Healthy Life Ad
Life Style

အရိုးတွင် ဖြစ်သည့် တီဘီရောဂါ

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး ။ အရိုးတီဘီအကြောင်း ရှင်းပြပေးပါဆရာ။
ဖြေ ။ တီဘီကတစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် တီဘီဆိုတာက အဆုတ်ကနေဖြစ်တာ များပါတယ်။ တီဘီကအဆုတ်မှာလည်း ဖြစ်နိုင်သလို အရိုးမှာလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်တီဘီက အ များဆုံးဖြစ်နိုင်ပါတယ်။ လေထဲကနေလာတဲ့ တီဘီပိုးက အဆုတ်ကို အရင်ဆုံး ရောက်ပြီးမှ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောက်သွားတာဖြစ်လေ့ရှိပါတယ်။

မေး ။ အရိုးတီဘီက ဘယ်နေရာတွေမှာ အများဆုံး ဖြစ်တတ်ပါသလဲဆရာ။
ဖြေ ။

အရိုးတီဘီ အဖြစ်အများဆုံး နေရာကတော့ ခါးရိုးပဲဖြစ်ပါတယ်။ ခါးရိုးတီဘီလို့ပဲ ခေါ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီဆိုရင် ခါးရိုးက ထိုးထိုးကိုက်တာတွေ၊ နာတာတွေ ဖြစ်ပါတယ်။ ရောဂါလက္ခဏာက ဖြည်းဖြည်းချင်းမှ ပေါ်လာတာဖြစ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီဆိုရင် ခါးရယ်၊ ကျောရယ်၊ လည်ပင်းအဆစ်တွေမှာ တအားနာတာ၊ တအားကိုက်တာတွေ ဖြစ်ပါတယ်။

မေး ။ အရိုးတီဘီဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ အများအားဖြင့် အရိုးတီဘီဖြစ်ရင် လူနာတွေက စောစောစီးစီး ရောက်မလာတတ်ကြပါဘူး။ ပိုးက အရိုး တွေကို တအားကြီးစားသွားပြီး အရိုးတွေမှာ ဘုကြီး(Gippus)ဖြစ်လာတဲ့အခါကျမှ ရောက်လာတာများပါတယ်။ တချို့ကျတော့ တီဘီပြည် ဖြစ်သွားပြီး အပြင်ဖက်အထိ ထွက်လာတတ်ပါတယ်။ ခါးတွေ နဲ့ကျောတွေမှာ ပြည်ဖုကြီး(Cold Abscess) အကြီးကြီးတွေထွက်လာတတ်ပါတယ်။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ ပြည်ဖုတွေဟာဆိုရင် ထိလိုက်ရင် နာနေတယ်၊ ကိုက်နေတယ်၊ ရောင်နေမယ်၊ ကိုယ်ပူလာတတ်တယ်၊ အဖျားတက်တတ်တယ်အစရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တီဘီကြောင့်ဖြစ်လာတဲ့ပြည်ဖု တွေကတော့ထိလိုက်ရင်လည်း သိပ်မနာပါဘူး။ ပူလာတာလည်း မရှိပါဘူး၊ နွေးနွေးလေး ရှိနေတတ်ပါတယ်။ အဲဒီလိုမျိုး သိသိသာသာကြီး ပြည်ဖုအကြီးကြီးထွက်လာမှ လာပြကြတာ များပါတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေမှာတော့ တီဘီပိုးတွေက အရိုးတွေကိုလည်း စားလာတယ်။ တီဘီပြည်တွေလည်း ဖြစ်လာတယ်။ အဲဒီမှာ အရိုးတွေက ဆွေးပြီး အရိုးအစတွေက အာရုံကြောတွေကို သွားထောက်မိပါ တယ်။ အဲဒီလိုထိသွားရင် အောက်ပိုင်းတွေ မသန် တော့တာ၊ ခြေထောက်တွေ ထုံနေတာ၊ ကျဉ်နေတာ၊ လမ်းလျှောက်လို့ မရတော့တာ၊ အောက်ပိုင်း သေတာ (Potts Paraplegia) အထိပါ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင်တော့ လူနာရောက်လာတာ အတော် နောက်ကျနေပြီလို့ ပြောရမှာပါ။

