Healthy Life Ad
International

မျက်စိမမြင်သူ အမျိုးသမီးက ကလေး ၁၀ယောက်မွေးထား ၁၁ယောက်မြောက်ယူရန် စဉ်းစားနေ

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အသက် ၄၁ နှစ်အရွယ် ဟီသာမက်အင်တိုင်ရာက မွေးရာပါမျက်စိအတွင်းတိမ်ရောဂါနဲ့ မွေးဖွားခဲ့ပြီး ရေတိမ်ဖြစ်ပွားကာ မျက်စိအမြင်အာရုံဆုံးရှုံးခဲ့ပါတယ်။ မိခင်နဲ့အဘွားတို့ဆီက မျိုးရိုးလိုက်ခဲ့တဲ့ အမြင်ချို့ယွင်းမှုရှိပေမယ့် ပုံမှန်ဘဝအတိုင်းနေထိုင်ရှင်သန်ဖို့ကြိုးစားခဲ့တဲ့ ဟီသာဟာ အခုအခါ ကလေး၁၀ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ ကလေးထက်ဝက်က သူ့လိုမျက်စိမမြင်ကြဘူးလို့ သိရပါတယ်။

အသက် ၂၀ နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့တဲ့ ဟီသာက မကြာခင်မှာပထမကိုယ်ဝန်ရှိခဲ့ပြီး ကလေး ပြုစုဖို့အခက်အခဲရှိမှာ စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မျက်စိမမြင်တဲ့ ဟီသာရဲ့မိခင်ဟာလည်း သူ တို့မောင်နှမလေးယောက်ကို ပြုစုထိန်းကျောင်းနိုင်ခဲ့တာကြောင့် သူလည်းပဲ ထိန်းကျောင်းနိုင်ရမယ်လို့ အားတင်းမိခဲ့ကြောင်း ဟီသာကပြောပါတယ်။ သူရဲ့ ပထမသားကြီးက မျက်စိအမြင်ကောင်းမွန်ခဲ့ပြီး ပထမဆုံးကလေးကို ထိန်းကျောင်းရတာ ခက်ခဲခဲ့ကြောင်းနဲ့ ကလေးရဲ့ခြေစွပ်မှာ ခေါင်းလောင်းတပ်ပေးကာ ကလေး ဘယ်မှာရှိနေတယ်ဆိုတာသိအောင် ပြုလုပ်ခဲ့ရကြောင်း အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။

ကလေးတွေက ညစာအတွက် ပန်းကန်ဆေးရာမှာ ကူညီပေးတတ်ကြောင်းနဲ့ အကြီးတွေက အငယ်တွေကို ပြန်လည်ထိန်းကျောင်းပေးကြောင်းသိရပါတယ်။ သူတို့မိသားစုက နွေးထွေးကြပြီး ရန်ဖြစ်လေ့မရှိကြဘဲ ကာယကြံ့ခိုင်ရေးဆရာဖြစ်သူ အသက် ၅၂ နှစ်အရွယ် ခင်ပွန်းသည်ဂါရီရဲ့ဝင်ငွေပေါ်မှာသာ မှီခိုရတဲ့ မိသားစုအဖို့ရှိတာလေးနဲ့ လောက်ငအောင်သုံးရကြောင်းလည်း ဟီသာက ပြောပါတယ်။

ကလေး၁၀ယောက်ယူတာနဲ့ ပတ်သက်ပြီး လူတွေရဲ့မကောင်းပြောခံရပေမယ့်လည်း သူ့ရဲ့မိသားစုဘဝကို ချစ်မြတ်နိုးကြောင်းနဲ့ နောက်ထပ်တစ်ယောက်တောင်ထပ်ယူဖို့စဉ်းစားနေပြီး မိခင်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားကြောင်း ပြောပြသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top