Healthy Life Ad
Life Style

ကိုယ့်ရပ်ရွာက ကလေးတွေကို တတ်တဲ့ပညာတွေသင်ပေးလိုစိတ်ပြင်းပြသူ မောင်အိုက်ပေါင်း

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ ဟိုတွမ်းရွာတွင် ဦးမောင်ပု+ဒေါ်နန်းစံတို့၏ သားနှစ်ဦးအနက် သားငယ်ဖြစ်သူ မောင်အိုက်ပေါင်းသည် မွေးရာပါ ခြေလက်မသန်စွမ်းသူဖြစ်သည်။ မိခင်ဖြစ်သူက မောင်အိုက်ပေါင်း ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူက မောင်အိုက်ပေါင်းကဲ့သို့ပင် ခြေလက်များ မသန်စွမ်းဖြစ်နေခဲ့ကာ၊ ခြေလက်မသန်စွမ်းသော်လည်း ဖခင်ဖြစ်သူက ရွာတွင် တောင်ယာအလုပ်လုပ်ခြင်း၊ ပလွေလုပ်ခြင်းစသည်တို့ဖြင့် မနားမနေအလုပ်လုပ်သူဖြစ်ရာ ဖခင်က မောင်အိုက်ပေါင်းအတွက် စံပြပုဂ္ဂိုလ်ပင် ဖြစ်ခဲ့သည်။

“ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ခဲ့ရတယ်။ မြန်မာလို မသင်ခဲ့ရဘူး။ အဲဒါနဲ့ ရွာဘုန်းကြီးကျောင်းကတစ်ဆင့် ကေတုမတီကျောင်းကိုရောက်ခဲ့တယ်။ ရောက်ကာစမှာ မြန်မာစကားမတတ်တော့ အရမ်းခက်ခဲတယ်။ သူများပြောတာ နားမလည်ဘူး။ တစ်နှစ်လောက်အတွင်း မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်သွားတယ်။ အတူနေတဲ့ သူငယ်ချင်းတွေကို ဘာပြောတာလဲဆိုတာ ပြန်မေးရတယ်။ နောက်ပိုင်းကျတော့ တတ်သွားပါတယ်။

မြန်မာစာကို ရန်ကုန်ရောက်မှ ကကြီး၊ ခကွေးဆိုပြီး စသင်ခဲ့ရတာ။ ကေတုမတီကျောင်းမှာ ပထမတန်းတက်ပြီးတော့ စာတော်တာနဲ့ အတန်းကျော်ပြီး လေးတန်းတက်ရတယ်။ အဲဒီကျောင်းဆရာမက ကျွန်တော့်ကို လက်မှုပညာသင်ချင်လားလို့မေးတယ်။ ကျွန်တော်ကလည်း သင်ချင်တယ်ဆိုပြီး ၂၀၁၆ခုနှစ်မှာ ဘုန်းကြီးကျောင်းကနေ ရတနာဂေဟာကို ရောက်လာတာပါ”ဟု မောင်အိုက်ပေါင်းက ဆိုသည်။

လက်ရှိတွင် မောင်အိုက်ပေါင်းနေထိုင်သည့် ရတနာ ကလေးပြုစုရေးဂေဟာသည် ခရေလမ်း၊ ရွှေနံ့သာစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်တွင်တည်ရှိပြီး အခြားမိဘမဲ့ကလေးများ၊ နွမ်းပါးသည့် ကလေးများကိုလည်း စောင့်ရှောက်နေသည့် ဂေဟာဖြစ်ကြောင်းသိရသည်။ မောင်အိုက်ပေါင်း ရတနာဂေဟာရောက်ရှိခဲ့ရာ အနီးအနားရှိ အလက(ထခွဲ-၂၊ မင်္ဂလာဒုံ)ကျောင်းတွင် ဆဌမတန်း၌ စတက်ခဲ့ရပြီး ယခုအခါ သတ္တမတန်းဖြေဆိုထားကာ အဌမတန်းသို့ တက်ရောက်ပညာသင်ယူရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

“ဒီကိုရောက်လာတော့ ကွန်ပျူတာသင်ရတယ်။ လက်မှုလုပ်ငန်းတွေဖြစ်တဲ့ ခြင်းရက်တာတွေသင်ရတယ်။ အကုန်တတ်သွားတယ်။ ကျွန်တော်က ဒီမှာပျော်တယ်။ လက်မှုလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ရွာက ကလေးတွေကို ပြန်သင်ပေးချင်စိတ်ပေါက်တယ်။ ခြင်းရက်တတ်တော့ ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် တီထွင်တယ်။ ကျောင်းမှာ အစ်မတွေက ပိုက်ဆံအိတ်ကိုင်တယ်။ ကျွန်တော် အဲဒါကိုသေချာကြည့်ပြီး အိမ်ရောက်ရင် အဲဒီပုံအတိုင်း ရက်ကြည့်လိုက်တယ်။ လှမှလှ. . ဒါနဲ့ နိဗ္ဗာန်ဈေးကိုသွားလှူလိုက်တယ်။ ကြိုးအရောင်လေးတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ်စပ်ပြီးရက်ပါတယ်”ဟု မောင်အိုက်ပေါင်းကဆိုသည်။

