Healthy Life Ad
Life Style

ဆေးစစ်ရင်း အမှတ်မထင်တွေ့ခဲ့သည့် ကင်ဆာကို တည်ငြိမ်စွာ ကုသအောင်မြင်ထားသူ ဒေါ်ခင်ခင်ကြူ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်က ၆၃ နှစ်အရွယ်တွင် ဒေါ်ခင်ခင်ကြူသည် ပန်းလှိုင်ဆေးရုံတွင် ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းအတွက် ပရိုမိုးရှင်းရှိသည် ဆိုသော သတင်းကြားသိရာ ယောင်းမဖြစ်သူနှင့်အတူ သွား ရောက် စစ်ဆေးခဲ့သည်။

“၂၀၁၅ခုနစ်တုန်းက ပန်းလှိုင်ဆေးရုံမှာ ရင်သားဓာတ်မှန် (Mammogram) ရိုက်တာနဲ့ ပတ်သက်ပြီး ပရိုမိုးရှင်းရှိတယ်ဆိုတာနဲ့ ယောင်းမနဲ့ နှစ်ယောက် သွားစစ်ကြတယ်။ အဲဒီမှာ ယောင်းမရော ကိုယ်ရော နှစ်ယောက်စလုံးရဲ့ အဖြေထဲမှာ တွေ့တယ်ဆိုတာနဲ့ “နှစ်ယောက်စလုံးတွေ့တယ်ဆိုတော့ ဟုတ်မှာ မဟုတ်ပါဘူး” ဆိုပြီး အေးအေးဆေးဆေး နေလိုက်တယ်။ဖြစ်ချင်တော့ မိတ်ဆွေတစ်ယောက် ကင်ဆာဖြစ်လို့ ဆေးရုံတက်တာကို သွားမေးတော့ သူက “ရောဂါဆိုတာ စောစောစီးစီးသိရင် စောစောကုဖို့ ကောင်းတယ်”လို့ အကြံပေးလိုက်တယ်။

အဲဒါနဲ့ ဗဟိုစည်ဆေးရုံမှာ ခွဲစိတ်ဆရာဝန်ကြီး ဦးထွန်းဦးနဲ့ သွားပြပြီး ဘယ်ဘက်ရင်သားကို အသားစယူစစ်ဆေးမှု (Biopsy) ယူလိုက်တဲ့အခါ ကင်ဆာဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်”ဟု ဒေါ်ခင်ခင်ကြူက သူ၏ ကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းတဲ့အချိန်မှာ သွေးနီဥကျတာများတယ်။ အဲဒါနဲ့ သွေးနီဥတက်အောင်ဆိုပြီး ရဲယိုရွက်ကို စားခဲ့ပါတယ်။ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရေးတဲ့ စာအုပ်ထဲမှာ ရဲယိုရွက်စားရင် သွေးနီဥတက်တယ်လို့ သိရတာနဲ့ စားဖြစ်ခဲ့တာပါ။ ရဲယိုရွက်ကို ပြုတ်ပြီး တို့စရာအနေနဲ့လည်း စားတယ်၊ ငါးရံ့နဲ့ ရဲယိုရွက်ကို ချက်ပြီးလည်း စားပါတယ်. . .

ရင်သားတွင် အလုံးအကျိတ်လုံးဝမရှိသေးဘဲ ရင်သားဓာတ်မှန်ထဲတွင် စတင်တွေ့ရှိရသည့် အတွက် ကင်ဆာအဆင့် (၁) မှာပင် စောစီးစွာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၅ သြဂုတ်လတွင် ဘယ်ဘက်ရင်သားတစ်ခုလုံးကိုခွဲထုတ်ဖြစ်ခဲ့ကြောင်း ဒေါ်ခင်ခင်ကြူက ဆိုသည်။

“ကင်ဆာလို့ သိတော့လည်း အန်တီ အထူးအထွေ ဘာမှ မခံစားရပါဘူး။ ကင်ဆာဆိုတာ စောစောသိရင် ဘာမှမဖြစ်ဘူးဆိုတာကိုလည်း သိနေတယ်၊ တူမတစ်ယောက်ကလည်း ရင်သားကင်ဆာဖြစ်လို့ ခွဲထားသလို သူငယ်ချင်းတစ်ယောက်ကလည်းလွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ရင်သားကင်ဆာ အဆင့် (၂)ဖြစ်လို့ခွဲထုတ်ထားခဲ့တာ။ အဲဒီတော့ ကိုယ့်ရှေ့မှာ ရင်သားကင်ဆာဖြစ်ပြီး ကုသအောင်မြင်၊ အသက်ရှင်သူတွေရှိနေတဲ့အတွက် စိတ်ကဘာမှ မဖြစ်ဘူး၊ စိုးလည်း မစိုးရိမ်ဘူး၊ ကြောက်လည်း မကြောက်ခဲ့ဘူး”ဟု ဒေါ်ခင်ခင်ကြူက ပြောသည်။

