Healthy Life Ad
Life Style

ဆွေမျိုးနီးစပ် လက်ထပ်ခြင်း (Incest)

ဒေါက်တာတင့်ဆွေ

မေး. ဆရာခင်ဗျ မောင်နှမတစ်ဝမ်းကွဲ အိမ်ထောင်ပြုရင် မွေးတဲ့ကလေးတွေ ဘယ်လိုဖြစ်နိုင်ပါသလဲ။ ကျွန်တော့်မှာကလေးနှစ်ယောက်လုံး CP ဖြစ်နေပါတယ်ခင်ဗျ။ အကြီးလေးက မျက်စေ့မမြင်၊ အငယ်လေးက လည်း OA တဲ့ဆရာ။

ဖြေ. ဆွေမျိုးနီးစပ်လက်ထပ်တာကို Incest ခေါ်တယ်။ တသွေးထဲကမွေးလာသူတွေနဲ့ (မွေးစားတာအပါအဝင်) တစ်အိမ်တည်းနေသူတွေလို့ ကွဲသေးတယ်။ လက်ထပ်ပေါင်းသင်းမှုအပြင် စိတ်ဖြစ်ပေါ်မှု၊ မတော်တဆဖြစ်မှု မတူသေးပါ။

အမျိုးအစားတွေထဲမှာ (အမျိုးလူကြီး + အမျိုးကလေး)၊ (အမျိုးကလေး + အမျိုးကလေး)၊ အမျိုးအရွယ်ရောက်ချင်း၊ တစ်ဝမ်းကွဲအမျိုးချင်း။ သုတေသနလုပ်တာတွေက ယေဘုယျချဖို့ခက်တယ်။ အကြမ်းဖျင်း လူဦးရေ ၁၀-၁၅ ရာခိုင်နှုန်းလောက်မှာ ဒီစိတ်မျိုးရှိတတ်ပြီး၊ ကိုယ်ထိလက်ရောက်ဖြစ်တာက ၂ရာခိုင်နှုန်းလောက်ရှိမယ်လို့ ယူဆကြတယ်။ ဖခင်-သမီးဖြစ်ပျက်မှုက အများဆုံး။ မိခင်-သားကအနည်းဆုံး။ အစ်ကိုနဲ့နှမ မနည်းလှဘူး။ မောင်နဲ့နှမအကြားဖြစ်တာမျိုးက မိဘနဲ့သားသမီးကြား ဖြစ်တာထက်များတယ်။ အရွယ်မရောက်သူအပါအဝင် ငယ်သူအပေါ်စော်ကားမှုမျိုးက ရေရှည်သဘောများတယ်။

မျိုးဗီဇတူသူအကြား အိမ်ထောင်ပြုရင် မွေးရာပါချို့ယွင်းချက်နဲ့ ကလေးတွေမွေးတတ်တယ်။ မျက်နှာနှစ်ခြမ်းမတူတာ၊ လူကောင်သေးတာ၊ ခုခံအားစနစ် ကောင်းကောင်းမလုပ်တာ၊ သား-သမီးနည်းတာတွေ ဖြစ်မယ် . . .

မျိုးဗီဇတူသူအကြား အိမ်ထောင်ပြုရင် မွေးရာပါချို့ယွင်းချက်နဲ့ ကလေးတွေမွေးတတ်တယ်။ မျက်နှာနှစ်ခြမ်းမတူတာ၊ လူကောင်သေးတာ၊ ခုခံအားစနစ်ကောင်းကောင်းမလုပ်တာ၊ သား-သမီး နည်းတာတွေဖြစ်မယ်။ မိဘ + သားသမီး = ၂၅ ရာခိုင်နှုန်း၊ မောင် + နှမ = ၂၅ရာခိုင်နှုန်း၊ အဖေတူ + အမေကွဲ၊ မအေတူ + အဖေကွဲ = ၁၂.၅ ရာခိုင်နှုန်း၊ ဦးလေး + တူမ၊ အဒေါ် + တူ = ၁၂.၅ ရာခိုင်နှုန်း၊ မောင် + နှမတစ်ဝမ်းကွဲ = ၆.၂၅ရာခိုင်နှုန်း၊ ဦးလေး + တူမတစ်ဝမ်းကွဲ = ၆ . ၂၅ ရာခိုင်နှုန်း၊ မောင် + နှမနှစ်ဝမ်းကွဲ = ၁.၆ ရာခိုင်နှုန်းမှာ လာဖြစ်နိုင်တယ်။