မေး ။ အရိုးတီဘီလူနာရောက်လာရင် ဘယ်လို စမ်းသပ်ရပါသလဲ ဆရာ။
ဖြေ ။ အရိုးတီဘီဖြစ်တဲ့ လူနာရောက်လာရင် အရင်ဆုံးဘယ်နေရာတွေက နာနေတာလဲ၊ နာနေတာက ဘယ်လောက်ကြာပြီလဲ၊ ခြေထောက်တွေရော သန်သေးလား၊ ထုံတာ၊ကျဉ်တာတွေ ရှိနေသလား ဆိုတာတွေ မေးကြည့်ရပါတယ်။
နောက်တစ်ခုက အဆုတ်ရောဂါဖြစ်ဖူးလားဆိုတာကိုလည်း မေးရပါတယ်။ အရင်က အဆုတ်တီဘီ ဖြစ်ဖူးလားဆိုတာ မေးကြည့်ရပါတယ်။ ခါးရိုးတီဘီ လူနာ ၅၀ရာခိုင်နှုန်းဟာ အဆုတ်တီဘီနဲ့တွဲဖြစ်နေ တတ်တဲ့အတွက် မေးရတာ ဖြစ်ပါတယ်။ အဆုတ်ကိုလည်း စစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ကြည့် လိုက်ရုံနဲ့ရောဂါကိုခန့်မှန်းနိုင်နေပါပြီ။ ဓာတ်မှန်ရိုက်ကြည့်လိုက်ရင် ရောဂါအခြေအနေကို အသေအချာ သိနိုင်ပါတယ်။ ဓာတ်မှန်ရိုက်ပြီး သွေးစစ်မယ်ဆိုရင် ရောဂါကို အခက်အခဲမရှိဘဲ သိနိုင်ပါတယ်။

မေး ။ ခါးရိုးတီဘီကို ရောဂါရှာရခက်ခဲတဲ့အခြေအနေမျိုးကော ရှိနိုင်ပါသလား ဆရာ။
ဖြေ ။ လူနာတွေက ခါးလေး နည်းနည်းနာတာနဲ့ရောက်လာရင်၊ စောစောစီးစီး အချိန်တွေမှာ လာပြတာဆို ရင်တော့ ရောဂါရှာရတာ နည်းနည်းလေးတော့ အခက်အခဲဖြစ်သွားနိုင်ပါတယ်။ ဓာတ်မှန်ထဲမှာလည်း ကြီးကြီးမားမား မတွေ့ရတဲ့အတွက်လည်း ရောဂါကို နည်းနည်း ရှာရခက်ပါတယ်။ ဒါပေမဲ့ လူနာတွေက ရောဂါရင့်တဲ့ အခြေအနေတွေရောက်မှသာ ရောက်လာတာများတဲ့အတွက် ရောဂါရှာဖွေမှုကတော့ အခက် အခဲမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ အမှန်တော့လည်း လူနာက အရိုးတွေ စားမသွားခင်၊ ပြည်ဖုတွေမဖြစ်ခင်၊ အာရုံကြောတွေ ထိခိုက်မှုမရှိခင် ရောဂါကို တွေ့ရှိတာကတော့ အကောင်းဆုံးပါပဲ။
နောက်ကျသွားတဲ့အခါမှာ ခါးရိုးတွေ ပျက်စီးသွားပြီဆိုရင်တော့ ပြန်ကုဖို့မလွယ်တော့ပါဘူး။ ပျောက်သွားရင်လည်း အရပ်ပုသွားတာ၊ ခါးကုန်းသွားတာ အစရှိတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတဲ့အခါတွေမှာလည်း အောက်ပိုင်းသေသွားခဲ့ရင် သောက်ဆေးတွေလည်း ပေးလို့မရတော့ဘူး။ ရောဂါကလည်း မသက်သာဘူးဆိုရင် ခွဲစိတ်ကုသရတဲ့အထိ လုပ်ရပါတယ်။ ဘာပဲပြောပြော ရောဂါကို စောစောသိတာကတော့ အကောင်းဆုံးပါပဲ။

