Healthy Life Ad
Child

ဖိစီးမှုများလွန်းတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျရမလဲ …

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ကြောက်စိတ်၊ စိုးရိမ်ပူပင်စိတ်မှာ အပိုင်းလေးပိုင်းရှိပါတယ်။ စိတ်ခံစားမှုပိုင်း၊ အတွေးအခေါ်ပိုင်း၊ ခန္ဓာကိုယ်လက္ခဏာပိုင်းနဲ့ အပြုအမူပိုင်းတို့ ဖြစ်တယ်။ စိုးရိမ်သောကလွန်ကဲဝေဒနာကို ကုသတဲ့အခါ၊ စိတ်ခံစားမှုကို သက်သာစေတဲ့ ကုထုံး၊ အတွေးအခေါ်ကို ပြုပြင်ပေးတဲ့နည်း၊ ခန္ဓာကိုယ်လက္ခဏာတွေကို လျော့နည်းစေတဲ့ ကုထုံးနဲ့ အပြုအမူကို ပြောင်းလဲပေးတဲ့နည်း စသဖြင့် ကုထုံးအမျိုးမျိုးကို အသုံးပြုပါတယ်။

စိတ်ငြိမ်ဆေးကို အသုံးပြုရင် စိတ်ခံစားမှု ချို့ယွင်းလက္ခဏာနဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို သက်သာစေပါတယ်။ ဒါပေမဲ့ စိုးရိမ်ပူပင်တတ်တဲ့ အတွေးကို စိတ်ငြိမ်ဆေးက ပြုပြင်ပြောင်းလဲမပေးပါဘူး။ စိတ်ငြိမ်ဆေးက ခေတ္တခဏသာ အာနိသင်ရှိပါတယ်။ ရေရှည်သုံးစွဲရင် ဆေးအာနိသင်က တဖြည်းဖြည်း လျော့နည်းလာမယ်။ ဆေးစွဲလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက လွန်ကဲဝေဒနာရှိတဲ့ ကလေးတွေအတွက် စိတ်ငြိမ်ဆေးနဲ့ ကုသတာကို အားမပေးပါဘူး။ အတွေးအခေါ် နဲ့အပြုအမူကို ပြုပြင်ပေးတဲ့ နည်းပရိယာယ်တွေကိုပဲ အသုံးပြုပါတယ်။ စိုးရိမ်သောက လွန်ကဲဝေဒနာရှိတဲ့ ကလေးကို မိဘက ဘယ်လိုကူညီနိုင်သလဲ၊ စိတ်ကျန်းမာရေးဆေးပညာမှာ လက်ခံကျင့်သုံးနေတဲ့ ကုသနည်းတချို့ကို ဆက်လက်ဆွေးနွေးပါမယ်။

(၁) စိုးရိမ်ပူပင်တဲ့စိတ်ဟာ လိုအပ်တဲ့ စိတ်စွမ်းအင်တွန်းအားတစ်ခု ဖြစ်တယ်။ ဒါကြောင့် စိုးရိမ်ပူပင်စိတ်လုံးဝ ပျောက်ကင်းသွားဖို့ မရည်ရွယ်ရဘူး။ လွန်ကဲနေတဲ့ စိုးရိမ်ပူပင်စိတ်ကို ထိန်းချုပ်နိုင်ဖို့ကိုပဲ အားပေးရမယ်။

(၂) ကြောက်စိတ်၊ စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ဖို့ အားပေးရမယ်။ ကြောက် စိတ်ကြောင့်မထိရဲ၊ မကိုင်ရဲ၊ မသွားရဲ၊ မလာရဲ ဖြစ်နေတဲ့ အပြုအမူတွေကို “အားမပေး”ရဘူး။ ကြောက်လို့ ရှောင်ပြေးရင် ကြောက်စိတ်က ပိုမိုအမြစ်တွယ်လာလိမ့်မယ်။ ကလေး ကြောက်ရွံ့တတ်တဲ့ ပတ်ဝန်း ကျင်အခြေအနေနဲ့ ရင်ဆိုင်ထိတွေ့ဖို့ တဖြည်းဖြည်း လေ့ကျင့်ပေးရမယ်။

