Healthy Life Ad
Q & A

အသားဖြူအောင် အရေပြားဆေးထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် ပတ်သက်၍

မေး ။ အခုဆိုရင် အသားဖြူအောင် အရေပြားကို ဆေးထိုးတာ၊ ဆေးသောက်တာတွေကို ပြုလုပ်ကြတာ တွေ့ရပါတယ်။ အဲဒီလို ပြုလုပ်တာကြောင့် တကယ်အသားဖြူလာနိုင်ပါသလား။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်နိုင်သလဲ သိချင်လို့ပါ။
မြတ်မြတ်၊ တာမွေ။
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး) မှပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ အသားဖြူဆေးအဖြစ်သုံးကြတာ Glutathione ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။ သူက ကျန်းမာတဲ့ လူတိုင်းရဲ့ခန္ဓာကိုယ်မှာ ရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေ ၊ ဥပမာ- ခရမ်းချဉ်သီး၊ ထော ပတ်သီး၊ လိမ္မော်သီး၊ ကညွတ်၊ သစ်ကြားသီး စတာတွေများများစားရင် ခန္ဓာကိုယ်ထဲမှာ ဒီဓာတ်ပစည်း ပါဝင်နှုန်းကို မြင့်စေပါတယ်။ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။

Glutathioneက သူ့အလိုလို ခန္ဓာကိ်ုယ်ထဲမှာ ရှိနေပြီး အရေပြားရောင်ခြယ်မှုန် ထုတ်တာကို နည်း စေတတ်တာကြောင့် အရေပြားအရောင်တွေကို နည်းအောင် ပြုလုပ်ပေးပါတယ်။ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်ကွက်တွေ နည်းစေပါတယ်။

ဆိုးကျိုးကတော့ ဆေးတိုင်းမှာ ရှိပါတယ်။ ဒီဆေးကိုနှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိသူတွေသုံးရင် ရှိပြီးသားရောဂါပိုဆိုးတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ သုံးမယ်ဆိုရင် သေသေချာချာ သတိထားရပါမယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးနို့တိုက်နေတဲ့ မိခင်တွေမှာ မသုံးသင့်ပါဘူး။ Glutathione အရေပြားမှာရှိတဲ့ ရောင်ခြယ်မှုန်ထုတ်တာကို နည်းစေတော့ နေရောင်ဒဏ်ကို ခံနိုင်ရည် နည်းသွားတတ်ပါတယ်။ Glutathione ဆေးထိုးတဲ့ နေရာမှာ သွေးခြေဥတာ ဖြစ်တတ်ပါတယ်။ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အန်ချင်တာ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ဆေးတုန့်ပြန်၊ ဆေးမတည့်တတ်သူတွေမှာတော့ တစ်ကိုယ်လုံး အရေပြားလန်ပြီး၊ မီးလောင်သလို ခံစားရတတ်တဲ့ Stevens Joh­nson syndrome ဖြစ်စေတတ်ပါတယ်။ဒါကြောင့် ဆေးထိုးပြီးရင်သတိထားပြီး၊ အရေပြားကို စစ်ဆေးနေရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top