Healthy Life Ad
Child

ရင်သွေးလေး ကျန်းမာသွက်လက် ဉာဏ်ရည်ထက်ဖို့ . . .(၃)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တွေကို တန်ဆေးလွန်ဘေးစားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်အသည်းတွေကို မစားသင့်ပါဘူး။ ဗီတာမင်အေပါဝင်မှု များလွန်းလို့ပါ။

မြန်မာလူမျိုးတွေ ကြိုက်ကြတဲ့ တညင်းသီးကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝ မစားသင့်ပါဘူး။ တညင်းသီးမှာ ဘာအာဟာရမှမပါတဲ့အပြင် အနံ့က အရမ်းဆိုးပါတယ်။ သာမန်လူတွေမှာတောင် တညင်း သီးကြောင့် ကျောက်ကပ်ထိခိုက်ပြီး အသက်ဆုံးပါးတဲ့သူတွေ အများကြီးရှိပါတယ်။

ဒူးရင်းသီး စားလို့ရလားဆိုပြီး လာမေးကြပါတယ်။ ဒူးရင်းသီးကိုတော့ စားလို့ရပါတယ်။ သန့်ရှင်း လတ်ဆတ်တဲ့ နာနတ်သီး၊ သရက်သီးစတဲ့ သစ်သီးတွေ စားလို့ရပါတယ်။

‘ကိုယ်ဝန်ဆောင်မိခင်တွေ အင်မတန်သနားစရာကောင်းပါတယ်။ ဆရာ့လူနာတစ်ယောက်ရှိပါတယ်။ တစ် ယောက်ဆိုရင် လာတိုင်း တစ်သျှူး Box တစ်ခုနဲ့ လာရတယ်။ ပါးစပ်ထဲကနေ တံတွေးတွေ ထွက်နေတာ၊ ထွက်တာမှ တစ်နေ့လုံးကို ထွက်နေတာ၊ ဘာမှလုပ်လို့ မရဘူး၊ မျိုချလို့လည်းမရဘူး။ တစ်ချိန်လုံး အဲဒီတံတွေး တွေကို သုတ်နေရတာ။ ဘာကြောင့် ဖြစ်မှန်းလည်း ဘယ်သူမှမသိဘူး . . . .’

လမ်းဘေးစာ၊ ယင်နားစာတွေကိုတော့ ရှောင်ပါ။ မသန့်ရှင်းတဲ့ အစာတွေကို ရှောင်ပါ။

တစ်ခါတလေ ကိုယ်ဝန်ဆောင်ချိန်မှာ ကြံရည်သောက်ချင်တယ်လို့ ဆိုကြတယ်။ ကြံရည်ဆိုင်မှာ ကြံရိုးတွေက တွေ့ကရာနေရာမှာ ထားထားပြီး ယင်ကောင်တွေနဲ့ သန့်ရှင်းမှု မရှိရင် မသောက်သင့်ပါဘူး။ကြံရည်ညှစ်တဲ့သူရဲ့ လက်က ညစ်ပတ်နေသလားဆိုတာကိုလည်း ကြည့်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ သတိထားရမယ့် နောက်တစ်ချက်က ကြောင်ချေးတွေကို ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကြောင်ချစ်တဲ့သူတွေ ကြောင်မွေးတွေ ကိုကိုင်ရင် ကြောင်မွေးတွေမှာ ကြောင်ချေးတွေကပ်ငြိနေတတ်ပါတယ်။ အဲဒီကြောင်မွေးကို သွားပွတ်သပ်ပြီး အစာစားလိုက်ရင် ကြောင်ချေးတွေကို သွားစားမိသလို ဖြစ်တတ်ပါတယ်။ ကြောင်ချေးတွေ မှာ Toxoplasmosis ဆိုတဲ့ ပိုးတွေ ပါတဲ့အတွက် အဲဒါက ကိုယ်ဝန်ဆောင်မိခင်က မွေးလာတဲ့ ကလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် ကြောင်ချစ်သူတွေ ကိုယ်ဝန်ဆောင်ရင် ကြောင်ထက် ကိုယ့်ဗိုက်ထဲက ရင်သွေးလေးတွေကို ပိုသတိထားရပါမယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အင်မတန် သနားစရာကောင်းပါတယ်။ ဆရာ့လူနာတစ်ယောက်ရှိပါတယ်။ တစ်ယောက်ဆိုရင် လာတိုင်း တစ်သျှူး Box တစ်ခုနဲ့ လာရတယ်။ ပါးစပ်ထဲကနေ တံတွေးတွေ ထွက်နေတာ၊ ထွက်တာမှ တစ်နေ့လုံးကို ထွက်နေတာ၊ ဘာမှလုပ်လို့ မရဘူး၊ မျိုချလို့လည်း မရဘူး။ တစ်ချိန်လုံး အဲဒီတံတွေးတွေကို သုတ်နေရတာ။ ဘာကြောင့် ဖြစ်မှန်းလည်း ဘယ်သူမှ မသိဘူး။ ကလေးမွေးပြီးမှ ပျောက်သွားမှာ။