(၃) ကြောက်စိတ်၊ စိုးရိမ်စိတ်လျော့နည်းအောင် ပြုလုပ်တဲ့ နည်းပရိယာယ်တွေကို သင်ကြားပေးနိုင်ပါတယ်။ အသက်အရွယ်လိုက်ပြီး သင်ကြားပေးနိုင်တဲ့ ကြောက်စိတ်ဖြေလျှော့နည်းတွေကတော့ နှေးနှေးနဲ့ ခပ်ပြင်းပြင်း အသက်ရှူတာ၊ ကြွက်သားပြေလျော့ လေ့ကျင့်ခန်းပြုလုပ်တာ၊ ကြောက်စရာတွေကို စဉ်းစားနေမယ့်အစား ခုန်ပေါက်ပြေးလွှားကစားတာ၊ ရေမြေတောတောင်ရဲ့သဘာဝအလှကို အာရုံပြုပြီး စိတ်ဖြေဖျောက်တာ၊ ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန် တွေနဲ့ အပန်းဖြေဆော့ကစားတာ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောတာတို့ ဖြစ်ပါတယ်။

(၄) မိမိကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အပြုသဘော တွေးတော စဉ်းစားတတ်အောင် သင်ကြား ပေးနိုင်ပါတယ်။ စိုးရိမ်သောကလွန်ကဲစိတ်ရှိရင်ကလေးမှာ မိမိကိုယ်ကိုယ်အပြစ်မြင်စိတ်များတယ်။ မိမိ အမှားကို ပုံကြီးချဲ့ပြီး တွေးတောလေ့ရှိတယ်။ မိမိရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကိုသာ သိမြင်တယ်။ မိမိရဲ့ အစွမ်းအစနဲ့ အားသန်ချက်တွေကို သတိမထားမိကြဘူး။ ဒါကြောင့် ကလေးရဲ့ ကောင်းကွက်တွေ၊ အောင်မြင်မှုတွေ၊ အားသန်ချက်တွေကို မိဘက အခါအခွင့်ကြုံတိုင်း ထောက်ပြရမယ်၊ အသိအမှတ်ပြုရမယ်၊ ထိုက်တန်သလိုချီးကျူးရမယ်၊ ဆုပေးရမယ်၊ ကလေးက မိမိကိုယ်ကိုယ် ဂုဏ်ယူတတ်အောင် အားပေးရမယ်။ မိမိရဲ့ အစွမ်းအစကို ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်ခံယူတတ်အောင် မြေတောင် မြှောက်ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ အဆမတန် အသားလွတ်မြှောက်ထိုးပင့်ကော် ပြောဆိုဆက်ဆံတာမျိုးတော့ မလုပ်သင့်ဘူး။

ကလေးမှာ ချို့ယွင်းချက်၊ အားနည်းချက် ရှိရင်လည်း အဲဒီအားနည်းချက်ကို အရှိအတိုင်းလက်ခံဖို့ ဖျောင်းဖျရမယ်။ မိမိရဲ့ချို့ယွင်းချက်ကို တွေးပြီး သိမ်ငယ်စိတ်မမွေးဖို့ အားပေးရမယ်။ ခြောက်ပစ် ကင်းသဲလဲစင်ရှိတဲ့လူဆိုတာမရှိဘူး။ လူတိုင်းလူတိုင်းမှာ အားနည်းချို့ယွင်းမှုတွေရှိတယ်ဆိုတာကို ရှင်းပြပြီး နားချနိုင်တယ်။