သမိုင်းမှာလည်း နမူနာတွေရှိခဲ့ဖူးတယ်။ ရိုမန်အင်ပါယာ Caligula ကနေ Julia Livilla, Drusilia, Agrippina the Younger ဆိုတဲ့ နှမ-တူမ သုံးယောက်လုံးကိုယူခဲ့တယ်။ အင်္ဂလန်က ဗစ်တိုးရီးယားဘုရင်မနဲ့ အဲလ်ဇဘတ်မင်းသားတို့လည်း တစ်ဝမ်းကွဲတွေ။ ဥရောပဘုရင်တွေရော မြန်မာဘုရင်တွေပါ သွေးသားတော်စပ်သူတွေကို မိဖုရားမြှောက်တာ နန်းတွင်းအစဉ်အလာ Intermarriage ရှိခဲ့ကြတယ်။ နာမည်အကြီးဆုံးဆိုရမှာက House of Habsburg ဖြစ်တယ်။ ရာစု ၆စုတိုင် အမျိုးချင်းလက်ထပ်တာကြောင့် မေးရိုးက ရှေ့ငေါထွက်နေတာကို Austrian lip လို့ခေါ်တယ်။ စပိန်ဘုရင် Charles II ဟာ အစားတောင် သူများလိုဝါးမရတော့ဘူး။

မျိုးဗီဇဝေးတာကို Exogamy ခေါ်တယ်။ Gene (ကော်ပီ)ဖြစ်ဖို့ အခွင့်အလမ်းနည်းလို့ ပေါင်းသင်းထိုက်တယ်။ Iceland u deCODE genetics company ကနေ ၃ ဝမ်းကွဲတော်သူတွေဟာ မျိုးစပ်လို့ အောင်မြင်မှုအများဆုံးလို့ ထုတ်ပြန်တယ်။ အိုက်စလန်ဆိုတာသေးငယ်လွန်းလို့ အမျိုးနီးစပ်လက်ထပ်ကြတာများတာကိုး။ Genetic Sexual Attraction (GSA) ဆိုတာလည်းရှိသေးတယ်။ အမျိုးတော်ပေမယ့် ကြီးမှပြန်တွေ့တဲ့အခါ လိင်ဆွဲဆောင်မှုဖြစ်တာကိုပြောတာပါ။ ဆွဲဆောင်မှုသာမက ယုံကြည်မှုလည်းရှိကြတယ်လို့ မှန်းရတယ်။ အိုးချင်းထားအိုးချင်းထိ၊ ကြိုးချင်းထားကြိုချင်းငြိဆိုတာနဲ့မတူဘူး။

Incest ဟာ တရားမဝင်ဘူး၊ ဘာသာရေးက ခွင့်မပြုဘူး၊ မလိုလားအပ်တဲ့ Taboo ဖြစ်တယ်လို့ နားလည်လက်ခံကြတယ်။ လူမှုရေးအသိုင်းအဝိုင်းနဲ့ ဘာသာရေးအယူတွေမှာ ကွဲပြားမှုတော့ရှိတယ်။ ရှိသမျှဘာသာပေါင်းစုံက တားမြစ်မှုအမျိုးမျိုးလုပ်ထားပေမယ့် တစ်ခုနဲ့တစ်ခုမတူဘူး။ ရိုမန်ကက်သလစ်က အတင်းကြပ်ဆုံးပဲ။ အရှေ့အော်သိုဒေါက်စ်က နှစ်ဝမ်းကွဲအထိ ခွင့်မပြုဘူး။ အင်ဂလီကန်က တစ်ဝမ်းကွဲကို လက်ထပ်ခွင့်ပြုတယ်။

