Healthy Life Ad
Local

မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်နှင့် ရေကျောက်ရောဂါဖြစ်ပွားသူတို့ ထိတွေ့မိပါက သန္ဓေသားတွင် မွေးကင်းစ ရေကျောက် ဖြစ်နိုင်ကြောင်းသိရ

၊ အေးမို့မို့ဇော် ၊

မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်နှင့် ရေကျောက်ရောဂါဖြစ်ပွားသူတို့ ထိတွေ့မိပါက သန္ဓေသားတွင် မွေးကင်းစရေကျောက်ဖြစ်နိုင်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာရဲမြင့်ကျော်၏ ပြောပြချက်အရသိရသည်။

ရေကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုးဝင်ပါက နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ဖြစ်ပွားကာ ကိုယ်ခန္ဓာတွင် အနီစက်များ၊ အနီဖုများထွက်လာပြီးနောက် အရည် ကြည်ဖုများဖြစ်လာကြောင်း သိရသည်။ ထို့နောက် ယင်းအရည်ကြည်ဖုများသည် တစ်ဖြည်းဖြည်း အရောင်နောက်လာပြီး အရည်ကြည်ဖုမှာ ပေါက်သွားကာ အနာဖေးဖြစ်၍ နောက်ပိုင်းတွင် အမည်းရောင် အနာဖေးများဖြစ်လာကြောင်း သိရသည်။

ထိုအနာဖေးများသည် ကိုယ်ခန္ဓာ၏အလယ်ပိုင်းဖြစ်သော ရင်ဘတ်၊ ကျော၊ ဗိုက်တို့တွင်ဖြစ်ပွား တတ်ကြောင်းနှင့် ထိုကဲ့သို့ဖြစ်ပါက ရက်သတ္တပတ် ခန့်ကြာကြောင်းပါမောက္ခဒေါက်တာ ရဲမြင့်ကျော်က ဆိုသည်။

“ရေကျောက်က အရမ်းကြီးကြောက်စရာ ကောင်းတဲ့ရောဂါထဲမှာမပါဘူး။ ဆရာတို့ကဘယ် အချိန်မှာကြောက်တာလဲဆိုတော့ အဲ့ဒီရေကျောက် ဖြစ်နေတဲ့ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် အထူးသဖြင့် မွေးခါနီးဖွားခါနီးသန္ဓေသားရင့်နေတဲ့ အချိန် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ကိုကူးစက် လိုက်ရင် အဲ့ဒီမိခင်မွေးလာတဲ့သန္ဓေသားမှာ မွေးကင်းစရေ ကျောက်ဆိုတာဖြစ်တတ်တယ်။ မွေးကင်း စရေကျောက်ကပြင်းထန်တယ်။ မွေးကင်းစရေ ကျောက်က အမာရွတ်တွေ ကျန်ခဲ့တတ်တယ်။ အဲ့ဒီ အမာရွတ်တွေက ခြေတွေ၊ လက်တွေလှုပ်ရှားတဲ့ နေရာမှာအနှောက်အယှက်ဖြစ်လောက်အောင်အထိ ဆိုးဆိုးရွားရွားဖြစ်တတ်တယ်။ ဒါ့ကြောင့်ဆရာတို့ ကကြောက်တာ။ မဖြစ်အောင်နေလို့ရတယ်ဆိုတော့။ဖြစ်တဲ့သူနဲ့ထိ တွေ့မှုမရှိရင်မဖြစ်တော့ဘူး”ဟု ပါမောက္ခဒေါက်တာရဲမြင့်ကျော်က ပြောကြားသည်။

ရေကျောက်ရောဂါပိုးသည် ဖျားပြီးပြင်းထန်သည့်အချိန်အတွင်းတွင် ကလေးအသက်အန္တရာယ် မစိုးရိမ်ရကြောင်းနှင့် ရက်ပိုင်းအတွင်းပျောက်ကင်းနိုင်ကြောင်းလည်းသိရသည်။

ရေကျောက်ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို ကလေးအသက် ၁နှစ်ကျော်တွင် စတင်ထိုးနှံပေးနိုင်ပြီး တစ်ကြိမ်ထိုးရုံဖြင့်ကာကွယ်နိုင်ကြောင်း သိရသည်။ သို့သော် ရေကျောက်ရောဂါကာကွယ်ဆေး သည်နိုင်ငံတော်အစိုးရမှ ထိုးနှံပေးသည့်ကာကွယ် ဆေးတွင်မပါဝင်သေးသဖြင့် ပြင်ပတွင်ဝယ်ယူနိုင် သော်လည်း ပြင်ပဈေးကွက်တွင် ဆေးမှာရှားပါး ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top