(၅) ကလေးက စိုးရိမ်သောက စိတ်ခံစားနေရရင် ကလေးရဲ့စိတ်ခံစားမှုကို အသိအမှတ်ပြုပါ။

ကလေးရဲ့ ခံစားမှုကို သူကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ပေးပါ။ “သားလေး ကြောက် စိတ်ဝင်နေသလား”ဆိုတဲ့ “အပိတ်မေးခွန်း” မျိုးကို မသုံးသင့်ဘူး။ အဲဒီလိုမေးရင် ကလေးက “ခေါင်း ခါ”ပြလိမ့်မယ်။ ဒါမှမဟုတ် “ခေါင်းငြိမ့်” ပြလိမ့်မယ်။ “သားလေးဘယ်လိုခံစားနေရသလဲ” ၊ “သားစိတ်ထဲမှာ ဘာတွေစဉ်းစားနေသလဲ”ဆိုတဲ့ “အဖွင့် မေးခွန်း”မျိုးနဲ့ မေးမြန်းသင့်တယ်။ အဲဒီလို မေးမြန်းကြည့်ရင်

ကလေးက သူရဲ့ခံစားမှုကို သူ့စကားလုံးနဲ့သူ ပွင့်ပွင့်လင်းလင်း ပြောပြလာနိုင်ပါတယ်။

ဒါပေမဲ့ ကလေးက ကြောက်တယ်လို့ ပြောရင် လူကြီးက နောက်ကလိုက်ပြီး ကြောက်မပြသင့်ဘူး။ ကလေးရဲ့ အဖြေပေါ်မှာ မူတည်ပြီး လိုအပ်သလို ဖျောင်းဖျဆွေးနွေးအကြံပေးရတယ်။

(၆) စိုးရိမ်စိတ် လွန်ကဲသူတွေရဲ့ စိတ်ထဲမှာ “စိုးရိမ်ပူပင်စိတ်သံသရာစက်ဝန်း”ဖြစ်ပေါ်နေတတ်တယ်။ စိုးရိမ်စိတ်ကို တန်ပြန်ကြောက်နေတာ ဖြစ်တယ်။ စိုးရိမ်သောကဝေဒနာကြောင့် ဖြစ်တဲ့ ခန္ဓာ ကိုယ်လက္ခဏာတွေကို ခန္ဓာကိုယ်ရောဂါလို့ ယူဆပြီး “ရောဂါကြောက်စိတ်”ဝင်လာတတ်တယ်။ “ငါ ကြောက်လိုက်တာ၊ ဘာလုပ်ရမှန်းမသိဘူး”လို့တွေးပြီး အကြောက်ဒီဂရီတက်လာတာလည်း ရှိပါတယ်။

စိုးရိမ်သောကသံသရာစက်ဝန်းကို ဖြတ်တောက်ပေးရမယ်။ ကလေးကို ပညာပေးဖျောင်းဖျနိုင်တယ်။ ကြောက်စိတ်၊ စိုးရိမ်စိတ်ကို သက်သာစေတဲ့ နည်းပရိယာယ်တွေ(နံပါတ် ၃)ကို အသုံးပြုဖို့ အားပေး တိုက်တွန်းနိုင်ပါတယ်။ စိုးရိမ်စိတ်ပေါ်ပေါက်လာရင် အသုံးပြုနိုင်တဲ့ နည်းပရိယာယ်တွေကို “အညွှန်းစာ ရင်း”(Check List)ပြုလုပ်ပြီး အိတ်ထဲမှာ ဆောင်ထားနိုင်တယ်။ လိုအပ်တဲ့အချိန်မှာ အညွှန်းစာရင်းကို ဖတ်ပြီး လိုက်နာဆောင်ရွက်ဖို့ အကြံပေးရမယ်။

