Healthy Life Ad
International

အရိုးပေါ်အရေတင်ကလေးငယ်ကို မွေးစားပြီး အသက်ရှင်သန်စေခဲ့သည့် အမေရိကန်မိသားစု

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ပရီစီလာမော့စ်က ၂၀၁၄ ဇွန်လက ဖေ့စ်ဘွတ်ခ်မွေးစားကလေး ငယ်စာမျက်နှာကနေ ရိုင်ယန်လေးကိုတွေ့ရှိခဲ့ပါတယ်။

ခင်ပွန်းသည်နဲ့တိုင်ပင်ပြီး ကလေးငယ်ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့စုံတွဲမှာ သားအရင်း နှစ်ယောက်ရှိပြီး မွေးစားသမီးတစ်ယောက်လည်း ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၅အောက်တိုဘာမှာ မော့စ်က ဘူဂီးရီးယားနိုင်ငံရှိ မိဘမဲ့ဂေဟာသို့သွားပြီး မွေးစားခွင့်စာရွက်စာတမ်းတွေ အပြီးသတ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရိုင်ယန်က အသက် ၇နှစ်ရှိနေပြီဖြစ်ကာ ကိုယ်အလေးချိန် ၈ ပေါင်သာရှိပါတယ်။ ကလေးဟာ အာဟာရပြတ်လပ်နေပြီး အရိုးပေါ်အရေတင်ဖြစ်နေကာ တစ်ကိုယ်လုံးအမွေးတွေနဲ့ ဖုံးအုပ်နေပါတယ်။ ကလေးမှာ လူပုရောဂါ၊ ဦးခေါင်းကြီးကိုယ်သေးရောဂါ၊ ပုံပျက်ခြေထောက်တွေရှိနေပြီး အမေရိက ရောက်တဲ့အထိ အသက်ရှင်ပါ့မလား စိုးရိမ်ခဲ့ရသေးတယ်လို့ မော့စ်ကပြောပါတယ်။

အမေရိကရောက်ရောက်ချင်း ဆေးရုံတင်ခဲ့ရပြီး အစာသွင်းပိုက်နဲ့ ထားခဲ့ရပါတယ်။ နှစ်ပတ်ကြာပြီးနောက်ဆေးရုံကဆင်းနိုင်ခဲ့ပေမယ့် မကြာခင်မှာ နောက်ထပ် တစ်လဆေးရုံတက်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ရိုင်ယန်ရဲ့ကိုယ်အလေးချိန်ဟာတက်လာခဲ့ပြီး အခုအချိန်မှာ ကိုယ်အလေးချိန် ၂၃ ပေါင်ရှိနေပြီဖြစ်ကာ မသန်စွမ်းပြန်လည်ထူထောင်ရေးကျောင်းမှာတောင် တက်နေပြီဖြစ်ပါတယ်။

ကလေးငယ် အပြည့်အဝနာလန်ထူဖို့ နှစ်အတော်ကြာအချိန်ယူရမယ်လို့ ဆရာဝန်တွေကပြောကြားပါတယ်။ သူကိုယ်တိုင်က မွေးစားခံခဲ့ရသူ တစ်ယောက်ဖြစ်တဲ့ မော့စ်မှာ မသန်စွမ်းအစ်ကိုရှိဖူးပြီး အသက် ၉ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ မသန်စွမ်းကလေးတွေကိုမွေးစားဖို့ သူ့အစ်ကိုရဲ့ဖြစ်ရပ်က တွန်းအားပေးခဲ့ကြောင်း သူကပြောပါတယ်။ လူတိုင်းမှာ နွေးထွေးတဲ့မိသားစုတစ်ခုရှိဖို့ ထိုက်တန်ကြောင်း မော့စ်က ဆိုပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top