ဒေါ်ခင်ခင်ကြူ၏ မိဘအပါအဝင် သက်ကြီး ဆွေမျိုးများတွင် ရင်သားကင်ဆာဖြစ်ပွားသူ မရှိခဲ့ဘဲ ဆွေမျိုးထဲ၌ တူမတစ်ဦးသာ ရင်သားကင်ဆာ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ကိုယ်အလေးချိန်များခြင်းနှင့် အပျိုကြီးဖြစ်ခြင်းတို့ကြောင့် ရင်သားကင်ဆာဖြစ်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မြင်ကြောင်း သူက ဆိုသည်။

“ခွဲပြီးတော့ ၂၀၁၅စက်တင်ဘာလက ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှာ ကင်ဆာဆေးသွင်းကုသမှုကို ပြုလုပ်ခဲ့ပါတယ်။ ခြောက်ကြိမ်စလုံး အခမဲ့ ဆေးသွင်းပေးခဲ့ပါတယ်။ ကင်ဆာဆေးသွင်းတော့ ဆံပင်တော့ ကျွတ်တယ်၊ ကျန်တဲ့ အစားအသောက်ပျက်တာ၊ အန်တာ၊ မူးတာ ဘာဆို ဘာမှကို မဖြစ်ခဲ့ဘူး။ အေးအေးဆေးဆေးကို ကျော်လွှားနိုင်ခဲ့ပါတယ်။

ကင်ဆာဆေးသွင်းတဲ့အချိန်မှာ သွေးနီဥကျတာများတယ်။ အဲဒါနဲ့ သွေးနီဥတက်အောင်ဆိုပြီး ရဲယိုရွက်ကိုစားခဲ့ပါတယ်။ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရေးတဲ့ စာအုပ်ထဲမှာ ရဲယိုရွက်စားရင် သွေးနီဥ တက်တယ်လို့သိရတာနဲ့ စားဖြစ်ခဲ့တာပါ။ ရဲယိုရွက်ကို ပြုတ်ပြီးတို့စရာအနေနဲ့လည်း စားတယ်၊ ငါးရံ့နဲ့ ရဲယိုရွက်ကို ချက်ပြီးလည်းစားပါတယ်”ဟု ဒေါ်ခင်ခင်ကြူက ကင်ဆာဆေးသွင်းမှုအတွေ့အကြုံကို ပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းကုသမှု ခံယူချိန်တွင် အစားအသောက်များကို အထူးတလည် ရှောင်ကြဉ်ခြင်း မပြုဘဲ အာဟာရမျှတသော အစားအသောက်များကို ပြည့်ဝစွာ စားဖြစ်ခဲ့ကြောင်း၊ ထို့ပြင် အန်ချင်စိတ်မဖြစ်ပေါ်စေရန် ဆေးဝါးကို ဆရာဝန်ညွှန်ကြားချက် အတိုင်းသောက်ဖြစ်ခဲ့ကြောင်း၊ ထိုနည်းလမ်းများဖြင့် ပင်ကင်ဆာဆေးသွင်းကုထုံးကို အေးဆေးစွာ ကျော်လွှားနိုင်ခဲ့သည်ဟု ဒေါ်ခင်ခင်ကြူက ဆိုသည်။

မိုးကုတ်ဆရာတော်ဘုရား ကြီးရဲ့တရားတွေကို အမြဲနာတယ်။ ခန္ဓာရှိရင်တော့ရောဂါ ရှိမှာပဲ . .ဆိုတာကို သဘော ပေါက်နားလည်ထားပါတယ်။ အဲဒီတော့တရားနဲ့ ဖြေတယ်။ လူတိုင်းဟာ အချိန်နဲ့အမျှသေလမ်းကိုပဲ သွားနေကြတာပဲလေ . . စောစောသေမလား၊ နောက်ကျမှသေမလား . . ဒါပဲကွာတယ်။ ဒီတရားသဘော တွေကို နားလည်ထားတဲ့အတွက် ဆောက်တည်ရာမရ မဖြစ်တော့ဘူး။

လူအများသည် ကင်ဆာဆိုသော အသံကြား သည်နှင့် ကြောက်ရွံ့စိတ်၊ ဝမ်းနည်းစိတ်၊ အားငယ်စိတ်တို့ ကြီးစိုးကာ စိတ်ဓာတ်ကျခြင်း၊ ငိုကြွေးခြင်းတို့ဖြင့် ဆောက်တည်ရာမရ ဖြစ်လေ့ရှိကြသော်လည်း ဒေါ်ခင်ခင်ကြူကမူ ကင်ဆာကို အပြုံးမပျက် အေးဆေးတည်ငြိမ်စွာ ကုသမှု ခံယူနိုင်ခဲ့သည်။ လူအများက “ဟိုနည်းနဲ့ ကုပါ့လား၊ ဒီနည်းနဲ့ကုပါ့လား” စသည့် အကြံပေးတိုက်တွန်းချက်မှန်သမျှကိုလည်း ငြင်းဆန်ကာ ခွဲစိတ်ဆရာဝန်ညွှန်ကြားချက်အတိုင်း ခွဲစိတ်ကုသပြီး ကင်ဆာဆေးသွင်းကုထုံးကို ခံယူခဲ့သူ ဖြစ်သည်။

