Healthy Life Ad
Life Style

နန်းခင်ဇေယျာ၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေး ပြောပြပေးပါဦး။
ပုံမှန်ဆိုရင်တော့ ညအိပ်ရာဝင်တာနဲ့ မိတ်ကပ်တွေသေချာဖျက်တယ်။ Night Cream လိမ်းတယ်။ Lotion လိမ်းတယ်။ Lotion လေး သေချာလိမ်းပြီးတော့ အိပ်တယ်ပေါ့နော်။ အခုကျတော့ အသားအရေ အရမ်းခြောက်တော့ သံလွင်ဆီလိမ်းဖြစ်နေပါတယ်။

– ခန္ဓာကိုယ်နဲ ့ အသားအရေလှပအောင် ဘယ်လိုမျိုးနေထိုင်စားသောက်ဖြစ်သလဲ။
နေပူဒဏ်ကို အဓိကရှောင်တယ်။ လမ်းလျှောက်ဖြစ်ပါတယ်။ အဆီအအိမ့်တွေအများကြီး မစားဘူး။ ရေများများသောက်တယ်။ ရေကိုသတိထားပြီး သတိရတိုင်းသောက်ဖြစ်တယ်။ အသီးအရွက်နဲ့ အသီးအနှံတွေများများစားဖြစ်ပါတယ်။ အချိုမှုန့်တွေပါတဲ့ အစားအသောက်ကို တတ်နိုင်သလောက် လျှော့စားပါတယ်။

– နန်းခင်ရဲ့ အိပ်ချိန်တွေကို ဘယ်လိုအရာတွေက ခိုးယူလေ့ရှိသလဲ။
အိပ်ချိန်ကိုတော့ ဂရုတစိုက်အိပ်ဖြစ်ပါတယ်။ ည ၁၁ နာရီကနေ မနက် ၇ နာရီအထိအိပ်တယ်။ အိပ်ရေးပျက်တာကလည်း အသားအရေကို ထိခိုက်စေတယ်။ ဝက်ခြံတွေလည်း ထွက်တတ်တော့လေ အိပ်ရေးဝအောင် သေချာအိပ်ဖြစ်ပါတယ်။

– အခုခေတ်မှာ အလှအပနဲ့ပတ်သက်ပြီး ခွဲစိတ်မှုတွေလုပ်ကြတယ်။ နန်းခင်ရောစိတ်ဝင်စားလား။
အခုနောက်ပိုင်းမှာ ခွဲစိတ်မှုက အရမ်းကြီးကိုရေပန်းစားလာတယ်။ မင်းသားမင်းသမီး တော်တော်များများဆိုလည်း ခွဲစိတ်တာထက် ဆေးထိုးတာတွေ ပိုလုပ်လာကြတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်နဲ့အညီဖြစ်လာတာပေါ့။ အရင်က ခွဲစိတ်တာကို ရှက်တတ်၊ ကြောက်တတ်ကြတယ်။ ခိုးပြီးလုပ်ရတယ်။ ခွဲစိတ်တာကို မကြိုက်ကြဘူးလေ။ တချို့က ခွဲစိတ်တာကို လုပ်ချင်ကြတော့ ခိုးပြီးလုပ်တာတွေလည်းရှိတယ်။ အခုခေတ်ကတော့ လူတိုင်းဘယ်သူမဆို နှာခေါင်းပြင်တယ်၊ ဆီလီကွန်ထည့်တယ်ဆိုလည်း ပြောကြတာပဲ။ ပွင့်ပွင့်လင်းလင်းပေါ့နော်။ နန်းခင်ကတော့ စိတ်ဝင်စားတယ်၊ လုပ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆွေးနွေးဖြစ်မယ်ထင်ပါတယ်။

– ကျန်းမာရေးနဲ့ ညီညွတ်အောင်စားဖြစ်တာမျိုးရောရှိလား။
ရှိပါတယ်။ နန်းခင် အဆီအအိမ့်တွေ၊ အဆီဖြစ်စေတာတွေကို တတ်နိုင်သလောက်မစားဘဲနေတယ်။ အချိုမှုန့်တွေရောပေါ့နော်။ အသီးအရွက်ကြော်တို့၊ အသီးအနှံတို့ များများစားဖြစ်တယ်။ အငန်လည်း လျှော့စားပါတယ်။

– အိမ်မှာချက်တဲ့ အစားအစာနဲ့ အပြင်စာ ဘယ်ဟာကိုပိုကြိုက်ပါသလဲ။
နန်းခင်တို့မှာ အိမ်မှာစားဖြစ်တယ်ဆိုတာမျိုးက ရှားတယ်လေနော်။ ဘာပဲဖြစ်ဖြစ် အိမ်မှာချက်စားတာမျိုးကိုတော့ ကြိုက်တာပေါ့။ ဒါပေမဲ့ ရှုတင်တွေသွားရတဲ့အခါ၊ နယ်တွေထွက်ရတဲ့ အခါကျတော့ ရှုတင်ထမင်းပဲ စားရတာများတယ်။

– အခုလတ်တလော ပရဟိတအနေနဲ့ရော ဘာတွေလုပ်ဆောင်ဖြစ်နေသလဲ။
မင်္ဂလာဒုံစစ်ဆေးရုံမှာ ခြေလက်ကျိုးနေတဲ့ စစ်သားတွေအတွက် Miss Myanmar Charity အဖွဲ့အနေနဲ့ ငွေကျပ် ၃ သိန်းလှူဒါန်းခဲ့ပါတယ်။

– ပရိသတ်အတွက် ကျန်းမာရေးစကား လက်ဆောင်ပြောပေးပါဦး။
ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆီတွေလျှော့စားပါ။ အချိုမှုန့်နဲ့ အဆီအအိမ့်တွေရော တတ်နိုင်သမျှလျှော့စားပါ။ ပရိသတ်တွေ ကျန်းမာရေးဂရုစိုက်ကြပါ။ ကျန်းမာမှ ဘာမဆိုလုပ်နိုင်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top