ရက်ထားသောခြင်းများ ရောင်းချရာမှရလာသည့်ငွေများကို မောင်အိုက်ပေါင်းအတွက် ဘဏ်တွင်အပ်နှံပေးထားပြီး တက္ကသိုလ်ဘွဲ့ရ၍ မိမိရပ်ရွာပြန်သည့်အခါ ပေးလိုက်မည်ဖြစ်ကြောင်း ရတနာဂေဟာ အုပ်ချုပ်ရေးမှူး ဦးချမ်းသာကပြောသည်။ “ဒီမှာ အလုပ်တွေကိုလည်း ဝိုင်းကူလုပ်ပေးတယ်။ မနက်ဆိုရင် ၆ နာရီထပြီး တံမြက်စည်းလှည်းတယ်၊ သန့်ရှင်းရေးလုပ်ပြီးရင် ကိုယ့်ခန္ဓာကိုယ်ကို ရေချိုးပြီး သန့်ရှင်းရေးလုပ်တယ်။ အဝတ်လျှော်စရာရှိရင် လျှော်တယ်။ မနက်စာစားချိန်ရောက်ရင် စားတယ်။ နေ့လယ်ကျတော့ စာဖတ်စရာရှိရင် ဖတ်တယ်။ ကျောင်းတက်တုန်းက ကျောင်းစာကျက်တယ်။ စာမေးပွဲမကျအောင် စာကျက်ရတယ်။ အားတဲ့အချိန်ကျမှ ခြင်းရက်တယ်။

ညနေလည်း ထမင်းစားတယ်။ လုပ်စရာရှိရင်လုပ်တယ်။ ကျွန်တော်က ဟင်းတွေချက်တတ်တယ်။ ဘဲဥကြော်တတ်တယ်၊ ငရုတ်သီးထောင်းတတ်တယ်” ဟု မောင်အိုက်ပေါင်းက ရတနာဂေဟာတွင် သူ့တစ်နေ့တာ နေထိုင်မှုပုံစံအကြောင်း ပြောပြခဲ့သည်။ ရတနာဂေဟာက မိသားစုနှင့်တွေ့ခွင့်ပြုသော်လည်း မောင်အိုက်ပေါင်း၏ ဖခင်ဖြစ်သူက သားဖြစ်သူကို ပညာတတ်စေချင်လွန်းသဖြင့် ၁၀ တန်းအောင်ပြီးမှ ရွာသို့ပြန်လာရန် ပြောကြားထားကြောင်းသိရသည်။

ကျွန်တော်ခဏလောက် အလည်ပြန်လာချင်တယ်ဆိုပြီး အဖေ့ကိုဖုန်းဆက်တယ်။ အဖေကကျတော့ ကျွန်တော့်ကို စာတတ်စေချင်တဲ့အတွက် ၁၀တန်းမအောင်မချင်း ပြန်မလာစေချင်ဘူး။ ၁၀တန်းအောင်ပြီးမှ ပြန်လာလို့ပြောတယ်။ အဖေကလည်းလာမတွေ့ဘူး။ ကျွန်တော်ဖုန်းဆက်ရင်တောင် ကောင်းကောင်းမပြောတော့ဘူး . . .

“ကျွန်တော်က ကိုယ့်မိသားစုနဲ့တွေ့ချင်တယ်။ ကျွန်တော်ခဏလောက် အလည်ပြန်လာချင်တယ်ဆိုပြီး အဖေ့ကိုဖုန်းဆက်တယ်။ အဖေကကျတော့ ကျွန်တော့်ကို စာတတ်စေချင်တဲ့အတွက် ၁၀တန်း မအောင်မချင်း ပြန်မလာစေချင်ဘူး။ ၁၀တန်းအောင်ပြီးမှ ပြန်လာလို့ပြောတယ်။ အဖေကလည်း လာမတွေ့ဘူး။ ကျွန်တော်ဖုန်းဆက်ရင်တောင် ကောင်းကောင်းမပြောတော့ဘူး”

