Healthy Life Ad
Life Style

အူမကြီးကင်ဆာကို ခွဲစိတ်ကုခဲ့ရာ ချုပ်ရိုးပေါက်၍ ထပ်မံခွဲစိတ်မှုခံယူခဲ့ရသူ ဒေါ်ဇင်မာစန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၁၉၈၆ကနေ၂၀၁၆ အထိ နှစ် ၃၀ကြာအလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက် ၅၂ နှစ် ဒေါ်ဇင်မာစန်း၏ အူမကြီးကင်ဆာခရီးလမ်းက စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။

၂၀၁၆ ဇွန်လဆန်းကစပြီး အူမကြီးကင်ဆာ စတင် တွေ့ရှိခဲ့သည်အထိ သူ့ဖြစ်ရပ်ကို ဒေါ်ဇင်မာစန်း က ယခုလို ပြန်ပြောင်း ပြောပြခဲ့သည်။

“အစ်မက နဂိုက ဆီးချိုရောဂါရှိပါတယ်။ ဆီးချိုရောဂါဖြစ်တာ ၁၁ နှစ်ရှိပါပြီ။ ဇွန်လဆန်းမှာ ဘာလက္ခဏာမှ မပြဘဲ ဝမ်းသွားတာ နည်းလာပါတယ်။ အဲဒါနဲ့ ဆီးချိုရောဂါကြောင့် ကျောက်ကပ်များ ထိသလားဆိုပြီး ဆေးခန်း သွားပြပါတယ်။ ဆေးခန်းပြလိုက်တော့ ကျောက်ကပ် စစ်လိုက်ပေမယ့် ဘာမှမဖြစ်ပါဘူး။ ကျောက်ကပ်က ကောင်းနေတယ်၊ ဒါပေမဲ့ ဝမ်းမသွားဘူးဆိုတော့ ဆရာမက ဝမ်းနုတ်ဆေး တိုက်ပါတယ်။ အဲဒါလည်း ဝမ်းမသွားပါဘူး။ အဲဒါနဲ့ အိမ်နားက ဆေးခန်းကိုလည်း သွားပြတယ်။ ဗိုက်လည်း မနာဘူး၊ ဝမ်းလည်း မသွားဘူး။ ဝမ်းမသွားတာ ကြာလာတော့ အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန်ကြီးတစ်ဦးနဲ့ ပြလိုက်ပါတယ်။ ဆရာကြီးကလည်း ဝမ်းနုတ်ဆေး တစ်မျိုးပေးပြန် ပါတယ်။ အဲဒါလည်း မသွားဘူး၊ မသွားတဲ့အပြင် အန်တာက ကြက်စွပ်ပြုတ်လေး နှစ်စွန်းလောက်တောင် မဝင်တော့တဲ့အထိပါပဲ။ အဲဒါနဲ့ ဆရာကြီးဆီ ပြန်ပြလိုက်တော့ ဆေးရုံတက်ပြီး စအိုကနေ မှန်ပြောင်းကြည့်ပြီး ရောဂါရှာရပါတယ်။ အူမှာ အနာတွေ့တယ်ဆိုတာနဲ့ ၂၃-၆-၂၀၁၆ရက်နေ့မှာ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ပြပြီး ပုဂ္ဂလိကဆေးရုံတစ်ခုမှာ စတင်ခွဲစိတ်ခဲ့ရပါတယ်။ ခွဲစိတ်မှုမှာ အူကို ခြောက်လက်မလောက် ဖြတ်ထုတ်ပြီး ပြန်ဆက်ပေးခဲ့တယ် လို့သိရပါတယ်”လို့ ဒေါ်ဇင်မာစန်းက ဆိုသည်။

