Healthy Life Ad
Child

သားလေးရဲ့ဝှေးစေ့ကို တခြားတစ်စုံတစ်ယောက် လာထိတဲ့အခါ . .

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေး ဆရာဝန်ကြီး-အငြိမ်းစား)

မေး ။ ။ မနေ့က ကျွန်မအလုပ်ကနေ အိမ်ပြန်လာတော့ ကျွန်မရဲ့ ခုနစ်နှစ်အရွယ်သားလေးက ပြောပါတယ်။ ဒီနေ့အိမ်ကို ဖေဖေ့သူငယ်ချင်းတစ်ယောက်လာလည်တယ်။ သူက သားကိုစနောက်ပြီး သားဝှေးစေ့ကိုလာညှစ်တယ်။ ပထမတစ်ခါကမနာပါဘူး။ နောက်တစ်ခါ ကျတော့နာတယ်မေမေ။ ဒါနဲ့သားလည်းကြောက်ပြီး သူမပြန်မချင်း ဝှေးစေ့ကိုလက်နဲ့အုပ်ထားရတယ်…..တဲ့။ ကျွန်မတော်တော် စိတ်ဆိုးမိပါတယ်။ ကလေးအဖေ ကိုပြောပြတော့ သူ့သူငယ်ချင်းကစတာပါကွာ။

သူကဒီလိုစနောက်တတ်တဲ့ အကျင့်ရှိလို့ပါဆိုပြီး ခပ်လွယ် လွယ်ပဲဖြေပါတယ်။ ဒါပေမဲ့ဒါက ဒီအတိုင်းထားသင့်တဲ့ အရာမဟုတ်ဘူးလို့ ကျွန်မထင်နေလို့ပါ။ ဒီလိုမျိုးသား လေးရဲ့ ဝှေးစေ့ကို သူစိမ်းတစ်ယောက်လာကိုင်တာ ကဖြစ်သင့်တဲ့ကိစ္စလား၊ သားကို သူ့လိင်အင်္ဂါကိုတခြား သူမထိတွေ့အောင် ဘယ်လိုသင်ပေးထားသင့်သလဲ၊ သားမွေးထားပေမယ့် ဒါကကလေးမှာ စိတ်ဒဏ်ရာဖြစ်မှာလား .. . . ကျွန်မသိချင်လို့ပါ။ ကျွန်မကမိခင်လည်းဖြစ်ပြီး အစိုးရိမ်လွန်လို့လားမသိပေမယ့် ကျွန်မစိတ်ထဲစနိုးစနောင့်ဖြစ်နေလို့ ဒီအခြေအနေကိုဘယ်လိုကိုင် တွယ်ရမလဲဆိုတာကျေးဇူးပြုပြီး ဖြေပေးပါလားဆရာ။

မေသွယ်ဖြိုး၊ တာမွေ။

ဖြေ ။ ။ လူစိမ်းကဖြစ်စေ၊ ဆွေမျိုးသားချင်းထဲကဖြစ်စေ ကလေးတွေကို ကိုင်တွယ်ထိတွေ့မှုသုံးမျိုးခွဲခြားထားပါတယ်။ လက်ဝါးချင်းထိပြီး နှုတ်ဆက်တာ၊ ပခုံးပုတ်တာမျိုးက အပြစ်ကင်းတဲ့ ကိုင်တွယ်ထိတွေ့မှုဖြစ်ပါတယ်။ လက်နဲ့ရိုက်၊ ခြေထောက်နဲ့ကန်တာမျိုးက အကြမ်းဖက်တဲ့မကောင်းတဲ့ကိုင်တွယ်ထိတွေ့မှုမျိုး ဖြစ်ပါတယ်။

ဖိုမသဘာဝနဲ့ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကိုင်တွယ်ထိတွေ့ရင်တော့ မတော်တရော် ကိုင်တွယ်ထိတွေ့ခြင်းလို့ သတ်မှတ်ပါတယ်။ အဲဒီလိုကိုင်တွယ်ထိတွေ့သူက သူ့အပြုအမူကို လျှို့ဝှက်ထားဖို့ကလေးကို တိုက်တွန်းတတ်ပါတယ်။ ကလေးသူငယ်ကို မတော်တရော်ကိုင်တွယ် ထိတွေ့တတ်သူ ဟာ…..ကလေးသူငယ်ကို လိင်ဆန္ဒရှိသူ….. (Paedophile) ဖြစ်နိုင်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