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မောင်အိုက်ပေါင်းတို့ ရွာသို့ သွားလာရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ငြိမ်းချမ်းရေးမရသေးသဖြင့် နယ်မြေအေးချမ်းမှုနည်းပါးကြောင်း မောင်အိုက်ပေါင်းကဆိုသည်။ ကိုယ့်ရပ်ရွာနှင့် ရန်ကုန်မြို့အကြားကွာခြားမှုကိုမူ သိပ်မသိသော်လည်း တွေ့သမျှ မိတ်ဆွေသူငယ်ချင်းများအား အကူအညီလိုလျှင် ကူညီချင်စိတ်ဖြစ်ကြောင်း မောင်အိုက်ပေါင်းကပြောသည်။ “ရွာမှာနေတုန်းက သူငယ်ချင်းတွေကများတယ်။ အချင်းချင်း ကူညီတယ်။ သွားတာ၊ လာတာကအစ ကိုယ့်ကိုကြည့်မနေဘူး။ ဒီမှာလည်း သူငယ်ချင်းတွေရှိပါတယ်။ ကျောင်းတက်တဲ့အချိန်မှာ သူငယ်ချင်းတွေအနေနဲ့ သူတို့မလုပ်နိုင်တာ ကျွန်တော်လုပ်နိုင်ရင် ကူညီပါတယ်။

တစ်ခါတုန်းက မိုးရွာနေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ထီးပျက်သွားတယ်။ သူတို့မလုပ်တတ်ဘူး။ ကျွန်တော်က ပြင်ပေးလိုက်တော့ ကောင်းသွားတယ်။ သူတို့ဝမ်းသာသွားတယ်၊ ကျွန်တော်လည်းပျော်တယ်”ဟု သူတစ်ပါးကို ကူညီလိုက်နိုင်သည့်အတွက် ဝမ်းသာအားရဖြစ်ရကြောင်း မောင်အိုက်ပေါင်းက ပြောသည်။သာမန်လူများလိုပင် အလုပ်လုပ်နိုင်၊ ကျောင်းတက်နိုင်၊ ပညာသင်ယူလေ့လာနိုင်သည့် မောင်အိုက်ပေါင်းအတွက် ငယ်ရွယ်စဉ်မှစ၍ ယခုအချိန်အထိ ကျေးဇူးတင်ထိုက်သူများရှိလေသည်။

“ငယ်ငယ်တုန်းက စာမရေးတတ်ဘူး။ အဲဒီတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးက လက်နှစ်ဖက်ထဲ ဘောပင်ထည့်၊ လက်နှစ်ဖက်ကို ကြိုးနဲ့ပူးချည်ပေးတယ်။ အဲဒီတော့ လက်ထဲကနေ ဘောပင်မလွတ်တော့ဘူး။ အဲဒီလက်ကို ဘုန်းကြီးကကိုင်ပြီး ဝလုံးက စရေးတတ်အောင်သင်ပေးခဲ့တယ်။ ဘုန်းကြီးက ဉာဏ်ကြီးတယ်။ ကျွန်တော့်ကို စေတနာနဲ့ကူညီတယ်။ ဘုန်းကြီးရဲ့ကျေးဇူးကိုဆပ်ရမယ်။

ရန်ကုန်ကိုခေါ်လာပေးတဲ့ ဦးပဇ္ဇင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကေတုမတီကျောင်းမှာ သင်ပေးခဲ့တဲ့ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီဆရာမတွေကိုတွေ့ရင် ကျွန်တော်ရက်ထားတဲ့ခြင်းလေးတွေ လက်ဆောင်ပေးချင်ပါတယ်။ ရတနာဂေဟာရောက်တော့ ကျွန်တော့်ကို သားတစ်ယောက်လို စောင့်ရှောက်ပေးတဲ့ အဖေဦးချမ်းသာ၊ အဖေဦးမင်းသူ၊ အမေသောင်း၊ အမေလှ၊ အမေယုခိုင်တို့ကို ကျေးဇူးတင်ပါတယ်။

လမ်းလျှောက်တာကျတော့ အခက်အခဲမရှိပေမယ့် ကျောက်ခဲတွေနဲ့ဆိုရင် စူးတယ်။ နာတယ်။ ဒီတော့ ကျွန်တော့်ကို အလှူရှင်အန်တီခိုင်က ခြေထောက်အတုလေး လုပ်ပေးတယ်။ ကျောင်းသွားရင် ခြေထောက်အတုလေးနဲ့ သွားရအဆင်ပြေလို့ ကျေးဇူးတင်ပါတယ်။ ခြေထောက်အတုသာမရှိရင် ကျွန်တော်အပြင်တွေတောင် ထွက်နိုင်မှာမဟုတ်ဘူး။ လေးတန်းဖြေဖို့တောင် သိပ်မသေချာဘူး။ ဒါကြောင့် အရမ်းကျေးဇူးတင်ပါတယ်။

