Healthy Life Ad
International

အမျိုးသမီးတစ်ယောက်၏ ဗိုက်ထဲမှ ၁၀လက်မ အရွယ်ရှိ သန်ကောင်အရှင် ၁၅၀တွေ့ရှိ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၂နှစ်အရွယ် နီဟာဘီဂျန်ဆိုတဲ့ အမျိုးသမီးဟာ တစ်လကျော်ကြာတဲ့တိုင် မခံမရပ်နိုင်အောင် ဗိုက်အောင့်တာ၊ အန်တာတို့ဖြစ်ပွားပြီး ဇန်နဝါရီ ၂ရက်နေ့က ဆေးရုံတက်ခဲ့ရပါတယ်။ အူပိတ်နေတာကို စစ်ဆေးတွေ့ရှိပြီးတဲ့ နောက်မှာတော့ ခွဲစိတ်ဖို့ အလျင်အမြန်ပြင်ဆင်ခဲ့ရပါတယ်။

ဘီဂျန်ရဲ့ ဝမ်းဗိုက်အတွင်းမှ ၁၀လက်မ အရွယ်အစားရှိသက်ရှိ သန်ကောင်၁၅၀ကို ရှာဖွေတွေ့ရှိ ခဲ့ပြီး နောက်မှာတော့ ဆရာဝန်တွေတောင် အံ့အားသင့်ခဲ့ရပါတယ်။ ခွဲစိတ်မှုမှာပါဝင်သူ ကေဂျီနန္ဒာဆေးရုံမှ ဒေါက်တာအနန်ပရာကရှ်တီဝါရီက သူ့အတွေ့အကြုံအရ သန်ကောင်သုံးကောင်-လေးကောင်သာ အများဆုံးတွေ့ဖူးပြီး ဒီလောက်များပြားတဲ့ ပမာဏကိုတွေ့ရှိတာ ပထမဆုံး လို့ပြောကြားပါတယ်။ ဦး နှောက်ဆီရောက်ပြီး အာရုံကြော ထိခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်တာကြောင့် စောစော တွေ့ရှိခဲ့တာ ကံကောင်းခဲ့ကြောင်းဆိုပါတယ်။

ကျန်းမာရေး နဲ့မညီညွတ်တဲ့စားသောက် နေထိုင်မှုပုံစံကြောင့် သန်ကောင်တွေ ဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဖွံ့ဖြိုးကြီးထွားကြကြောင်း ဒေါက်တာတီဝါရီက ပြောပါတယ်။ သန်ကောင်ဥတွေဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ မသန့်ရှင်းတဲ့ရေတွေမှာ အများဆုံးတွေ့ရှိရတာကြောင့် သန့်စင်အောင် ဆေးကြောဖို့လိုကြောင်းလည်း အကြံပြုပါတယ်။ ဘီဂျန်ကတော့ ဗိုက်အောင့်တာ၊ အော့အန်တာစတဲ့ ဝေဒနာတွေမှ ကင်းလွတ်ခွင့်ရတဲ့အတွက် ဆရာဝန်တွေကိုကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပျော်ရွှင်တဲ့ဘဝအသစ် စနိုင်တော့မယ်လို့ ဝမ်းသာအားရ စကားဆိုခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top