ကိုယ်ဝန်ဆောင်ကာလမှာ အများဆုံး ဖြစ်တာက ပျို့အန်တာပါပဲ။ ရုပ်ရှင်ထဲမှာ မင်းသမီးပျို့အန်ရင် ဒါ ကိုယ်ဝန်ဆောင်ပြီပဲ။ မင်းသမီး မဟုတ်ဘဲ အိမ်ဖော်မလေး အန်ရင် ဒါသေချာပြီ . .တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ။ အန်ရင် ကိုယ်ဝန်ဆောင်ပြီ လို့တောင် လူတွေ တွဲသိနေတတ်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်တွေက နည်းနည်းပါးပါးလောက်ပဲ အန်ပေမယ့် တချို့ကျတော့ အန်တာမှ ဘာအစာမှ ကို မဝင်လောက်အောင် တစ်ချိန်လုံး အန်တာမျိုး ရှိပါတယ်။ ဒါမျိုးဆိုရင် အန္တရာယ်ရှိပါတယ်။ ပါးစပ်က စားလို့မရတော့ ဆေးရုံတင်ပြီး ကုသမှု ပေးရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ဟာ သန္ဓေသားလေးကို လုံးဝ ကိုးလတိတိလွယ်နိုင်ဖို့ ငြိမ်နေရပါမယ်။ အဲဒီတော့ အူတွေပါ ငြိမ်နေတဲ့အတွက် ဝမ်းချုပ်တတ်ပါတယ်။ အစာအိမ်အက်ဆစ်တွေ အပေါ်တက်ပြီး ရင်ပူဝေဒနာလည်း ဖြစ်တတ်ပါတယ်။ ရင်ပူတဲ့အချိန်မှာ မတ်မတ်လေး နေပေးရပါမယ်။ ဆေးလေးဘာလေး သောက်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အဆိုးဆုံးက အစားအသောက်အစုံမပါဘဲ အစားရှောင်တာပဲ။ “အသားမစားနဲ့၊ ကလေး ထွားတတ်တယ်၊ အသီးအရွက်မစားနဲ့ ကလေး လေနာပါတတ်တယ်”ဆိုတဲ့ အဘိုးအဘွားတွေရဲ့ အယူအဆမှားတွေကြောင့် ဘာမှစားစရာ မရှိတော့ဘူး။ အားလည်း နည်းတတ်တယ်၊ ဝမ်းကလည်း ပိုချုပ်တတ်တယ်။

ဝမ်းချုပ်တာ သုံးလေးငါးရက်လောက် နေတော့မှ ဝမ်းသွားရင် စအိုကွဲနာတွေ ဖြစ်တတ်ပါတယ်။ အဲဒီဝေဒနာက သေမလောက် နာတတ်ပါတယ်။ တစ်ခါ တလေညှစ်ရင်းညှစ်ရင်း လိပ်ခေါင်းထွက်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမှန်မှန်သွားအောင် အမျှင်ဓာတ်များများပါတဲ့ ဟင်းသီးဟင်းရွက် များများ စားပေးရပါမယ်။

မနက် အိပ်ရာနိုးတာနဲ့ ရေတစ်ဖန်ခွက်အပြည့် သောက်လိုက်ပါ။ အူတွေလှုပ်လာအောင် လေ့ကျင့် ခန်းနည်းနည်းလုပ်။ ပြီးရင် ဝမ်းသွားတဲ့ အကျင့်လုပ် ပေးရပါမယ်။

လိပ်ခေါင်းဖြစ်လာရင်လည်း ကိုယ်ပြနေတဲ့သား ဖွားမီးယပ် ဆရာဝန်ကိုပြောပြပါ။ တစ်ခါတုန်းက ဆရာ့လူနာတစ်ဦးက ကိုယ်ဝန်ဆောင်တုန်း လိပ်ခေါင်းထွက်လာတော့ ဆရာ့ကို မပြောဘဲ သူတို့ လမ်းထဲက ဆေးမြီးတိုဆရာနဲ့ သွားပြလိုက်တယ်။ အဲဒီမှာ လိပ်ခေါင်းက မပျောက်ဘဲ ပွင့်ထွက်သွားတယ်။ ဘယ်လို လုပ်လိုက်တာလဲဆိုတော့ လိပ်ခေါင်းဖြစ်နေတဲ့နေရာမှာ ဆေးပြင်းပြင်းနဲ့ အုံပေးလိုက်တာ ပေါက်ထွက် သွားတော့တာပဲ။ အန္တရာယ်အရမ်းများပါတယ်။ ဒီလို ဆေးမြီးတိုတွေ မလုပ်ရပါဘူး။