“အန်တီက အရင်ကတည်းက တရားတွေကို အမြဲနာပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေကို အမြဲနာတယ်။ ခန္ဓာရှိရင်တော့ ရောဂါရှိမှာပဲ . . ဆိုတာကို သဘောပေါက်နားလည်ထားပါတယ်။ အဲဒီတော့ တရားနဲ့ဖြေတယ်။ လူတိုင်းဟာ အချိန်နဲ့အမျှ သေလမ်းကိုပဲသွားနေကြတာပဲလေ . . စောစောသေမလား၊ နောက်ကျမှ သေမလား . .ဒါပဲ ကွာတယ်။ ဒီတရားသဘောတွေကို နားလည်ထားတဲ့အတွက် ဆောက်တည်ရာမရမဖြစ်တော့ဘူး။

နောက်တစ်ချက်က ကိုယ့်ရှေ့မှာလည်း ဖြစ်ဖူးတဲ့ သူတွေ ကုသအောင်မြင်တာ တွေ့နေတယ်လေ။ မိတ်ဆွေတစ်ယောက်ဆို ၁၉၉၉ ခုနစ်ကတည်းက ရင်သားကင်ဆာ အဆင့် (၂)ကို ခွဲတာ အခုထက်ထိ အသက်ရှင်ကျန်းမာနေတုန်းပဲ။ ဒါကြောင့် ရင်သား ကင်ဆာက စောစောသိရင် ကြောက်ဖို့ မလိုပါဘူး။ စောစောသိလေကုသအောင်မြင်လေပဲ . . ဒီစိတ်နဲ့ပဲ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့ပါတယ်”

ဘယ်ဘက်ရင်သားခွဲထုတ်ထားသည့်အတွက် အပြင်သွားလာရာတွင် ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းက ပေးထားသည့် အထူးဘရာစီယာကို ဝတ်ပြီး အပေါ်မှ အဝတ်အစားဝတ်သဖြင့် သိသာမှု မရှိတော့ကြောင်း ဒေါ်ခင်ခင်ကြူက ပြောသည်။

၂၀၁၅ ဒီဇင်ဘာလတွင် ကင်ဆာဆေးသွင်းကုသမှု ပြီးဆုံးသွားခဲ့ရာ နောက်ဆက်တွဲကျန်းမာရေးစစ် ဆေးမှုများအဖြစ် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းသို့ နှစ်လတစ်ကြိမ် သွားပြပြီး ခွဲစိတ်ဆရာ ဝန်ကြီးနှင့် သုံးလတစ်ကြိမ် သွားပြကြောင်း သိရသည်။

“လောလောဆယ်မှာ အန်တီက ငါးနှစ်ဆေးဆက်သောက်နေရပါတယ်။ အဲဒီဆေးသောက်တော့လည်း ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်ပါဘူး။ အခုနောက်ပိုင်းမှာလည်း အန်တီက အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကိုပဲ စားသောက်နေပါတယ်” ဟု လက်ရှိကျန်းမာရေး စောင့်ရှောက်မှုပုံစံကို ပြော ပြခဲ့သည်။
ယခင်က ဓာတ်ပုံရိုက်ကူးသည့် အလုပ်ကို လုပ်ကိုင်ခဲ့သော အန်တီဒေါ်ခင်ခင်ကြူသည် ယခုအခါ ရန်ကုန်မြို့၊ ရေကျော်လမ်းမရှိ နေအိမ်မှာပင် အေးချမ်းစွာ နေထိုင်ရင်း တရားဘာဝနာများကို ပွားများလျက်ရှိပါသည်။ ကင်ဆာကုသအောင်မြင်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီး အသက် ၆၅နှစ်ရှိပြီဖြစ် သည့် ဒေါ်ခင်ခင်ကြူက အခြားကင်ဆာဝေဒနာရှင် များသို့-

“ကင်ဆာဖြစ်ရင် ဘာမှ မကြောက်ပါနဲ့၊ ရောဂါ ရှိရင် ဆေးရှိပါတယ်၊ ဆေးရှိရင် ပျောက်ပါတယ်။ တရားဘာဝနာပွားများရင် စိတ်တည်ငြိမ်အေးချမ်းစွာ ကျော်လွှားနိုင်ပါတယ်”ဟု သူ့အတွေ့အကြုံမှတစ်ဆင့် အားပေးစကားများ ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံကို အန်တီဒေါ်ခင်ခင်ကြူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top