Healthy Life Ad
Life Style

အနာဖြစ်ပြီး အရေပြားတွင် အညိုကွက်၊ အမည်းကွက်များ ဖြစ်ပေါ်ခြင်း

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ အနာဖြစ်ပြီး အရေပြားမှာ အညိုကွက်၊ အမည်းကွက်တွေက ဘာကြောင့်ဖြစ်ပေါ်ရပါသလဲ ဆရာမ။
ဖြေ။ ။ အရေပြားမှာရှိတဲ့ ရောင်ရမ်းစေတဲ့ ပစ္စည်းတွေက အနာဖြစ်နေတုန်း ထွက်လာတတ်ပါတယ်။ အဲ့ဒီအ ခါ အရေပြားရဲ့ရောင်ခြယ်မှုန်ထုတ်တဲ့ ဆဲလ် (Melanocyte)ကို ပိုအလုပ်များစေတဲ့အတွက် ရောင် ခြယ်မှုန်တွေပိုထွက်လာပါတယ်။ ရောင်ခြယ်မှုန်တွေက အရေပြားအောက်လွှာအထိ ကျဆင်းသွားတဲ့ အခါမှာတော့အနာဖြစ်ပြီး၊ အရေပြား ထိခိုက်တာကြောင့် အမည်းရောင်၊ အညိုရောင်အကွက်တွေ ဖြစ်လာပါတော့တယ်။ အရေပြား အရောင်ညိုသူ၊ မည်းသူတွေမှာပိုဆိုးတတ်ပါတယ်။ နေရောင်ခြည် ဒဏ်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အရေပြား ရောင်ရမ်းတာ၊ တချို့ဆေးတွေ (ဥပမာ-တက်ထရာဆိုက် ကလင်း)သောက်ထားတာကြောင့် ပိုဆိုးတတ်ပါတယ်။

မေး။ ။ တချို့လူတွေမှာ ဝက်ခြံပျောက်ပြီး အမည်းကွက်၊ အညိုကွက်ကျန်တတ်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ တချို့လူတွေမှာ ဝက်ခြံတွေပျောက်ပြီး ကျန်တာက တကယ်တော့ အမာရွတ် ဟုတ်ပါဘူး။ အရေပြားက ရောင်ရမ်းပြီး မည်းကျန်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီမည်းနေတာက ၆လ ကနေ တစ်နှစ်ကျော်ရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဝက်ခြံကို ပြည်မဖြစ်သေးခင် ဇွတ်မညှစ်ရပါဘူး။ ဝက်ခြံဖုကို အ ရေပြားပွန်းပဲ့တဲ့အထိ ညှစ်ရင်၊ နှိုက်ညှစ်ရင် အမည်းကျန်နိုင်ခြေများပါတယ်။ ဝက်ခြံ ပျောက်စေဖို့ ပဋိဇီဝ ပိုးသတ်ဆေးစားရပါမယ်။ ပဋိဇီဝပိုးသတ်ဆေးလိမ်း ရပါမယ်။

မေး။ ။ အရေပြားက မည်းနေ၊ ညိုနေရုံမဟုတ်ဘဲ အမာရွတ်ဖြစ်နေရင် ဘယ်လိုကုသသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အရေပြား မည်းနေ၊ ညိုနေတာ မဟုတ်ဘဲ အမာရွတ် ဖြစ်တယ်ဆိုရင် အမာရွတ်ပျောက်စေဖို့အတွက် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေရောင်ကာခရင်မ်သုံးရပါမယ်။ အမာရွတ်ပျောက် စေဖို့အတွက် သင့်တော်မယ့်ဆေးကို ဆရာဝန်ပြပြီး လိမ်းရပါမယ်။
ပုံမှန်ဖြစ်တတ်တဲ့ အမာရွတ်ကတော့ ကြာလာရင် သက်သာသွားတတ်ပေမယ့် အမာရွတ်အဖုလုံး (Keloid) ကတော့ ဆေးကုသရခက်ခဲပါတယ်။ Keloid အမာရွတ်ကို အရောင်ကျဆေးထိုးလိုက်ပြီး ရင် သက်သာပေမယ့် ဆေးအရှိန်ကုန်ချိန်မှာတော့ Keloid ပွားတတ်ပြီး ပြန်ကြီးတတ်တဲ့အတွက် ပြန်ကြီးလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Keloid မဖြစ်အောင် အကောင်းဆုံးက ဒဏ်ရာမရအောင် နေဖို့ပဲ ဖြစ်ပါတယ်။

အနာဖြစ်ပြီး အရေပြား ထိခိုက်တာကြောင့် အမည်း ရောင်၊ အညိုရောင်အကွက်တွေ ဖြစ်လာတာက အရေ ပြားအရောင်ညိုသူ၊ မည်းသူတွေမှာ ပိုဆိုးတတ်ပါတယ်။ နေရောင်ခြည်ဒဏ်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အရေ ပြားရောင်ရမ်းတာ၊ တချို့ဆေးတွေ (ဥပမာ-တက်ထရာ ဆိုက်ကလင်း) သောက်ထားတာကြောင့် ပိုဆိုးတတ် ပါတယ် . . .

မေး။ ။ အရေပြားမှာ ထင်တဲ့ အမာရွတ်သက်သာအောင် ဘယ်လို လိုက်နာသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အရေပြားမှာထင်တဲ့ အမာရွတ် သက်သာစေဖို့ အောက်ပါ အချက်တွေကို လိုက်နာရပါမယ်။

၁။ ရေဓာတ်ဖြည့်အဆီဆေး လိမ်းရပါမယ်။

၂။ အထူးပြုလုပ်ထားတဲ့ Polyurethane ဒါမှမဟုတ် silicone ဂျဲလ် သုံးနိုင်ပါတယ်။

၃။ အမာရွတ်ကို ဖိအားသုံးပြီး သေးငယ်အောင် ပြုလုပ်နိုင်ပါတယ်။

၄။ ခွဲစိတ်ပြီး စနစ်တကျပြန်ချုပ်ရပါမယ်။

၅။ အရောင်ကျဆေး ထိုးလို့ရပါတယ်။

၆။ အအေးပေး ကုသနည်း (Cryotherapy)နဲ့ ကုသလို့ ရပါတယ်။

၇။ အပေါ်ယံဓာတ်ရောင်ခြည်ကုသမှု (Superfi­cial X-ray Treatment)နဲ့ ကုသလို့ ရပါတယ်။

၈။ လေဆာနည်းနဲ့ ကုသလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top