Healthy Life Ad
Life Style

အပေါင်းလက္ခဏာမျက်မှန်ပါဝါရှိုခြင်း(Hypermetropia)

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ အပေါင်းလက္ခဏာ မျက်မှန်ပါဝါအကြောင်း သိပါရစေဆရာ။
ဖြေ။ ။ အပေါင်းလက္ခဏာမျက်မှန်ပါဝါရှိတာကို Hyperopia ဒါမှမဟုတ် Hypermetropia လို့ခေါ်ပါတယ်။ လူအတော်များများ အယူအဆမှားနေကြတာက အဝေးမှုန်ရင်အနုတ်လက္ခဏာ၊ အနီးမှုန်ရင် အပေါင်းလက္ခဏာစသဖြင့် ထင်ကြပါတယ်။ ဒါက မဟုတ်ပါဘူး။

ပထမဆုံးကြည့်လိုက်ရင် Metro Meter ဆိုတာ တိုင်းတာတာ (Meter)၊ Opia ဆိုတာ မျက်လုံး၊ Em ဆိုတာ ပုံမှန် (Normal) ဆိုတော့ Emmetropia ဆိုရင် Axial Length က ပုံမှန်ပဲလို့ အဓိပ္ပာယ် ရပါတယ်။ Myopia က ပုံမှန်ထက် Axial Length က ပိုရှည်တာကို ဆိုလိုပြီး Hypermetropia ကျတော့ ပုံမှန်ထက် Axial Length က ပိုတိုတာ ကိုဆိုလိုတာ ဖြစ်ပါတယ်။

မျက်လုံးတစ်လုံးရဲ့ ပါဝါက +60 .0 Diopter ရှိပါတယ်။ အဲဒီအထဲမှာမှမျက်ကြည်လွှာက +40 ရှိပြီး Lens က +20 ရှိပါတယ်။ Axial Length က ပုံမှန်ဆိုရင် မြန်မာလူမျိုးအတွက် 22-23 mm ရှိပါတယ်။ အဲဒီထက်ပိုပြီး ရှည်သွားရင် ပုံမှန်အတိုင်း မမြင်ရတဲ့အတွက် မျက်စိရှေ့ကနေ Concave Lens (မှန်ဘီလူးခွက်) အနုတ်လက္ခဏာပါဝါတစ်ခု တပ်လိုက်ရင် ပုံမှန်အတိုင်း မြင်ရသွားပါတယ်။ တကယ်လို့ Axial Length က တိုနေရင် ပုံမှန်အတိုင်းမြင်ရဖို့အတွက် ရှေ့မှာ Convex Lens (မှန်ဘီလူးခုံး) အပေါင်းလက္ခဏာပါဝါတပ်ပေးရပါတယ်။

ကလေးတွေမှာ မျက်စိတစ်ဖက်ကမှုန်ပြီး တစ်ဖက်က မြင်တယ်ဆိုရင် မြင်တဲ့ တစ်ဖက်နဲ့ပဲ ကြည့်တော့ မြင်တဲ့ မျက်လုံးက လွှမ်းမိုးမှု (Dominant) ရှိပြီး မှုန်တဲ့တစ်ဖက်က မသုံးတော့တဲ့အတွက် အလိုလိုနေရင်း Supression ဖြစ်သွားပါတယ်။ အဲဒီအခါ Lazy Eye ဖြစ်တာက ပိုများပါတယ်။ ရှစ်နှစ်သား မတိုင်ခင်မှာ . . .

မေး။ ။ အဝေးမှုန်တဲ့သူဆိုရင် အနုတ်လက္ခဏာပါဝါရော အပေါင်းလက္ခဏာပါဝါပါ ဖြစ်နိုင်ပါသလား ဆရာ။
ဖြေ။ ။ မျက်ဆန်(Eyeball)တိုရင် မျက်ဆန်က မျက်စိ အာရုံခံလွှာပေါ်မှာ မကျရောက်နိုင်ဘူး၊ အဲဒီလို မကျ ရောက်နိုင်ဘူးဆိုရင် အဝေးကြည့်လည်းဝါးမှာပဲ၊ အနီးကြည့်လည်း ဝါးမှာပဲ။ ဒါကြောင့် အဝေးမှုန်တဲ့ သူတစ်ယောက်က အပေါင်းလက္ခဏာလည်း ဖြစ်နိုင်သလို အနုတ်လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးအများစုက အဝေးမှုန်တဲ့အတွက်ကြောင့် အဝေးမှုန်ရင် အနုတ်လက္ခဏာဆိုပြီး အလွယ်ယူဆလိုက်ကြတာ ဖြစ်ပါတယ်။