အစ္စလာမ်ကတော့ ဖအေရဲ့မိန်းမ (မိခင်နဲ့ မိထွေး)၊ နှစ်ဖက်က အဒေါ်၊ နှမအရင်း၊ ဖအေတူ-မအေတူ နှမ၊ တူမ၊ သမီး၊ (မအေကို ယူပြီးရင်) မယားပါ-သမီး၊ ချွေးမတွေကို ယူခွင့်မပြုဘူး။ လက်တွေ့ဘဝမှာ ၂၀ဝ၇ နိုဝင်ဘာ ၂၀ ဘီဘီစီသတင်းတစ်ပုဒ်မှာ အိန္ဒိယ၊ အနောက်ဘင်္ဂလားမယ် သမီးအကြီးကိုယူတာဟာ အလ္လာရှင်အလိုတော်ရလို့ Afazuddin Ali ကနေ သူ့မိန်းမကိုပြောတယ်။ မိန်းမကလည်း တရားရုံးမှာ အဲလိုပြောတာ လက်ခံတယ်လို့ထွက်ဆိုတယ်။ ရွာသားတွေကတော့ ဒေါသထွက်ပြီး ခေါင်းဖြတ်ချင်ကြတယ်။ တရားရုံးကလည်း သူ့အာဏာစက်မဟုတ်လို့ အဆုံးအဖြတ်မပေးနိုင်ခဲ့ဘူး။ မိသားစုဟာ တခြားနေရာရွှေ့ပြီး ကနေ့ထက်ထိ နေထိုင်ပေါင်းသင်းနေကြဆဲပဲ။

ဟိန္ဒူတွေက ဒါကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ တောင်ပိုင်း (ဒရာဗီဒီယန်)တွေကတော့ တူမကို ယူတာလက်ခံတယ်။ ဗုဒ္ဓဘာသာမှာတော့ ၅ ပါးသီလနဲ့ မဂ္ဂင်ရှစ်ပါးအရ Sexual misconduct လိင်မဖွယ်မရာမှုလို့ ကျယ်ပြန့်တဲ့တားမြစ်မှုတွေ ပါရှိနေတယ်။ သမားရိုးကျခွဲခြမ်းစိတ်ဖြာ စိတ်ပညာသီအိုရီက ကလေးငယ် ၃-၅ နှစ်သားအရွယ်မှာ ဆန့်ကျင်ဘက်လိင် မိဘကို ဒီသဘောဆောင်တဲ့ တွယ်တာမှုဖြစ်တယ်လို့ဆိုတယ်။ ဂရိ Oedipus Rex ကို အစွဲပြုပြီး သားကနေ မိခင်အပေါ် စိတ်ညွတ်တာကို Oedipus complex လို့ခေါ်တယ်။

ဂရိရှေးဟောင်းစာပေထဲက ဇနကျနဲ့ Hera တို့က မောင်နှမတော်ကြတယ်။ အခုခေတ် မောင်နှမတစ်ဝမ်းကွဲ လက်ထပ်ကြတာကို အမေရိကားမှာ ပြည်နယ် ၂၆ ခုက ခွင့်ပြုထားတယ်။ တချို့နိုင်ငံတွေ ဥပမာ ပါကစ္စတန်မှာ အဲလိုဝမ်းကွဲတွေယူတာဟာ မျိုးသန့်တယ်လို့ယူဆတယ်။ လိင်စိတ်ကြွစေတဲ့ ဝတ္ထုတွေမှာတော့ သွေးသားတော်စပ်သူတွေရဲ့ ဇာတ်လမ်းတွေရေးကြတယ်။ အမျိုးတော်နေတာကိုမသိဘဲ လက်ထပ်ယူတာတွေရှိတယ်။ မတော်တဆဖြစ်မှုခေါ်တယ်။ မျိုးဗီဇလိင်ဆွဲဆောင်မှုကြောင့်လို့ စိတ်ပညာရှင်တွေကယူဆတယ်။