မေး ။ အရိုးတီဘီကို ဘယ်လိုကုသမှု ပေးလေ့ ရှိပါသလဲ ဆရာ။
ဖြေ ။ ကုသမှုအနေနဲ့ကတော့ တီဘီဆေးတွေကို ပေးရပါတယ်။ ဆရာတို့ကတော့ တီဘီဆေးကို တစ်နှစ် လောက်အထိပေးပါတယ်။ တချို့ကတော့ ခြောက်လအထိပဲ ပေးပါတယ်။ တီဘီဆေးကတော့ အခမဲ့ ဌာနတွေအများကြီးရှိတဲ့အတွက် အဆင်ပြေပါတယ်။ တီဘီဆေးသောက်ရင်တော့ အဆုံးထိပြီးပြတ်အောင် သောက်ရပါတယ်။ ဖြတ်ထားလို့၊ နားထားလို့ မရပါဘူး။ အဲလိုမျိုးဆေးကို ရပ်လိုက်၊ နားလိုက်လုပ်ရင် တီဘီဆေးယဉ်သွားတတ်ပါတယ်။ အဲဒီအခါမှာ တီဘီဆေးထပ်သောက်လည်း ဆေးမတိုးတော့တာ မျိုးတွေဖြစ်တတ်ပါတယ်။ တီဘီပိုးကုန်သွားရင် ပြည်ဖုပေါက်တာနဲ့ အရိုးနာတာတွေက ပြန်ကောင်းလာပါ တယ်။ ခါးရိုးတီဘီကလည်း ပျောက်ကင်းသွားနိုင်ပါတယ်။ အောက်ပိုင်းသေတယ် ဆိုတာကတော့ ပြည်တွေက အာရုံကြောမကြီးကို ဖိမိတာ၊ အရိုးစတွေက ဖိမိထားတာတွေကြောင့်ပါ။ တချို့လူနာတွေမှာ တီဘီဆေးပေးလိုက်တာနဲ့ အောက်ပိုင်းသေတာ ပြန်သက်သာသွားတာရှိပါတယ်။ ဒါပေမဲ့ အာရုံကြောကို ဖိမိတာများသွားရင်တော့ နောက်ပိုင်း ခွဲစိတ်ကုသရပါတယ်။ ပြီးတော့ လူကောင်းလို ပကတိ ပြန်ကောင်းလာနိုင်ဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါ တယ်။ အရိုးတီဘီဖြစ်ရင် ပထမဆုံးခြောက်ပတ်လောက် ဆေးပေးကြည့်ပါတယ်။ ဆေးပေးပြီး အခြေအနေက ပြန်မကောင်းလာရင်၊ အောက်ပိုင်းသေတာ မကောင်းရင်တော့ ခွဲစိတ်ရပါတယ်။ ခွဲပြီးတော့ ဖိမိနေတဲ့ပြည်တွေနဲ့ အရိုးစတွေကို ထုတ်ပစ်ရပါတယ်။ အဲဒီလိုဆိုရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်။

မေး ။ အရိုးတီဘီက ကူးစက်နိုင်ပါသလားဆရာ။
ဖြေ ။ တီဘီရောဂါကတော့ အဆုတ်ကနေတစ်ဆင့်ကူးနိုင်ပေမယ့် အရိုးကနေတစ်ဆင့်ကတော့ မကူးနိုင်ပါဘူး။ အဆုတ်တီဘီနဲ့ ပူးတွဲဖြစ်နေမှသာ ကူးတတ်ပါတယ်။ ကာကွယ်ဖို့အနေနဲ့ အဆုတ်တီဘီမဖြစ် အောင်သာနေရမှာဖြစ်ပါတယ်။ အဆုတ်တီဘီမဖြစ်ရင် ကျန်တဲ့တီဘီတွေမဖြစ်နိုင်ပါဘူး။ ခါးက နေ့တိုင်း အောင့်သက်သက်ဖြစ်နေတယ်၊ ကိုယ့်အနီးပတ်ဝန်းကျင်တွေမှာလည်း တီဘီရောဂါဖြစ်နေသူတွေရှိနေတယ်ဆိုရင်တော့ စောစောစီးစီးစစ်ဆေးသင့်ပါတယ်။

မေး ။ ခါးရိုးတီဘီရောဂါရှိသူတွေကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ခါးရိုးတီဘီဖြစ်တယ်ဆိုပေမယ့်လည်း ဆရာတို့က အိပ်ရာထားမှာ အကြာကြီးမနေစေချင်ပါဘူး။
တတ်နိုင်သလောက်လှုပ်လှုပ်ရှားရှားနေစေချင်ပါတယ်။
အောက်ပိုင်းသေနေတဲ့တိုင်အောင် ထိုင်နိုင်ရင် ထိုင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ အိပ်ရာထဲမှာနေ နေရတဲ့အတွက် ဝင်လာနိုင်တဲ့ ဆိုးကျိုးတွေကအရမ်းများပါတယ်။
အဲဒါကြောင့် ဆေးကို မှန်မှန်သောက်ရမယ်။ ဆရာဝန်နဲ့လည်း မကြာခဏ ပြနေဖို့လိုပါတယ်။ ဆရာဝန် ရဲ့ ကုသမှုကို ပုံမှန်လိုပါတယ်။ ဆရာဝန်နဲ့ပြမှသာ ရောဂါက သက်သာလာလား၊ ပိုဆိုးလာလား၊ တခြားရောဂါတွေရော ပူးတွဲဖြစ်နေလား ဆိုတာတွေ ဆက်လက်စစ်ဆေးရမှာဖြစ်ပါတယ်။ ဆေးသောက်နေရပြီဆိုရင် ရောဂါက ပိုပြီးတော့ကို သက်သာလာရမှာပါ။ မသက်သာလာဘူးဆိုရင်တော့ သေချာစစ်ဆေးဖို့လိုပါတယ်။ တစ်နှစ်တီဘီ ဆေးသောက်ရမယ်ဆိုတာနဲ့ ဆရာဝန်နဲ့မပြတော့ဘဲ ကိုယ့်ဘာသာဆေးပဲ သောက်နေတာမျိုးတော့ မဖြစ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top