ထိုအချိန်တွင် ဗိုက်ခွဲရာအပေါ်ချုပ်ရိုးကြောင်းကျက်သွားပြီဖြစ်သည့်အတွက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ကြောင်း သူက ပြောပြသည်။“ဆေးရုံက ဆင်းခွင့်ပြုလိုက်ပေမယ့် ၁၉-၇-၂၀၁၆ ရက်နေ့ကျတော့ ဗိုက်က ကွဲထွက်သွားတယ်။ ချုပ်ရိုးပေါက်ထွက်ပြီး အဲဒီတစ်လလုံး အစာမစားနိုင် ခဲ့ဘူး။ ရေသောက်ရင်တောင် ရေကြောင့် ပျို့အန်နေ ခဲ့တယ်။ အစားအသောက်စားတိုင်းမောင်နှမတွေက ကျောကနေ ဖိပေးနေရတယ်။ ဘာမှစားလို့ မဝင်တာနဲ့ ပထမခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ပြန်ပြခဲ့တယ်။ သူကတော့ ပြန်မခွဲပေးပါဘူး။ မခွဲပေးဘဲနဲ့ အနာကို ဆေးတာ၊ ပတ်တီးလဲပေးတာတို့ကိုပဲ လုပ်ပေးခဲ့ပါတယ်”ဟု ဒေါ်ဇင်မာစန်းက ပြောသည်။

အူအနာကို အသားစယူစစ်ဆေးခဲ့ရာ အူမကြီး ကင်ဆာအဆင့် (၂)ဟုတွေ့ရှိခဲ့ရသဖြင့် ဆေးရုံဆင်းပြီးနောက် နှစ်ကြိမ်တိတိ ကင်ဆာဆေးသွင်းခဲ့ကြောင်း၊ တတိယအကြိမ်မြောက်ကင်ဆာဆေးသွင်းမည် အလုပ်တွင် ဗိုက်ချုပ်ရိုးကွဲထွက်ပြီး အရည်များ စိမ့်ထွက်နေသဖြင့် ကင်ဆာအထူးကုဆရာဝန်ကြီး က ဆက်သွင်းမပေးတော့ဘဲ ခွဲစိတ်ဆရာဝန်ကြီးနှင့် ပြန်ပြရန်သာ ညွှန်ကြားလိုက်ကြောင်း သိရသည်။

“အစ်မ ဗိုက်အနာကနေ ဝမ်းအရည်တွေ စိမ့်ထွက်နေတော့ အိမ်ကလူတွေတော့ ပြုစုရတာမသက်သာဘူး။ တစ်ချိန်လုံး သန့်ရှင်းရေး လုပ်ပေးနေရတာ။ အဲဒီလို ကျော်ဖြတ်ခဲ့ရတာ သုံးလလောက်တောင် ကြာခဲ့ပါတယ်။ ဆရာဝန်ကလည်း ထပ်မခွဲဘဲ Dressing ပဲ လုပ်ပေးနေခဲ့တယ်”ဒေါ်ဇင်မာစန်း၏ ဗိုက်မှ ဝမ်းအရည်များ တစ် ချိန်လုံး စိမ့်ထွက်နေပြီး ၁၅၃ ပေါင်ရှိသည့် ကိုယ်အလေးချိန်မှ ပေါင် ၅၀ ကျော် ကျဆင်းသွားခဲ့သည်အထိကျန်းမာရေး ချူခြာလာခဲ့သည်။ ထိုအချိန်တွင် ကံကြမ္မာအလှည့်အပြောင်းက ဖြစ်ပေါ်လာခဲ့သည်။

“ဖြစ်ချင်တော့ အဲဒီအချိန်မှာ အစ်မရဲ့ ညီမက Healthy Life ဂျာနယ်မှာပါတဲ့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးဦးကျော်ရဲ့ ကင်ဆာလူနာများအတွက် SDDR ကုထုံးဆိုတဲ့ ဆောင်းပါးလေးကို ဖတ်လိုက်မိတယ်။ တကယ်တော့ အစ်မတို့နေတာက တာမွေမှာပဲ။ ဆရာကြီး ဆေးခန်းထိုင်တာကလည်း တာမွေမှာပဲ။ ဒါပေမဲ့ မသိတော့ မြို့ထဲကို သွားသွားပြနေခဲ့တာ။ သိတဲ့အချိန်မှာကျတော့ ညီမဖြစ်သူက ခွဲစိတ်ဆရာဝန် ပြောင်းပြကြည့်ရအောင်လို့ ပြောတယ်။