(၇) ပြဿနာဖြေရှင်းနည်း (Problem solving techniques)ကို အသက်အရွယ်အလိုက် သင်ကြားပေးပါ။ စိုးရိမ်သောက လွန်ကဲဝေဒနာရှင် ကလေးဟာ အခက်အခဲတစ်ခုနဲ့ ကြုံကြိုက်လာရင် ကြောက်စိတ်ကိုသာ ရှေ့တန်းတင်ပြီး ဘာကိုမှမစဉ်းစားနိုင်အောင် ဖြစ်တတ်ပါတယ်။ ပြဿနာတစ်ခု (ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ)နဲ့ ရင်ဆိုင်ရရင်၊ စိတ်လှုပ်ရှားတုန့်ပြန်မှုကို ဦးစားမပေးဘဲ ဆင်ခြင်စဉ်းစားပြီး အဖြေရှာတတ်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။
ပြဿနာဖြေရှင်းနည်း ပရိယာယ်ဆိုတာ ဘာလဲ။ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ လိုက်နာကျင့်သုံးသင့်တဲ့ လုပ်ဆောင်နည်းအဆင့်ဆင့်ရှိပါတယ်။ အခက်အခဲပြဿနာကို အတိအကျဖော်ထုတ်ရမယ်။ အမည်ဖော်ရမယ်။ ရောဂါကိုသိမှ ဆေးကုဖို့ လွယ်မယ်ဆိုတဲ့ သဘောမျိုးပါပဲ။ နောက်တစ်ဆင့် ပြဿနာကို ဖြစ်ပွားလာစေတဲ့ အကြောင်းရင်းတွေကို ရှာဖွေရတယ်။ အဲဒီလိုအချက်အလက်တွေကို သိရှိလာရင်ပြဿနာကို ဖြေရှင်းနိုင်တဲ့ “အဖြေ”တွေ၊ ပြုပြင်လုပ်ဆောင်နိုင်တာတွေကို စဉ်းစားရမယ်။ အဖြေအမျိုးမျိုး ရှိနိုင်တယ်။ အဖြေတစ်ခုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်ရတယ်။ ဆောင်ရွက်နိုင်တဲ့ အဖြေအချင်းချင်း နှိုင်းယှဉ်ကြည့်ပြီး အကောင်းဆုံးအဖြေကို ရွေးချယ်ရပါတယ်။ ရွေးချယ်ထားတဲ့အတိုင်း တစ်စိုက်မတ်မတ်ဆောင်ရွက်ရမယ်။ လုပ်ကိုင်ဆောင် ရွက်ပြီးရင် ရလဒ်ကိုပြန်လည်သုံးသပ်ရတယ်။

အသက်အရွယ်အလိုက် ပြဿနာ ဖြေရှင်းနည်း တွေကို သင်ကြားပေးရင် ကလေးက အဲဒီလို စဉ်းစားတတ်တဲ့ အလေ့အကျင့်ရှိလာပါလိမ့်မယ်။ အဲဒါစိုးရိမ်သောကစိတ်ကို ကျော်လွှားအနိုင်ယူနိုင်တဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။

(၈)စိုးရိမ်သောကလွန်ကဲဝေဒနာရှိတဲ့ ကလေးသူငယ်တွေကို ပြုပြင်ထိန်းကျောင်း၊ ပံ့ပိုးအကြံပေး နိုင်တဲ့နည်းတွေကို နံပါတ် ၁ မှ ၇ အထိ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ မိဘတွေကိုယ်တိုင် မိမိတို့ရဲ့ စိုးရိမ်ပူ ပင်စိတ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ သားသမီး ရှေ့မှာ စိုးရိမ်ပြရင်၊ ကြောက်ပြရင် ကလေးက အတု မြင်အတတ်သင်လာပါလိမ့်မယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုး မဖြစ်စေရပါဘူး။

အထက်ဖော်ပြပါနည်းလမ်းတွေကို အိမ်မှာ အသုံးပြုပေမယ့် ကလေးရဲ့ ဝေဒနာက မသက်သာရင် စဉ်းစားဖို့ အချက်တွေရှိပါတယ်။ ကလေးခံစားနေရတဲ့ စိုးရိမ်သောကလွန်ကဲဝေဒနာဟာ ပြင်းထန်တဲ့ ရောဂါအမျိုးအစား ဖြစ်နေသလား၊ စိုးရိမ်သောကလွန်ကဲစိတ်ဟာ တခြားဆိုးရွားတဲ့ စိတ္တဇရောဂါတစ်ခုခုကို အခြေခံသလား၊ ကလေးမှာ ခန္ဓာကိုယ်ရောဂါ တစ်ခုခုရှိနေလို့ စိုးရိမ်လွန်ကဲစိတ်လက္ခဏာတွေ ခံစားနေရသလား . .စသဖြင့် အဖြေရှာဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top