ကိုယ်ဝန်ဆောင်ကာလမှာ ရုတ်တရက်ထတာ ကိုမလုပ်ရပါဘူး။ အိပ်ရင်လည်း ပက်လက်ကြီး မအိပ်ရပါဘူး၊ ဘေးစောင်းပြီး အိပ်ရပါတယ်။ နောက်တစ် ခုက ကြွက်တက်တတ်ပါတယ်။ အဲဒီအတွက် အိပ်ခါနီးမှာ ခြေထောက်လေးကို လှုပ်ပေးရပါတယ်။ အိပ်မပျော်ရင် အိပ်ဆေး လုံးဝ မသောက်ရပါဘူး။ ကိုယ်ဝန်ဆောင် ကာလမှာ ပူပင်စိတ်တွေ များနေရင် အိပ်မပျော်တတ်ပါဘူး၊ လျှောက်မစဉ်းစားပါနဲ့။ တစ်ခါတလေ ညဦးပိုင်းမှာ ရေတွေ လျှောက်သောက်လိုက်ရင် တစ်ညလုံး မအိပ်ရဘဲ ဆီးတွေ သွားနေတတ်ပါတယ်။ အဲဒါကြောင့် ညနေ ငါးနာရီ-ခြောက်နာရီ နောက်ပိုင်းမှာဆိုရင် ရေတွေ သိပ်မသောက်ပါနဲ့။ နည်းနည်းပဲ သောက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ခြေထောက်တွေ ဖောရောင်တတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နိုင်သလို ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖောရောင်ရင် သွေးပေါင် သေချာတိုင်းကြည့်ဖို့ လိုပါတယ်။ အကြာကြီး ထိုင်တာ၊ ရပ်တာတို့ မလုပ်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ မောနေတတ်တဲ့အတွက် မကြာခဏ အနားယူပေးရပါမယ်။ အိမ်အလုပ်တွေကို ကိုယ်ချည်း လုပ်ရင် အဆင်မပြေပါဘူး။ ကူဖော်လောင်ဖက်ထားရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတတ်ပါတယ်။ ခါးမနာအောင်ခါးမကိုင်းရဘူး၊ ခါးမကုန်းရဘူး။ ပစ္စည်း လေးတစ်ခုခုကျသွားရင် ခါးမတ်မတ်ထားပြီး ထိုင်ပြီးမှ ပစ္စည်းယူရမယ်။ ဒေါက်ဖိနပ်တွေ မစီးရဘူး။

လေ့ကျင့်ခန်းကလည်း အရေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာပင်ပန်းတဲ့ အန္တရာယ်ရှိတဲ့ လေ့ကျင့် ခန်းတွေတော့ မလုပ်ရပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သွက်လက်တဲ့ လမ်းလျှောက်တာ၊ လေရှူပေးတာစတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားလို့ ရလားလို့ မေးပါတယ်။ ခရီးကြမ်းရင် သတိတော့ ထားသင့်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ခရီးသွားရင် အချိန်မရွေး သွေးဆင်းနိုင်ပါတယ်။ မသွားမဖြစ်သွားရမယ့် ခရီးဆိုရင် ဘာတွေဆောင်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို သားဖွားမီးယပ်အထူးကု ဆရာဝန်ကို တိုင်ပင်ဖို့ လိုပါတယ်။

ကိုယ်ဝန်ရှိရင် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန် ထမ်းတွေဆီ ဗိုက်အပ်ရပါမယ်။ ကိုယ်ဝန်သွားပြတိုင်း သွေးပေါင်ချိန်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ကလေး မွေးတော့မယ်ဆိုရင် ဘယ်လိုမွေးမှာလဲ၊ ဘယ်မှာမွေး မှာလဲ၊ ဘယ်သူနဲ့ မွေးမှာလဲ စတာတွေကို သေချာစဉ်းစားပြီး ဆေးရုံသွားမယ့် ပစ္စည်းတွေ၊ မှတ်တမ်းတွေကို သေချာထည့်ယူသွားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top