အစ်မက ပထမပြထားတဲ့ ဆရာဝန်ကို အားနာတယ်၊ သူနဲ့ပြပြီးသားဆိုတော့ သူနဲ့ပဲ ဆက်ပြရမယ်ဆိုပြီး ခေါင်းထဲစွဲနေခဲ့တာ . . ဒါပေမဲ့ အစ်မက အဲဒီအချိန်မှာ လူမမာဖြစ်နေပြီ။ ညီမကသူ့ဘာသာချိတ်ပြီး ဆရာကြီးဆီ ခေါ်သွားပေးခဲ့တယ်။

ဆရာကြီးနဲ့ ပြတဲ့ ရက်က ၇-၁၀-၂၀၁၆ ရက် နေ့ပါ။ ရောဂါအခြေအနေကြည့်မယ်ဆိုပြီး အစ်မကို ၈ရက်နေ့ဆေးရုံတက်ခိုင်းတယ်။ ၉ ရက်နေ့မှာ ဆေးဓာတ်မှန်နဲ့ ရောဂါရှာပြီး ၁၀ ရက်နေ့ကျတော့ ခွဲမယ်လို့ ဆရာကြီးက ပြောပါတယ်။ အစ်မကိုယ်တိုင်လည်း သိပါတယ်။ ဒါပြန်ခွဲမှ ဖြစ်မယ်ဆိုတာကို အဲဒါနဲ့ မြန်မြန်ခွဲချင်နေတာနဲ့ ၁၁-၁၀-၂၀၁၆ ရက်နေ့မှာ ခွဲပေးခဲ့ပါတယ်” ဟုဒေါ်ဇင်မာစန်းက ဒုတိယအကြိမ် ခွဲစိတ်မှုအကြောင်း ပြန်လည်ပြောပြခဲ့သည်။၂၆-၁၀-၂၀၁၆ ရက်နေ့တွင် ဗိုက်ချုပ်ရိုးအနာလုံးဝကျက်ကာ ဆေးရုံကဆင်းခဲ့ရကြောင်း သိရသည်။

“၃၀-၁၁-၂၀၁၆ ရက်နေ့ ဆရာကြီး တစ်လချိန်းပြီး ပြန်ပြတဲ့နေ့ကျတော့ အစ်မရဲ့ ကိုယ်အလေးချိန်က ၁၀၈ ပေါင်ရှိသွားပါတယ်။ တစ်လအတွင်း ကျန်းမာလာတာ ရှစ်ပေါင်တောင် တက်သွားပါတယ်။ စားတာကတော့ ဆရာကြီးပြောတဲ့အတိုင်းသက်သတ်လွတ်ပဲစားပါတယ်။ အရင်တုန်းက အသားကိုမှပိုကြိုက်တာ၊ အခုတော့ ဆရာကြီးက အသားနဲ့ငါးကို လုံးဝမစားခိုင်းတာနဲ့ပဲ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပဲ စားဖြစ်တော့တယ်။ အမြဲလိုလိုပဲဟင်းချက်စားတယ်၊ ဟင်းသီးဟင်းရွက်တွေကို ကြော်စားတယ်။ ဆီးချိုကလည်းတက်ကိုမတက်နေဘူး။ ကောင်းကောင်းထိန်းနိုင်နေတယ်”ဟု ဒေါ်ဇင်မာစန်းက လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြခဲ့သည်။

မျိုးရိုးထဲတွင် ကင်ဆာဖြစ်သူမရှိသော်လည်း အူမကြီးကင်ဆာဖြစ်သည့်အတွက် ထွေထွေထူးထူး စိုးရိမ်ကြောက်လန့်မှုများ မဖြစ်ခဲ့ကြောင်း၊ ကင်ဆာရောဂါခံစားရချိန်တွင် အပျိုကြီးဖြစ်သော ဒေါ်ဇင်မာ စန်းအတွက် မောင်နှမဆွေမျိုးသားချင်းများ၏ အားပေးထောက်ကူပြုစုယုယမှုကို အပြည့်အဝရရှိခဲ့ကြောင်း ဒေါ်ဇင်မာစန်းက ဆိုသည်။