မေး။ ။ အသက်၄၀ကျော်လာရင် အနီးမှုန် ဝင်လာတတ်တယ်လို့ လူအများစုက ပြောကြပါတယ် ဆရာ။ ဒါနဲ့ ပတ်သက်ပြီး သိပါရစေ ဆရာ။
ဖြေ။ ။ အသက် ၄၀ ကျော်လာပြီဆိုရင် Presbyopia လို့ခေါ်တဲ့ အနီးမှုန်ဝင်လာပါတယ်။ Presbyopia အနီးမှုန်လာတဲ့ အတွက် မျက်မှန်ကို အပေါင်းလက္ခဏာ ပေးရပါတယ်။ ဒီတော့ အဝေးဆိုရင် အနုတ်၊ အနီးဆိုရင် အပေါင်းဆိုပြီး အလွယ်မှတ်လိုက်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အဝေးမှုန်တာက အနုတ် လက္ခဏာလည်းဖြစ်နိုင်သလို အပေါင်းလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

သာမန်လူတွေ သိနိုင်ဖို့အလွယ်ပြောရရင် အဝေးကိုမှုန်ပြီးအနီးကို မြင်ရရင်အနုတ်လက္ခဏာ မျက်မှန်ပေးရပါတယ်။ အဝေးလည်းမှုန်ပြီး အနီးလည်း မှုန်တယ်ဆိုရင်တော့ အပေါင်းလက္ခဏာ မျက်မှန်ပေးရပါတယ်။ အဝေးကို ကောင်းကောင်းမြင်ရပြီး အနီးကို မှုန်တယ်ဆိုရင် အထူးသဖြင့် အသက် ၄၀ ကျော်ရင်တော့ အပေါင်းလက္ခဏာ မျက်မှန်ပေးရပါတယ်။

မေး။ ။ ကလေးတွေမှာ အနီးမှုန်တာမျိုးရော ဖြစ်တတ်ပါသလား ဆရာ။
ဖြေ။ ။ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အနီးမမြင်ရရင် ပိုပြီးသနားဖို့ ကောင်းပါတယ်။ ကလေးတွေမှာ အဝေးရော အနီးပါ မှုန်တယ်ဆိုရင် အမြင်အာရုံလှုံ့ဆော်မှု (Visual Stimulus) မရတော့ပါဘူး။ အဲဒီအခါ ပျင်းတွဲမျက်စိ (Lazy Eye) ဖြစ်သွားတတ်ပါတယ်။ ဒီလို ကလေးတွေကိုလည်း မျက်မှန်ပဲ ပေးရပါတယ်။

မေး။ ။ ကလေးတွေမှာ မျက်စိတစ်ဖက်ပဲ မှုန်ပြီး တစ်ဖက်ပဲမြင်ရရင်ကော ဘယ်လိုဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေမှာ မျက်စိတစ်ဖက်က မှုန်ပြီး တစ်ဖက်က မြင်တယ်ဆိုရင် မြင်တဲ့ တစ်ဖက်နဲ့ပဲ ကြည့်တော့ မြင်တဲ့ မျက်လုံးက လွှမ်းမိုးမှု (Dominant) ရှိပြီး မှုန်တဲ့တစ်ဖက်က မသုံးတော့တဲ့အတွက် အလိုလိုနေရင်း Supression ဖြစ်သွားပါတယ်။ အဲဒီအခါ Lazy Eye ဖြစ်တာက ပိုများပါတယ်။ ရှစ်နှစ်သား မတိုင်ခင်မှာ မျက်စိမှုန်တာကို သိလို့ အမြင်အာရုံလှုံ့ဆော်မှုကို ကောင်းအောင် လုပ်နိုင်တယ်ဆိုရင် ပျင်း တွဲမျက်စိမဖြစ်တော့ပါဘူး။ ရှစ်နှစ်သားကျော်သွားရင်တော့ အမြင်အာရုံလှုံ့ဆော်မှုကောင်းအောင် ပြုပြင်လို့ မရတော့ပါဘူး။

မေး။ ။ အပေါင်းလက္ခဏာ ပါဝါရှိတာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။ အရပ်ပုလွန်းတာက ရောဂါမဟုတ်သလို အရပ်ရှည်ရှည် လန်ဘားကြီးကလည်း ရောဂါမဟုတ်ပါဘူး။ Metropia မျက်စိမှုန်တာသက်သာအောင် မှန်ဘီလူးခုံးပါတဲ့ မျက်မှန် တပ်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top