ခြင်းရက်တတ်အောင်သင်ပေးတဲ့ ဆရာမကိုလည်းကျေးဇူးတင်ပါတယ်။ တစ်နေ့ကို သုံးလုံးလောက်အထိ ခြင်းရက်နိုင်တယ်” အနာဂတ်တွင် အိမ်ထောင်သားမွေးပြုရန်ကိုမူ ယခုအချိန် စိတ်ကူးမရှိသေးကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် မိမိရပ်ရွာအကျိုးသယ်ပိုးရန်သာ စိတ်ဆုံးဖြတ်ထားကြောင်း မောင်အိုက်ပေါင်းက ခိုင်မာစွာပြောသည်။

ကျွန်တော်က ၁၀ တန်းအောင်ပြီး ဘွဲ့ရတဲ့အထိ ပညာဆက်သင်မယ်။ အဲဒီအခါ ရွာကိုပြန်ပြီးကျောင်းဖွင့်မယ်၊ ရွာမှာက စာသင်ကျောင်းမရှိဘူးလေ။ ဘုန်းကြီးကျောင်းကိုပဲ သွားပြီး ရှမ်းစာ၊ ပလောင်စာ သင်ရတယ်။ မြန်မာစာသင်ပေးမယ့် ကျောင်းမရှိဘူးလေ။ မြန်မာစာသင်ချင်တဲ့ ကလေးတွေဆို ရန်ကုန်ကိုလာရတယ်။ ဒီတော့ မလာနိုင်တဲ့ကလေးတွေများတော့ သနားဖို့ကောင်းတယ်။ အဲဒီတော့ ကျောင်းထောင်ပြီး ရွာကကလေးတွေကို စာပြန်သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။

“ကျွန်တော်က ၁၀တန်းအောင်ပြီး ဘွဲ့ရတဲ့အထိပညာဆက်သင်မယ်။ အဲဒီအခါ ရွာကိုပြန်ပြီးကျောင်းဖွင့်မယ်၊ ရွာမှာက စာသင်ကျောင်းမရှိဘူးလေ။ ဘုန်းကြီးကျောင်းကိုပဲ သွားပြီး ရှမ်းစာ၊ ပလောင်စာ သင်ရတယ်။ မြန်မာစာသင်ပေးမယ့် ကျောင်းမရှိဘူးလေ။ မြန်မာစာသင်ချင်တဲ့ ကလေးတွေဆို ရန်ကုန်ကိုလာရတယ်။ ဒီတော့ မလာနိုင်တဲ့ကလေးတွေများတော့ သနားဖို့ကောင်းတယ်။ အဲဒီတော့ ကျောင်းထောင်ပြီး ရွာကကလေးတွေကို စာပြန်သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ပညာတန်ဖိုးကို ကျွန်တော်သိတယ်။ ပညာတတ်မှ ကိုယ့်အတွက်တင်မက သူတစ်ပါးကိုပါ ပြန်သင်ပေးနိုင်မှာလေ။ ကျွန်တော့်ရည်မှန်းချက် ပြည့်မီအောင်လို့ ၁၀တန်းအောင်တာနဲ့ အလုပ်ကောင်းကောင်းလုပ်မယ်။ ဝင်ငွေများများရအောင်ရှာမယ်”ဟု မောင်အိုက်ပေါင်းက သူ့ခံယူချက်၊ ရည်မှန်းချက်များကိုပြောပြခဲ့ပြီး ဘဝတူမသန်စွမ်းသူများအား …

“မသန်စွမ်းလေးတွေတွေ့ရင် သူတို့အခက်အခဲတွေကို ကျွန်တော်ဝိုင်းကူညီပေးတယ်။ တစ်ခါတလေ လမ်းဘေးမှာ မသန်စွမ်းလေးတွေတွေ့ရင် သူတို့ဘယ်သွားချင်လဲဆို မပြီးလိုက်ပို့ပေးချင်တယ်။ ကျွန်တော်က သူတို့ကိုကြိုးစားဖို့ပြောချင်တယ်။ သူတို့မကြိုးစားရင်တော့ ဘာမှလုပ်လို့မရဘူး။ လူဆိုတာရည်မှန်းချက်ရှိမှ အဆင်ပြေတာ။ ရည်မှန်းချက်ရှိတယ်၊ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစားလုပ်တယ်ဆိုရင် ဘာလုပ်လုပ်အောင်မြင်မှာပါ။ ကျွန်တော်က အရမ်းတတ်ချင်တယ်။ သူများကိုလည်း ပြန်သင်ပေးချင်တယ်။ အလှူရှင်တွေကလည်း ကျွန်တော့်ကိုအားပေးတယ်။ အဲဒီအတွက် ကျွန်တော်အရမ်းကြိုးစားတယ်။ ကျွန်တော့်လိုပဲ ကြိုးစားကြပါ”ဟု အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top