Healthy Life Ad
Life Style

အလိုလိုနေရင်း မျက်စိပြူးထွက်လာခြင်း

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ မျက်စိက အလိုလိုနေရင်း ပြူးထွက်လာတာက ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။
ဖြေ။ ။ မျက်ဆန် (Eyeball)က မျက်လုံးအိမ် (Socket) ထဲမှာရှိနေရမယ်။ အကြောင်းတစ်ခုခုကြောင့် Orbital Wall ပေါ်မှာ တစ်ခုခုဖြစ်လာပြီဆိုရင် မျက်စိကိုတွန်းထုတ်တာကြောင် မျက်စိကရှေ့ကို ပြူးထွက်လာတတ်တယ်။ ဒီလို မျက်စိက ပုံမှန်အတိုင်းမဟုတ်ဘဲ မျက်စိပြူးလာတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။

ပထမအကြောင်းရင်းတစ်ခုက မျက်လုံးအိမ်ရဲ့ နောက်မှာ အကျိတ် (Tumor) ရှိတာကြောင့်ပါ။ မျက်လုံးအိမ်ရဲ့ နောက်မှာ အကျိတ်ရှိနေရင် ရှေ့ကို တွန်းထုတ်လိုက်ပါတယ်။ ဒါကို ဆေးပညာအရ Axial Proptosis လို့ ခေါ်ပါတယ်။
ဒုတိယအချက်က သိုင်းရွိုက်ရောဂါကြောင့် လည်ပင်းကြီးတဲ့သူတွေမှာလည်း Orbital ထဲမှာရှိတဲ့ ကြွက်သား (Muscle)နဲ့ အဆီ (Fats)တွေက Immune Mechanism ကြောင့် ရောင်ရမ်းတာတွေ ဖြစ်လာတယ်။ အဲဒီအခါ မျက်ဆန်ကိုတွန်းလိုက်တာကြောင့် မျက်စိကရှေ့ကို ပြူးထွက်လာတတ်ပါတယ်။

ဆေးပညာမှာဖြစ်တဲ့ အကြောင်းရင်းကို ကုသတာနဲ့ လက္ခဏာကိုကုသတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဓိကကတော့ ဖြစ်တဲ့အကြောင်းရင်းကို ကုသပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို ကုသနေစဉ်မှာ လက္ခဏာကို သက်သာအောင် ကုသမှုပေးတာမျိုးလည်း ရှိပါတယ်။ မျက်စိက ပြူးလာတော့ လေနဲ့အမြဲထိတွေ့နေရပြီး မျက်စိက နီရဲနေတတ်ပါတယ်။ အဲဒီအခါ မျက်စိ နီရဲတာသက်သာအောင် ဆေးပေးရပါတယ်။ တစ်ပြိုင်တည်းမှာပဲ . . .

မေး။ ။ ဒီလိုမျက်စိပြူးထွက်နေပြီဆိုရင် သက်သာအောင် ဘယ်လိုကုသပေးနိုင်ပါသလဲဆရာ။
ဖြေ။ ။ ဆေးပညာမှာဖြစ်တဲ့ အကြောင်းရင်းကို ကုသတာနဲ့ လက္ခဏာကို ကုသတာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဓိကကတော့ ဖြစ်တဲ့ အကြောင်းရင်းကို ကုသပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို ကုသနေစဉ်မှာ လက္ခဏာကို သက်သာအောင် ကုသမှု ပေးတာမျိုးလည်း ရှိပါတယ်။
မျက်စိက ပြူးလာတော့ လေနဲ့ အမြဲ ထိတွေ့ နေရပြီး မျက်စိက နီရဲနေတတ်ပါတယ်။ အဲဒီအခါ မျက်စိနီရဲတာ သက်သာအောင် ဆေးပေးရပါတယ်။ တစ်ပြိုင်တည်းမှာပဲ မျက်စိပြူးရတဲ့ အကြောင်းက ဘာလဲဆိုတာ သိအောင်ရှာပြီး ကုသရပါတယ်။

