Healthy Life Ad
Life Style

ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုကောင်း၏

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခရစ္စမတ်ကာလဖြစ်လို့ ကျွန်မစိတ်တွေ လှုပ်ရှားနေမိတယ်။ ကျွန်မ အသက် ၁၁ နှစ်ရှိပြီ။ ခရစ္စမတ် မှာရတဲ့ လက်ဆောင်တွေအားလုံးကို သစ်ပင်တစ်ပင်အောက်ယူသွားပြီး တစ်ယောက်တည်း ကြည့်နေခဲ့တယ်။ အပေါ်က စာတွေကို ဖတ်လိုက်၊ အတွင်းထဲမှာ ဘာလက်ဆောင်ဖြစ်မယ်ဆိုတာ မှန်းလိုက်နဲ့ . . နောက်ဆုံးမှာ အပေါ်က စာမဖတ်ဘဲနဲ့တောင် အထဲမှာ ဘာလက်ဆောင်ထည့်ထားတယ်ဆိုတာ သိသွားတော့တယ်။

ကျွန်မအသက် ၁၂နှစ်ပြည့်ပြီ။ ဒီတစ်နှစ်လုံး ကျွန်မတို့မိသားစု ခက်ခဲခဲ့တယ်။ စီးပွားရေးအဆင် မပြေဖြစ်ခဲ့ရတယ်။ ကျွန်မကို အမေက ပြောတယ်။
“ဒီနှစ်ခရစ္စမတ်လက်ဆောင်ကိုတော့ အများကြီးရမှာ မဟုတ်ဘူး သမီး . . ဒါပေမဲ့ စိတ်ပျက်မ သွားပါနဲ့ သမီးရယ် . . ရယူရတာထက် ပေးဆပ်ရတာက ပိုကောင်းပါတယ်”

ခရစ္စမတ်နေ့မနက်ခင်းမှာ ကျွန်မ စိတ်အားထက်သန်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ မိသားစုဝင်တိုင်းက သူတို့လက်ဆောင်တွေကို အသီးသီးဖွင့်ဖောက်ကြည့်နေခဲ့ကြတယ်။ ကျွန်မအတွက် လက်ဆောင်လေးက တစ်ခုတည်း . . မနှစ်ကနဲ့ မတူတော့ပါလား။

“ဒီမှာ သမီးအတွက် နောက်ထပ်လက်ဆောင်တစ်ခု . .”တဲ့။

အမေက ပြောပြီးပေးတယ်။ လက်ဆောင်ဘူးက ကျွန်မအတွက် မဟုတ်ဘဲ အမေ့အတွက် ရည်ရွယ်ထားမှန်း ကျွန်မသိပါတယ်။ ဘူးပေါ်မှာ အမေ့လက်ရေးလေးနဲ့ စာအညွှန်းအသစ်လေးကပ်လို့ . .

“မေမေ . . သမီး . .”

အမေရဲ့စိတ်အားထက်သန်ပြီး ပျော်ရွှင်တက်ကြွတဲ့ အကြည့်ကြောင့် ဆက်မပြောနိုင်တော့ဘူး။

“သမီး ဖွင့်ကြည့်လေ . . မြန်မြန်”

ဘူးထဲမှာ ဆံပင်လေမှုတ်စက်လေးတစ်ခု . . ဒါလေးက ရိုးစင်းတဲ့ လက်ဆောင်လေးမျှသာ . . ဒါပေမဲ့ ရယူရတာထက် ပေးဆပ်ရတာ ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကို အမေ့မျက်ဝန်းတွေထဲမှာ တွေ့လိုက် ရတယ်။

ကျွန်မ လက်ဆောင်ရတာနည်းမှာစိုးလို့ အမေက သူ့လက်ဆောင်ကို ကျွန်မကိုပေးခဲ့မှန်း သိပါတယ်။ အသက်ကြီးတဲ့အထိ အဲဒီခရစ္စမတ်ကာလကို အမှတ်ရနေတုန်းပဲ။ ကျွန်မဘဝထဲ သားသမီးလေးတွေ ဝင်ရောက်လာတဲ့အခါမှာ ကျွန်မစိတ်ထဲ ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုကောင်းတယ်ဆိုတဲ့ အမေ့နှလုံးသားက အမြစ်တွယ်သွားခဲ့တယ်လေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top