Healthy Life Ad
Life Style

သုံးနှစ်အရွယ် မြေးလေးစမ်းရာကတွေ့တဲ့ ကင်ဆာအကျိတ်ကို ကုသအောင်မြင်ခဲ့သူ ဒေါ်ခင်ခင်နွဲ့

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်တွင် မြေးလေးထိန်းကျောင်းရင်း အေးချမ်းပျော်ရွှင်စွာနေထိုင်သူ အသက် ၆၅နှစ်အရွယ်ဒေါ်ခင်ခင်နွဲ့၏ ကင်ဆာခရီးလမ်းက တစ်မျိုးတဖုံပင် အံ့သြဖွယ်ကောင်းလှသည်။

“အန်တီရဲ့မြေးလေးက သုံးနှစ်ခွဲအရွယ် နို့ဘူးစို့တဲ့ အရွယ်ဆိုတော့ ရင်သားတွေကို လိုက်လိုက် ကိုင်တယ်။ အဲဒီမှာ သူက ပြောတယ်။”
“အဘွားမှာ ရင်သားနှစ်ခု ဖြစ်နေတယ်”တဲ့။
“အဘွားကို ပေါက်ကရတွေ လာမပြောနဲ့”ဆိုပြီး သူပြောတဲ့ ဘယ်ဘက်ရင်သားကို စမ်းကြည့်လိုက်တော့ ဟုတ်တယ်၊ ကွမ်းသီးခြမ်းလို အကျိတ်သေးသေးလေးကို စမ်းမိတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ဘယ်လိုမှ မနေသေးဘူး။
“ရင်သားဆိုတာ ဒီလို အကျိတ်လေးတွေတော့ ရှိတတ်တာပဲ . . အဆီကျိတ်ပဲ ဖြစ်မှာ”ဆိုပြီး ထင်လိုက်ပေမယ့် ချိုင်း(ဂျိုင်း)မှာ အကျိတ်တစ်ခု ထပ်တွေ့ပြန်တယ်။
ကိုယ့်မျိုးရိုးမှာလည်း ကင်ဆာမရှိတော့ ဒါကို အပူကျိတ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က ကြောက်ပြီး ခွဲလိုက်တဲ့အတွက် ကင်ဆာဖြစ်မှန်း သိသွားခဲ့ပါတယ်”ဟု ဒေါ်ခင်ခင်နွဲ့က သူ၏ ရင်သား ကင်ဆာခရီးလမ်းအစကို ပြန်ပြောင်း ပြောပြခဲ့သည်။
ကင်ဆာဖြစ်မှန်းသိလိုက်ရချိန်တွင် ဒေါ်ခင်ခင်နွဲ့သည် အံ့အားသင့်ကာ ဝမ်းနည်းခဲ့ရသည်။

“ကင်ဆာလို့သိလိုက်ရတော့” “ကျွန်မတို့ မိသားစုမောင်နှမတွေမှာ ကင်ဆာမျိုးရိုးမရှိဘဲနဲ့ ဘာလို့ ဖြစ်ရတာလဲ”လို့ ဆရာဝန်တွေကို မေးကြည့်မိပါတယ်။ ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်ယောက် ဖြစ်တာများ မကြားဖူးဘူးလားလို့ မေးပေမယ့် အဲဒီလိုလည်း မကြားဖူးပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ ကင်ဆာဟု သိရချိန်တွင် ကုသမှုကို ပြီးဆုံးသည်အထိ ခံယူမည်ဆိုသော စိတ်ထားဖြင့် ဒေါ်ခင်ခင်နွဲ့သည် ဘယ်ဘက်ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ခဲ့ပြီး ချိုင်း(ဂျိုင်း)ရှိ အလုံးအကျိတ်များကိုပါ စင်အောင် ခွဲထုတ်ခဲ့ကြောင်း သိရသည်။
“အန်တီစမ်းတုန်းက အကျိတ်တစ်ခုလောက်ပဲ တွေ့ရပေမယ့် ခွဲလိုက်တော့ အကျိတ်သေးလေးတွေ ခုနစ်ခုလောက်တွေ့ရတယ်လို့ သိရပါတယ်။ နောက်ပိုင်းကျတော့ ကင်ဆာဆေးသွင်းကုသမှုကို ဆက်လက်ခံယူဖြစ်ခဲ့ပါတယ်”ဟု ဒေါ်ခင်ခင်နွဲ့က ဆိုသည်။

ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းတွင် ကင်ဆာဆေးသွင်းကုသမှုကို ခြောက်ကြိမ်ခံယူခဲ့ပြီး ၁၀-၁၂-၂၀၁၆ ရက်နေ့တွင် ကုသမှုအားလုံးပြီးဆုံးကာ ကျန်းမာနေကြောင်း သိရသည်။
“ပထမဆုံး ကင်ဆာဆေးသွင်းတော့ ဆံပင်ကျွတ်တယ်၊ လက်သည်းတွေ မည်းလာပါတယ်။ အ စားအသောက်ကလည်း လုံးဝကိုမစားချင်ဘူး။ အဲလိုတွေ ဖြစ်ပါတယ်။ ဘာမှတော့ မဖြစ်ဘူး။ အစားအသောက်ကို ကြိတ်မှိတ်စားခဲ့ပါတယ်။”
မျိုးရိုးရှိမှ ကင်ဆာဖြစ်မည်ဟုသာ သိထားခဲ့သော ဒေါ်ခင်ခင်နွဲ့သည် မျိုးရိုးမရှိဘဲ သူကင်ဆာ ဖြစ်ရခြင်းအကြောင်းရင်းကို နားမလည်ခဲ့သော်လည်း ရင်သားကင်ဆာပညာပေးဟောပြောပွဲ တက်ရောက် ခဲ့ပြီးချိန်တွင် သိနားလည်သွားခဲ့ကြောင်း သူက ဆိုသည်။
“အန်တီက ဟောပြောပွဲတွေ သွားတက်လိုက်တဲ့အခါကျတော့ အဝလွန်တဲ့သူတွေ၊ ဆီးချိုသွေးချို ရောဂါရှိသူတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ သိလိုက်ရတယ်။ အန်တီက ဆီးချိုသွေးချို ရောဂါလည်း ရှိတယ်၊ ဝလည်းဝတယ်ဆိုတဲ့အတွက် ဒါကြောင့် ဖြစ်တာလို့ သိသွားတယ်။ အသက်ကြီးတဲ့သူ၊ လှုပ်ရှားမှုနည်းသူတွေလည်း ဖြစ်နိုင်ခြေများ တယ်ဆိုတော့ ကိုယ်က အသက်လည်း ကြီးတယ်၊ အထိုင်ကလည်းများတယ်ဆိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သိသွားပါတယ်။ နောက်တစ်ချက်က အန်တီသွေးဆုံးတာကလည်း အသက် ၅၆ နှစ်ကျမှဆိုတော့ သွေးဆုံးနောက်ကျတယ်လေ . . ဒါတွေကြောင့် ကင်ဆာဖြစ်တယ်ဆိုပြီး သိသွားခဲ့ပါတယ်” ဟု ဒေါ်ခင်ခင်နွဲ့က ဆိုသည်။

ရင်သားကင်ဆာ၏ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများမှာ (၁) ရင်သား၊ ချိုင်းနေရာတွင် အ လုံးအကျိတ်ပေါ်လာခြင်း၊ (၂) ရင်သားအရေပြား ရောင်ရမ်းခြင်း၊ (၃)ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလဲသွားခြင်း၊ (၄) ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ (၅) နို့သီးတွင် ယားယံခြင်း၊ အနာဖေးတက်ခြင်း၊ (၆) နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်သွားခြင်း၊ (၇) နို့သီးခေါင်းမှ အရည်၊သွေးထွက်ခြင်းနှင့် (၈) ရင်သားတစ်နေရာတည်းတွင် တင်းခြင်း၊ နာခြင်း စသည်တို့ဖြစ်ပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများသူတို့မှာ မိခင်၊ ညီအစ်မ၊ အဘွားနှင့် အဒေါ်တို့တွင် ရင်သားကင်ဆာဖြစ်ဖူးသူ၊ အသက် ၁၂ နှစ်မတိုင်မီ စောစီးစွာ ရာသီစလာသူ၊ အသက် ၅၅ နှစ်နောက်ပိုင်း မှသွေးဆုံးသူ၊ အမျိုးသမီးဟော်မုန်းများကို ၅ နှစ်အထက် အသုံးပြုသူ၊ ကိုယ်အလေးချိန် များလွန်းသူ၊ အဝလွန်သူ၊ ဆေးလိပ်သောက်သူတို့ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင်

အသက် ၄၀ ကျော်လာလေလေ၊ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ များလာလေလေ ဖြစ်ပြီး စောစောတွေ့ရှိလေလေ၊ ကုသအောင်မြင်နိုင်လေလေဖြစ်ကြောင်းကို ဒေါ်ခင်ခင်နွဲ့က သက်သေပြခဲ့တော့သည်။

ဒေါ်ခင်ခင်နွဲ့တွင် သမီးတစ်ဦးရှိပြီး အိမ်ထောင်ဖက်ခင်ပွန်းမှာ ကွယ်လွန်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ရင်သားကင်ဆာကုသမှုခံယူချိန်တွင် သမီးဖြစ်သူမိသားစုက အစစအရာရာ ပြုစုစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ကင်ဆာကုသပြီးနောက် ယခင်အတိုင်းပင် ကျန်းမာလန်းဆန်းနေကြောင်း ဒေါ်ခင်ခင်နွဲ့က ဆိုသည်။
“အခု အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို စားတယ်၊ သွားလာလှုပ်ရှားနိုင်တယ်၊ ဆံပင်တွေလည်း ပြန်ပေါက်လာပါတယ်။ တခြားသူတွေဆို ရင် ဆံပင်တွေသန်စွမ်းတဲ့အတွက် အံ့တောင် အံ့သြကြပါတယ်”
ကင်ဆာဖြစ်မှာ စိုးရိမ်နေကြသူများ၊ ကင်ဆာဖြစ်နေသူများနှင့် ကင်ဆာတွေ့မည်စိုး၍ ကျန်းမာရေး စစ်ဆေးမှု ခံယူခြင်း မရှိကြသူတို့အား ကင်ဆာကုသအောင်မြင်ထားသူ ဒေါ်ခင်ခင်နွဲ့က –
“ကင်ဆာဖြစ်တယ်ဆိုတာ၊ အထူးသဖြင့် ရင်သားကင်ဆာဆိုရင် ကိုယ့်ရင်သားကို ကိုယ့်ဘာသာ စမ်းပြီး ကြိုတင်သိနိုင်ပါတယ်။ ကြိုသိရင် စောစော ကုလိုက်ပါ . . ပျောက်ပါတယ်။ အားငယ်စရာ မလိုပါ ဘူး၊ ရှက်စရာ ကြောက်စရာလည်း မလိုပါဘူး၊ ဆေးမြီးတိုတွေနဲ့လည်း မကုပါနဲ့၊ သေချာတဲ့ ဆေးကုထုံး တွေနဲ့သာ ကုလိုက်ပါ၊ ပျောက်ပါတယ်”ဟု အားပေးစကားပြောကြားလိုက်သည်။

(ဓာတ်ပုံများကို အန်တီဒေါ်ခင်ခင်နွဲ့၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top