Healthy Life Ad
Health Tips

ပိန်သွယ်သူတို့ပြည့်လာစေမည့် ကျန်းမာရေးနှင့် ညီညွတ်သောနည်းလမ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန်များနေသူတို့အတွက် ကိုယ်အလေးချိန်ကျအောင် ကြိုးစားရတာ ခက်ခဲသလိုပဲ ပိန်သွယ်သူတွေအနေနဲ့ ကိုယ်အလေးချိန်တက်ဖို့ကြိုးစားရတာ ခက်ပါတယ်။ ခန္ဓာကိုယ်သွယ်လျတာက အများအားဖြင့် ကျန်းမာရေး ကောင်းတတ်ပေမယ့် အာဟာရချို့တဲ့မှု၊ ရောဂါဝေဒနာခံစားရမှုနဲ့ ဆေးကုသမှု ခံယူရတာတွေကြောင့် ကိုယ်အလေးချိန်လျော့ကျတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်အလေးချိန်လျော့ကျနေရင် ခန္ဓာကိုယ်ပြည့်လာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေကို လိုက်နာဖို့ အကြံပြုလိုပါတယ်။

အစာကို မကြာခဏ စားပေးပါ
ပိန်သွယ်သူအများစုက အစာကို နည်းနည်းစားရုံနဲ့ဗိုက်အမြန်ပြည့်လွယ်ကြပါတယ်။ ဒါကြောင့် တစ်ကြိမ်တည်းမှာ အစာကိုများများစားဖို့ မကြိုးစားဘဲ အစာကို နည်းနည်းနဲ့ တစ်နေ့တာအတွင်း ၅-၆ ကြိမ်ခန့်စားပေးဖို့ လိုပါတယ်။

အာဟာရဓာတ် ပါဝင်မှုများသော အစာကို ရွေးချယ်စားပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတစ်စိတ်တစ်ပိုင်းအဖြစ် အခွံချွတ်မထားတဲ့ ကောက်နှံစာ(ဥပမာ-ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညို)၊ ကွေကာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးကာ အဆီနည်းတဲ့ အသား၊ အခွံမာသီးနဲ့ အစေ့အဆန်တို့ကို များများစားပေးဖို့ လိုပါတယ်။

သစ်သီးဖျော်ရည်များများ သောက်ပါ
ဆော်ဒါအချိုရည်၊ ကော်ဖီနဲ့တခြားအချိုရည်တွေအစား အဆီနည်းနို့နဲ့ ဖျော်ထားတဲ့ သစ်သီးဖျော်ရည်ကို သောက်ပါ။ အစာမစားခင်နဲ့ စားပြီး မိနစ် ၃၀ခြားကာ သစ်သီးဖျော်ရည်ကို သောက်ပေးပါ။

ကယ်လိုရီများသော သရေစာ စားပါ
အခွံမာတဲ့ အစေ့အဆန်၊ မြေပဲထောပတ်၊ ချိစ်၊ သစ်သီးခြောက်နဲ့ ထောပတ်သီး စတာတွေကို သရေစာအဖြစ် စားပေးပါ။ ညအိပ်ရာဝင်ချိန်မှာ ထောပတ်သီး၊ မြေပဲထောပတ်၊ ဟင်းသီးဟင်းရွက်၊ ချိစ်နဲ့ အဆီနည်းအသားတို့ ညှပ်ထည့်ထားတဲ့ ပေါင်မုန့်စားပါ။

ကျန်းမာရေးနှင့် ညီညွတ်သည့်အရာကို ဦးစားပေးစဉ်းစားပါ
သင်က ကိုယ်အလေးချိန် ပုံမှန်မရှိဘဲ သွယ်လျနေလို့ သကြားနဲ့အဆီတွေကို များများစားရ မယ်လို့မထင်ပါနဲ့။ သကြားနဲ့ အဆီကို များများစားပေးရင် ကိုယ်အလေးချိန်တက်တာထက် ခါးတုတ်ပြီး ဗိုက်ပူလာပါလိမ့်မယ်။ ဒါကြောင့် သရေစာစားတဲ့အခါ သစ်သီး၊ ဒိန်ချဉ်၊ အခွံမာအစေ့အဆန်တို့ကို ရွေးစားပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ
အလေးမတဲ့ လေ့ကျင့်ခန်းဟာကြွက်သားတွေကို သန်စွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်လာစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အစာစားချင်တဲ့ စိတ်ဆန္ဒကိုတိုးစေပြီး အစာများများ စားဖြစ်လာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top