေးတစ်ယောက်က အားကိုးတကြီးနဲ့ ပြောလာတာပါ။ သူက တော်တော်တော်ပါတယ်။ သူခံစားရတာကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး ရောဂါရာဇဝင်ကနေ ဖြစ်နိုင်တဲ့ ရောဂါနာမည်ကို တပ်နိုင်တာမို့ သိပ်တော်တယ်လို့ ပြောတာပါ။ သူပြောတဲ့ ရောဂါလက္ခဏာ တွေဟာ ဓာတ်မတည့်နှာခေါင်းရောင်တာ (Allergic Rhinitis)ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်စရာ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ရှူရှိုက်ရာက ဖြစ်ဖြစ်၊ အစားအသောက်စားတာက ဖြစ်ဖြစ်၊ ခန္ဓာကိုယ် နဲ့ ထိတွေ့တာကဖြစ်ဖြစ် ဓာတ်မတည့်တဲ့ ပစ္စည်းနဲ့ ခန္ဓာကိုယ်(နှာခေါင်း)နဲ့ ထိတွေ့မိပါတယ်။ လွယ်လွယ်ရေးရရင် အဲဒီလို ထိတွေ့မိရာက ဓာတ်ပစ္စည်း (Mediators)တွေထွက်ပါတယ်။Histamine က တစ်ခုအပါအဝင်ပေါ့။ အဲဒီဓာတ်ပစ္စည်းတွေက ဓာတ်မတည့်နှာခေါင်းရောင်တာ ဖြစ်စေပြီး ခုနက ရေးခဲ့တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေပါတယ်။

ဓာတ်မတည့်နှာခေါင်းရောင်တာကို ပေါ့ပေါ့တွက်လို့ မရပါဘူး။ အဲဒီရောဂါဖြစ်တာ ကြာလာရင် နှာခေါင်းဘေးနံရံမှာရှိတဲ့ Turbinate လို့ခေါ်တဲ့ အခုံးလေးက ကြီးလာပြီး နှာခေါင်းပိတ်စေပါတယ်။ လူလယ်ခေါင်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ရင်လည်း စိတ်ညစ်စရာပါပဲ။ ရောဂါဖြစ်တာ ကြာလာတဲ့အခါ နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်ကလေးတွေ ရောင်လာနိုင်ပါတယ်။ ထိပ်ကပ်နာပေါ့လေ။

ညအိပ်ရာက လန့်နိုးတာ၊ အိပ်လို့ မပျော်တာမျိုးတွေလည်း ဖြစ်နိုင်တယ်။
ဓာတ်မတည့်နှာခေါင်းရောင်တဲ့အခါ နှာရည်တင်မက မျက်ရည်ပါ ကျတတ်ကြပါတယ်။ နှာခေါင်းတို့၊ အာခေါင်တို့၊ နားတို့လည်း ယားယံတတ်ပါတယ်။
_ _ _
ဓာတ်မတည့်နှာခေါင်းရောင်တာကိုကုသရင် အရေးကြီးဆုံးက ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ မထိတွေ့အောင် ရှောင်ဖို့ပါပဲ။ အဲဒီလို မရှောင်နိုင်ရင်တော့ ထိတွေ့တာနည်းအောင် လုပ်ရပါမယ်။ ဥပမာ အိမ်မှာရှိတဲ့ ဖုန်တွေ၊ အမှုန်တွေ ရှူမိတဲ့အခါ ဖြစ်တတ်တယ်ဆိုရင် အိမ်သန့်ရှင်းရေးဖုန်စုပ်စက်နဲ့ လုပ်တာမျိုး၊ အိပ်ရာခင်းလဲပေးတာမျိုး လုပ်လို့ရပါတယ်။ ကော်ဇောလည်း မခင်းသင့်ပါဘူး။

အစားအသောက်ကြောင့် ဖြစ်တယ်ဆိုရင်လည်း အဲဒီအစားအစာ မစားနဲ့ပေါ့နော်။ ပင်လယ်စာ နဲ့ မတည့်တာဖြစ်တတ်ကြပါတယ်။
တချို့ကျတော့ အလှပြင်ပစ္စည်းနဲ့ မတည့်တာ ဖြစ်တတ်တယ်။ အဲဒီအလှပြင်ပစ္စည်းကို ရှောင်ရပါမယ်။ ဒီလိုပဲ အမွှေးတိုင်နံ့၊ ရေမွှေးစသဖြင့် ကိုယ်မတည့်တာကို ရှောင်ရပါမယ်။
“ဖဿပစ္စယော ဝေဒနာ”မှာ ထိတွေ့မှုဖဿ ကို မရှောင်နိုင်လို့ ဖြစ်လာတဲ့ ဝေဒနာကို သက်သာအောင်တော့ ဆေးဝါးပေးလို့ ရပါတယ်။ ခုနက ရေးခဲ့တဲ့ Histamine အပါအဝင် ဓာတ်ပစ္စည်းတွေကြောင့် ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင် အဲဒီဓာတ်ပစ္စည်းတွေကို တန်ပြန်တဲ့ Aniti-histamine တွေပေးကြပါတယ်။ ပထမဦးဆုံး လက်ဟောင်းကတော့ ကျွန်မတို့ငယ်ငယ်က ပြောခဲ့တဲ့ “ဘာမီတွန် သောက်၊ ပျောက်”ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းဆေးတွေကတော့ Cetrine ၊ Loratidine စသဖြင့် ဖြစ်ပါတယ်။ နောက်ထပ်ဆေးအမျိုးမျိုးလည်း ရှိပါသေးတယ်။ အဲဒီဆေးတွေနဲ့ မရရင် နောက်ဆုံးဓာတ်မတည့်တဲ့ ပစ္စည်း ယဉ်သွားအောင် လုပ်တဲ့နည်းနဲ့ ကုပါတယ်။ ဒါက အန္တရာယ်များတဲ့အတွက် နောက်ဆုံး အဆင့်မှ လုပ်ကြရပါတယ်။

နှာခေါင်းတားနံရံကTurbinate ကြီးလွန်းအားကြီးလို့ အသက်ရှူရခက်တဲ့အခါ အဲဒီကြီးနေတဲ့ Turbinate ကို ဖြတ်ထုတ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top