“မိသားစုဝင်တွေကအနီးကပ်ပြုစုခဲ့လို့၊ အများဆုံး အားပေးခဲ့လို့ ဒီလို မြန်မြန် နာလန်ထူခဲ့တာပါ။ ကင်ဆာလို့ သိကတည်းက အများကြီးတော့ မစိုးရိမ်ပါဘူး။ ဆေးကုရင်ရမယ်၊ ကိုယ့်သက်တမ်းရှိသလောက်တော့ နေရမယ် . .ဒီလိုပဲ တွေးထားလိုက်ပါတယ်”ဟု ဒေါ်ဇင်မာစန်းက ကင်ဆာဖြတ်သန်းရာတွင် သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

ကင်ဆာမျိုးရိုးမရှိဘဲ ဖြစ်လာခြင်းအပေါ်-
“ကင်ဆာဘာကြောင့် ဖြစ်လဲဆိုတော့ အစ်မကငယ်ငယ်ကတည်းက အကောင်းကြိုက်တယ်လေ၊ အဆီအအိမ့်တွေ စားတာများလို့လားမသိဘူး။ အပြင်စာတော့ သိပ်မစားဖြစ်ပါဘူး။ ကျောင်းဆရာမဆိုတော့ ကျောင်းသွားရင် မနက်ဆို ရေနွေးကအစကိုယ့်အိမ်က အစားအသောက်တွေပဲ သယ်သွားတာပါ။ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်တာ က နှစ် ၃၀ တောင်ရှိပြီဆိုတော့ အစကဆေးခွင့်နဲ့ပဲ ဆေးကုနေခဲ့တာ။ ထွက်ဖို့စိတ်မကူးခဲ့ပါဘူး။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ဘုရား၊ တရားပဲလုပ်တာ ကောင်းပါတယ်လေ ဆိုပြီးစိတ်လျှော့လိုက်ပါတယ်” ဟု ဒေါ်ဇင်မာစန်းက ဆိုသည်။

လက်ရှိ ကင်ဆာရောဂါ ခံစားနေရသူများ၊ ကင်ဆာရောဂါဖြစ်မှာစိုးကြောက်နေသူများနှင့် ကင်ဆာကုထုံး ခံယူနေသူတို့အား ဒေါ်ဇင်မာစန်းက သူ့အတွေ့အကြုံနှင့် ယှဉ်၍ ယခုလို အားပေးစကား ပြောကြားခဲ့သည်။

“အစ်မက ကင်ဆာအဆင့် (၂) ဆိုတာ သိပေမယ့်သိပ်တော့မကြောက်ပါဘူး။ ဆေးပညာကခေတ် မီနေပြီဆိုတော့ ကုရင်ပျောက်မှာပဲလို့ ယုံကြည်ပါတယ်။ ဒုတိယအကြိမ် မခွဲခင်တုန်းကဆိုရင် အစ်မ အခြေအနေက သေဖို့ပဲရှိတော့တာ၊ Healthy Life ဂျာနယ်ကို ဖတ်လိုက်မိလို့၊ ဆရာကြီးနဲ့ တွေ့လိုက်လို့ သာ ကံကောင်းသွားတာပါ။ ရက်လေးနောက်ကျသွားရင်တောင် မလွယ်ပါဘူး။ ဆေးဓာတ်မှန်ရိုက်တဲ့ အချိန်မှာဆို တော်တော်သိပါတယ်။ မခွဲရင်မဖြစ်တော့ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် သိနေခဲ့တယ်။ အခုဆိုရင်လည်း ဆရာကြီးပြောတဲ့အတိုင်း သက်သတ်လွတ်ပဲ စားတယ်၊ တရားနာတယ်၊ တရားထိုင်တယ် . . ဒီအလုပ်တွေပဲအချိန်ရှိသရွေ့ လုပ်နေတော့တယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အားသွင်းထားလိုက် တာပါပဲ။တခြားသူတွေလည်း ကင်ဆာဖြစ်ပေမယ့် ဘာမှ အစိုးရိမ်ကြီးစိုးရိမ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်အားသွင်းထားပြီး ဆေးကုသမှု ခံယူရင် ပျောက်တယ်ဆိုတဲ့ စိတ်ကိုထားရှိပါလို့အကြံဉာဏ်ပေးလိုပါတယ်”

(မှတ်ချက်။ ။ ဓာတ်ပုံကို ဒေါ်ဇင်မာစန်း၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top