မေး။ ။ ဘယ်လိုအသက်အရွယ်တွေက သိုင်းရွိုက်ရောဂါကြောင့် မျက်စိပြူးလာတတ်ပါသလဲ ဆရာ။
ဖြေ။ ။ အများအားဖြင့်တော့ အသက် ၃၀-၄၀ ကျော် အရွယ်အမျိုးသမီးမှာ မျက်စိကပြူးလာရင်တော့ သိုင်းရွိုက်ရောဂါလို့ ဆရာတို့က ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဟုတ်၊ မဟုတ်စစ်ဆေးပြီး သိုင်းရွိုက်ရောဂါ ဖြစ်ခဲ့ရင် သိုင်းရွိုက်ရောဂါကို ကုသဖို့ သက်ဆိုင်ရာ ဆရာဝန်ထံ လွှဲလေ့ရှိပါတယ်။

မေး။ ။ သိုင်းရွိုက်ရောဂါကြောင့် မဟုတ်ဘဲ အကျိတ်ကြောင့် မျက်စိပြူးနေရင်ဘာဆက်လုပ်ပါသလဲ ဆရာ။
ဖြေ။ ။ သိုင်းရွိုက်ရောဂါကြောင့် မဟုတ်ဘဲ မျက်စိမှာ အကျိတ်တစ်ခုခု (Tumor) ကြောင့် မျက်စိပြူးတာ ဆိုရင် အဲဒီအကျိတ်ကို ထုတ်ပေးရပါတယ်။

မေး။ ။ သိုင်းရွိုက်ရောဂါကြောင့် မျက်စိပြူးနေတယ် ဆိုရင် သိုင်းရွိုက်ရောဂါကို ကုသပြီးချိန်မှာ မျက်စိက ပုံမှန်ပြန်ဖြစ်သွားနိုင်ပါသလားဆရာ။
ဖြေ။ ။ Orbital ထဲမှာရှိတဲ့ ကြွက်သားနဲ့ အဆီတွေက ရောင်ရမ်းလို့ မျက်စိက ပြူးထွက်နေတာဆိုရင်တော့ ဆေးကုသလိုက်လို့ ရောင်တာကျသွားရင် မျက်စိက ပုံမှန်ပြန်ဖြစ်သွားမှာပါ။

မေး။ ။ မျက်စိပြူးထွက်တာက ဘယ်လိုအကျိတ်တွေကြောင့် ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အကျိတ် အမျိုးအစားက အမျိုးမျိုးပါပဲ။ Orbit ထဲမှာဖြစ်နေတဲ့ အကျိတ်တွေကြောင့် မျက်စိပြူး ထွက်တတ်သလို မျက်လုံးအိမ်ထဲမှာ ဖြစ်နေတဲ့ Intraocular Tumor အကျိတ်တွေကြောင့်လည်း မျက်စိပြူးထွက်တတ်ပါတယ်။ Orbit ထဲမှာဆိုရင် အရိုး၊ ကြွက်သား၊ သွေးကြော၊ နာ့ဗ်ကြောတွေရှိပါတယ်။ ဒီအရာလေးခုစလုံးမှာ အကျိတ်တွေထွက် နိုင်ပါတယ်။

မေး။ ။ ဒီအကျိတ်တွေကို ခွဲစိတ်တဲ့အပိုင်းက မျက်စိဆရာဝန်တွေ လုပ်ဆောင်တဲ့ အပိုင်းလားဆရာ။
ဖြေ။ ။ ခွဲစိတ်တဲ့ အပိုင်းက နှစ်ပိုင်းရှိပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေက ခွဲစိတ်ကုသသလို ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်တွေကလည်း ခွဲစိတ်ကုသမှုပေးပါတယ်။ ဒီအကျိတ်တွေ ဖြစ်တဲ့အပိုင်းတွေက မျက်စိနဲ့ဆိုင်သလို ဦးနှောက်၊ အာရုံကြောတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ တချို့အကျိတ်တွေကို ခွဲစိတ်ကုသတဲ့အခါမှာ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ တွဲကုရတာမျိုးလည်း ရှိပါတယ်။ ဆေးပညာက ကျယ်ပြန့်တော့ တစ်ဦးတည်း ကုသတာထက် အားလုံးစုပေါင်းတိုင်ပင်ပြီး ကုသတာက လူနာအတွက် ပိုပြီး အကျိုးကျေးဇူးများတယ်လို့ ဆရာမြင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top