ကလေးသူငယ်ကို လိင်ဆန္ဒရှိသူဟာ … ချို ပေါက် …သူမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ထဲမှာ … သူလိုငါလိုလူမျိုး…သာဖြစ်ပါတယ်။ မတော်တရော်ကိုင်တွယ်ထိတွေ့ခံရ၊ ကာမဂုဏ်ကျူးလွန်တာခံရတဲ့ကလေးသူငယ်တွေထဲမှာ ၃၀ ရာခိုင်နှုန်းဟာ မိသားစုဝင် အိမ်သားတစ်ဦးဦးကြောင့်ဒဏ်ခံရတာပါ။

၆၀ ရာခိုင်နှုန်းကတော့ ကလေးသူငယ် သိကျွမ်းတဲ့ အိမ်နီးနားချင်း၊ မိဘရဲ့မိတ်ဆွေသူငယ်ချင်း၊ ကျောင်းဆရာ၊ အားကစားနည်းပြဆရာ၊ ဓမ္မဆရာစတဲ့ ကလေးသူငယ်အပေါ် လွှမ်းမိုးမှုရှိသူတွေရဲ့ ဓားစာခံ ဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းသာ သူစိမ်းတစ်ဦးဦးက ကျူးကျော်စော်ကားတာကိုခံရကြောင်းသိရပါတယ်။

ဒါကြောင့် မိမိရဲ့ သားသမီးနဲ့ ထိတွေ့ဆက်ဆံနေသူဟာ ကလေးသူငယ်ကို လိင်ဆန္ဒရှိသူဟုတ်မဟုတ် စူးစမ်းလေ့လာသင့်ပါတယ်။ ဘယ်လိုသိရှိနိုင်သလဲ။ ကလေးသူငယ်ကို လိင်ဆန္ဒရှိသူတွေပြုမူလေ့ရှိတဲ့ သွင်ပြင်လက္ခဏာတချို့ကတော့-

– ရွယ်တူ မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံမယ့် အစား ကလေးသူငယ်တွေနဲ့ ပိုမိုရောနှောပေါင်း သင်းလိုခြင်း၊

– မိဘက တားမြစ်ထားတဲ့ အခွင့်အရေးတွေကို အဲဒီသူက လိုက်လျောခြင်း၊

– ကလေးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း၊ ပုံသဏ္ဍာန်ကို ရယ်စရာပျက်လုံးထုတ်ပြောတတ်ခြင်း၊ ဖိုမသဘာဝအဓိပ္ပာယ်သက်ရောက်တဲ့ ဝေါဟာရကိုသုံးစွဲခြင်း၊

– ကလေးသူငယ်ရဲ့ အမြင်မတော်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုစတာတွေကို စုဆောင်းတတ်ခြင်း၊

– သူတို့ စိတ်ဝင်စားတဲ့ကလေး၊ ပစ်မှတ်ထားတဲ့ ကလေးသူငယ်ကို ဦးစားပေးဂရုစိုက်ခြင်း၊ မျက်နှာသာပေးခြင်း၊ အခွင့်အရေးပေးခြင်း၊ လက်ဆောင်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။

– မိဘအုပ်ထိန်းသူတွေဟာ မိမိတို့ရဲ့သားသမီးကို Paedophile တွေရဲ့ ဘေးအန္တရာယ်မှ ကာကွယ်aပးဖို့လိုပါတယ်။ ပြုလုပ်ဆောင်ရွက်နိုင်တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

– မိမိရဲ့ သားသမီးကို မတော်တရော် ကိုင်တွယ် ထိတွေ့ခြင်း၊ ကာယိန္ဒြေစော်ကားခြင်းနဲ့ ပတ် သက်ပြီး ပညာပေးပါ၊ သတိပေးပါ။

– ဒီကိစ္စနဲ့ပတ်သက်ပြီး သားသမီးက ပွင့်ပွင့်လင်း လင်း ပြောဆိုဝံ့အောင်အားပေးပါ။

– မတော်တရော်ကိုင်တွယ်ထိတွေ့လာသူကို … ဒီလိုမလုပ်နဲ့ …၊ … ကျွန်တော်/ကျွန်မ မကြိုက်ဘူး… လို့ ပြောဆိုရဲအောင် သင်ကြားပေးပါ။

– မိမိသားသမီးနဲ့ ထိတွေ့ဆက်ဆံမှုရှိသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကိုသိရှိအောင်ကြိုးစားပါ။

အထက်မှာဖော်ပြခဲ့တဲ့ အပြုအမူမျိုး အဲဒီသူမှာ ရှိ၊ မရှိလေ့လာပါ။ မသင်္ကာစရာ အချက်အလက် အထောက်အထားတွေကိုတွေ့ရှိရရင် အဲဒီသူနဲ့အဆက်အသွယ်ဖြတ်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top