Healthy Life Ad
Life Style

အမည်းစက်လေး တစ်စက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ ပါမောက္ခဆရာကြီးတစ်ဦးက စာသင်ခန်းထဲကိုဝင်လာပြီး ကျောင်းသားတွေကို မျှော်လင့်မထားတဲ့ စာမေးပွဲတစ်ခုဖြေရမယ်လို့ပြောခဲ့တယ်။ ကျောင်းသားတွေအားလုံးဟာ စာမေးပွဲဖြေဖို့ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ပါမောက္ခဆရာကြီးက မေးခွန်းစာရွက်တွေကို ထုံးစံအတိုင်း ကျောင်းသားတွေဆီကမ်းပြီး အဆင်ပြေသလို ဖြေနိုင်တယ်လို့ဆိုခဲ့တယ်။ ကျောင်းသားအားလုံးက မေးခွန်းစာရွက်ကိုကြည့်ပြီး ဘာမေးခွန်းမှမပါဘဲ စာမျက်နှာအလယ်တည့်တည့်မှာရှိတဲ့ အမည်းစက်လေးတစ်စက်ကိုပဲတွေ့တော့ အံ့အားသင့်နေခဲ့တယ်။

ပါမောက္ခဆရာကြီးက ကျောင်းသားတိုင်းရဲ့မျက်နှာကိုကြည့်ပြီး “မင်းတို့တွေ့တာကိုရေးကြပါ”လို့ ဆိုလိုက်တယ်။

ဇဝေဇဝါဖြစ်နေတဲ့ ကျောင်းသားတွေက အဆင်ပြေသလိုဖြေဖို့ကြိုးစားကြတယ်။ အတန်းပြီးတဲ့အခါ ပါမောက္ခဆရာကြီးက အဖြေလွှာအားလုံးကိုယူပြီး ကျောင်းသားအားလုံးရှေ့မှာ တစ်ခုချင်းစီ ခပ်ကျယ်ကျယ် ဖတ်ပြခဲ့တယ်။

အဖြေအားလုံးမှာတူညီတာတစ်ခုက မေးခွန်းအလယ်က အမည်းစက်ကိုဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး မေးခွန်းရဲ့ အလယ်နေရာကနေ အဖြေထုတ်ခဲ့တယ်။ အဖြေအားလုံး ဖတ်ပြီးချိန်မှာ စာသင်ခန်းကငြိမ်သွားခဲ့တယ်။

“ဒီအဖြေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အဆင့်သတ်မှတ်မှာ မဟုတ်ပါဘူး။ မင်းတို့ကိုတွေးစေချင်ရုံသက်သက်နဲ့ မေးခဲ့တာ။ ဘယ်သူမှ မေးခွန်းစာရွက်ရဲ့ အဖြူရောင်အပိုင်းအကြောင်း မရေးကြဘူးနော်၊ လူတိုင်းက အမည်းစက်ကိုပဲ အာရုံစိုက်ပြီး ဖြေရှင်းဖို့ကြိုးစားခဲ့တယ်။ အဲဒီအမည်းစက်က ဘာနဲ့တူသလဲဆိုတော့ လူ့ဘဝရဲ့မကောင်းတဲ့ ကျန်းမာရေးအခြေအနေ၊ ငွေမရှိတာ၊ မိသားစုဝင်နဲ့ အဆင်မပြေတာ၊ မိတ်ဆွေတစ်ယောက်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်တာ . . ဒီအကြောင်းနဲ့တူပါတယ်။ အမည်းစက်ဟာ လူတွေရဲ့ဘဝမှာရှိတဲ့ အရာရာတိုင်းနဲ့ယှဉ်ရင် အလွန်သေးငယ်ပေမယ့် လူတွေရဲ့စိတ်ကတော့ ဒီအမည်းစက်ကိုပဲ အာရုံစိုက်နေခဲ့ကြတယ်။

ကဲ . . အခု အမည်းစက်ဆီပဲ အာရုံရောက်နေတာကို မေ့ပစ်လိုက်ပါတော့။ ဆရာတို့ဘဝဟာ ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်မှုတွေ အပြည့်ရှိနေပါတယ်။ နေ့တိုင်းကြည်နူးစရာ သဘာဝအလှအပတွေကလည်း အပြည့်၊ မိတ်ဆွေသူငယ်ချင်းတွေလည်းဝန်းရံလို့၊ ဘဝရပ်တည်နိုင်မယ့် အလုပ်အကိုင်တွေလည်းရှိပြီးသား . . အမည်းစက်နဲ့တူတဲ့ အဆင်မပြေတာလေးတစ်ခုအတွက်နဲ့ အဖြူရောင်အပိုင်းတွေကို မေ့မပစ်လိုက်ပါနဲ့။ ကိုယ့်ဘဝထဲက အမည်းစက်ဆီအာရုံမရောက်ဘဲ အဖြူရောင်အပိုင်းမှာ ကျေနပ်အောင်နေထိုင်ပါ . . ဘဝကိုပျော်ပျော်ကြီး အကောင်းမြင်စိတ်အပြည့်နဲ့ ရှင်သန်လိုက်ပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top