ဆန့်ကျင်ဘက်လိင်ကို စွဲလမ်းနှစ်လိုမှု၊ ကာယကံမြောက်မှုဆိုတာတွေက အဲလိုအကြောင်းတွေကနေဖြစ်တာပဲ။ လူနဲ့တိရစ္ဆာန်ကွဲပြားတာက ဒီနေရာမှာပါ။ လူ့စည်းဆိုတာရှိကြရတယ်။ ဘာသာရေးစည်း၊ လူမှုရေးစည်းဆိုတဲ့ အခြေခံနဲ့ အကျယ်ပြန့်ဆုံး စည်းတွေသာမက အသင်းစည်းကမ်း၊ ကျောင်းစည်းကမ်း စတာတွေလည်း ရှိသေးတယ်။ သစ္စာရည်သောက်၊ သွေးဖောက်သစ္စာဆို လုပ်တတ်ကြသလို တချို့ကြ သံမဏိစည်းကမ်းလို့တောင်ခေါ်တဲ့ ဖေါက်ရင် ပြစ်ဒဏ်ကြီးကြီးမာမားနဲ့ တားတာမျိုးလည်းရှိတယ်။ သီရိလင်္ကာတမီးလ်အဖွဲ့ LTTE တွေဟာ လည်ပင်းမှာ စိုင်ယာနိုက်အဆိပ်ပုလင်း ဆွဲကြရတယ်။ စည်းမတူ၊ နည်းမတူ၊ လူလူချင်းမတူကြပါ။

စိတ်ဟာ အထူးအာရုံခံလို့ခေါ်တဲ့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံငါးပါးမှာ နစ်မြော-မွေ့လျော်-ပျော်ပါးလေ့ရှိတယ်။ အာရုံငါးပါးအပြင် လူလူချင်းမတူကြတာက မျိုးဗီဇ၊ ဟော်မုန်း- ဆေးဝါးအပြင် ကာလံဒေသံဆိုတာလည်း အရေးပါသေးတယ်။ ဇာတ်တော်တစ်ခုထဲမယ် ဆိတ်ကွယ်ရာမှာ ဆန့်ကျင်ဘက်လိင် နှစ်ဦးထဲအတူရှိနေရင် ဖောက်ပြန်စိတ်ဆိုတာ ဆွေမျိုးတော်သော၊ မတော်သောဖြစ်တတ်တာကို ဇာတ်တော်ထဲမှာ မိခင်ကနေသားကို ပညာပေးဆုံးမဖူးတယ်။ အဆုံးအမတည်လို့ ဘာမှအမှားအယွင်းမဖြစ်ဘူး။

Liberal သမားတွေဟာ အများစုက အစဉ်အလာအရ လက်ခံတာတွေအပါအဝင် ပယ်ချင်တာမှန်သမျှ ပယ်ချင်ကြတယ်။ သူတို့နဲ့မတူရင် ခေတ်ဟောင်းနောက်မြီးဆွဲလို့သမုတ်ကြတယ်။ ဒီကျန်းမာရေးပြဿနာမှာ သေချာတာက ကျိန်စာလို့ထင်မှတ်မှုကြောင့် အဖြစ်နည်းစေပါတယ်။ တစ်ဝမ်းကွဲတွေအိမ်ထောင်ကျပြီး ပုံမှန်သားသမီးမွေးတာတွေလည်း အများကြီးရှိပါတယ်။ မောင်နှမတစ်ဝမ်းကွဲတွေလက်ထပ်ပေါင်းသင်းလို့ ကျန်းမာရေးအရ စိုးရိမ်စရာတွေဟာ ပြောကြသလောက်မဆိုးပါလို့ ၄-၄-၂၀၁၂နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ရေးထားတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top