Healthy Life Ad
Life Style

နေ့တွေ မမှတ်မိပေမယ့် အပြုအမူတွေကို မှတ်မိတယ် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိသားစုအထိမ်းအမှတ်ညတစ်ညမှာ ကျွန်တော်တို့တစ်မိသားစုလုံး ညစာစားပွဲမှာ စုဝေးနေကြတယ်။ ကျွန်တော့်အစ်မဖြစ်သူက ဟင်းလျာတွေကိုချက်ပြုတ်ပြင်ဆင်နေတယ်။ တစ်အိမ်သားလုံး စားပွဲဝိုင်းမှာချလာမယ့် ဟင်းပွဲနဲ့ စားသောက်ဖွယ်ရာတွေကို စောင့်ဆိုင်းရင်း စကားစမြည်ပြောနေကြတယ်။

ကျွန်တော့်တူလေးကတော့ ခပ်ဝေးဝေးမှာ ဘတ်စ်ကတ်ဘောကစားနေတယ်။ တစ်ခါမှာ သူပစ်လိုက်တဲ့ ဘတ်စကတ်ဘောက ကျွန်တော့်အဖေနားရောက်လာခဲ့တယ်။ အဖေကဘောလုံးကို လက်မြှောက်ပြီး ဖမ်းလိုက်တယ်။ တူလေးက ဇဝေဇဝါနဲ့ သူ့အဘိုးကို ကြည့်လိုက်၊ ကျွန်တော်တို့ကို ကြည့်လိုက်နဲ့ . .အဖေကတော့ ပြုံးနေတယ်။ သူ့အပြုံးက ညစာစားပွဲမှာ ထွန်းထားတဲ့ မီးရောင်ထက်တောင် ပိုတောက်ပနေလေရဲ့. . . အဖေက ဘောလုံးကို ကြမ်းပြင်ပေါ်ပုတ်ပြီး ဖမ်းလိုက်၊ ပုတ်လိုက်လုပ် နေတယ်။ ဒီအပြုအမူကို လုပ်ရင်း တူလေးနဲ့အတူ ဘတ်စကတ်ဘောကိုအတူတူ ကစားနေတော့တယ်။

အဖေရဲ့တက်ကြွတဲ့ ကစားဟန်က ကျွန်တော့် မျက်စိထဲ မှတ်မှတ်ထင်ထင်ဖြစ်နေတယ်။ တကယ်တော့ အဖေက အယ်လ်ဇိုင်းမားရောဂါဖြစ်နေခဲ့တာပါ။ သူငယ်ပြန်ရောဂါကြောင့် အမှတ်တရ နေ့ရက်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ နေရာတွေ၊ အချိန်တွေ . . ဘာဆိုဘာမှ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အခုလေးတင် သိလိုက်ရတာက အဖေက ဘတ်စကတ်ဘောကို သတိရနေဆဲပါလား . .

ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့ ကစားခဲ့ရတယ်ဆိုတာသိပ်ကိုရှားပါတယ်။ အဖေက အလုပ်ကြိုးစားပြီး ကျွန်တော်တို့အတွက် စီးပွားရှာနေခဲ့ရတာပါ။ မိသားစုမှာ သူ့စိတ်ခံစားချက် သိပ်မပြခဲ့ပါဘူး။ အိမ်မှာချက်စ်ကစားလေ့ရှိပေမယ့် ဘယ်လိုကစားရမယ်ဆိုတာကိုပဲ ကျွန်တော်တို့ကို သင်ပေးခဲ့တာပါ။ ကျွန်တော်အရွယ်ရောက်လာတော့ အလုပ်လုပ်ရတဲ့ အချိန်များလာပြီး အဖေ့ကို အချိန်သိပ်မပေးဖြစ်တော့ပါဘူး။

ကျွန်တော်က တူလေးနဲ့ အဖေတို့ရဲ့ ဘတ်စကတ်ဘောစကားပွဲထဲ ဝင်ပါပြီး အပေးအယူမျှမျှ ကစားလိုက်ပါတယ်။ အစ်မက ညစာစားဖို့ အဆင်သင့်ဖြစ်ပြီလို့ပြောတဲ့အချိန်မှာ အဖေရယ်၊ ကျွန်တော်ရယ်၊ တူလေးရယ်ဟာ ထမင်းစားပွဲဆီ လှမ်းလာခဲ့ပါတယ်။ ဘယ်တော့မှ မေ့သွားမှာမဟုတ်တဲ့ အမှတ်တရကိုယ်စီနဲ့ပေါ့ . . .။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top