Healthy Life Ad
Life Style

အယ်လ်ဇိုင်းမားရောဂါရှိသူ အဘွား ဒေါ်ဖေ့သ်ဝီလျံလေးကို အနီးကပ်ပြုစုနေသည့် ဒေါ်ပန်းကြိုင်၏ အတွေ့အကြုံ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဘွားဒေါ်ဖေ့သ်ဝီလျံလေး၏ အယ်လ်ဇိုင်းမားရောဂါ အစောပိုင်းလက္ခဏာများကို အနီးကပ်ပြုစုနေသည့် အဘွား၏ သမီးဖြစ်သူ ဒေါ်ပန်းကြိုင်က ယခုလိုပြောပြခဲ့သည်။

“အမေရဲ့ အဖေ . . အန်တီတို့ အဘိုးကလည်း အယ်လ်ဇိုင်းမားရောဂါဖြစ်ခဲ့ဖူးတယ်။ အဲဒီတော့ အသက်ကြီးလို့ ရိုးရိုးသူငယ်ပြန်တယ်လို့ပဲ ထင်ခဲ့တာ။ အဘိုးတုန်းကလည်း စဖြစ်တုန်းက သူများက ဟိုဘက်ဆိုရင် သူက ဒီဘက် . . အဲဒီလို ပြောင်းလဲမှုတွေ စဖြစ်ခဲ့တယ်။ ပြီးတော့ စမေ့လာတယ်။ မေ့ရာကနေ ကိစ္စတစ်ခုကို တစ်ခါမေး-နှစ်ခါမေးနဲ့ အကြိမ်ကြိမ်မေးတာကနေ စဖြစ်ခဲ့တယ်။ အဘိုးတုန်းကလည်း ဒီလိုပဲ မေ့ရာကနေ စတာဆိုတော့ အမေလည်း ဒီလိုပဲ မေ့တော့မယ်လို့ သိခဲ့တယ်။ အဘိုးတုန်းက အပြင်ကို ခဏခဏထွက်ချင်နေတာ၊ အဲဒီတုန်းက ကားမရှိတော့ လမ်းလျှောက်ခိုင်းရတယ်။ အဘိုးက ၈၃ လောက်မှ သူငယ်ပြန်တာ စဖြစ်ခဲ့တယ်။ အမေက အသက် ၇၈ လောက်မှာ စဖြစ်ခဲ့တယ်”

အဘွားဒေါ်ဖေ့သ်ဝီလျံလေးသည် ငယ်ရွယ်ချိန် မုဆိုးမဖြစ်ခဲ့ပြီး သားသမီးငါးဦး လူလားမြောက်စေရန် ရုန်းကန်ခဲ့ရသဖြင့် စိတ်ရောကိုယ်ပါ ကြီးစွာပင်ပန်းခဲ့ရသည်။ ထိုအချက်က အယ်လ်ဇိုင်းမားရောဂါ ဖြစ်ခဲ့ဟန်တူသည်ဟု သားသမီးများက ယူဆခဲ့ကြသည်။

“အယ်လ်ဇိုင်းမားမဖြစ်ခင်မှာ သူချစ်တဲ့သားတစ်ဦး ဆုံးသွားခဲ့တယ်။ အဲဒါကလည်း အမေ့ကို စိတ်ဖိစီးမှု ဖြစ်စေခဲ့တဲ့အချက်ပါပဲ။ သူ့စိတ်ဖိစီးမှုတွေများခဲ့တဲ့အပြင် သားသမီးတွေနဲ့ အတူမနေနိုင်ခဲ့ဘူး။ နောက်ပိုင်း ဆီးချိုရောဂါဖြစ်လာတော့ အဘွားက သူ့ဘာသာသူပဲ ဆရာဝန်သွားပြခဲ့ရတယ်။ အဲဒီအချိန်ကစပြီး မမှတ်မိတာတွေ စဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အဘိုးလိုပဲ ဖြစ်လာပြီလို့ အန်တီတို့က လက်ခံထားလိုက်ပါတယ်။

ဟိုးအရင်ကတည်းက အဘွားဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးတွေရှိတယ်လို့ သူများတွေက ပြောပါတယ်။ ဒါပေမဲ့ အန်တီတို့က ဘယ်လိုထင်ခဲ့သလဲဆိုတော့ ဆေးတိုက်ရင် ဘာပဲပြောပြော ဘေးထွက်ဆိုးကျိုးကရှိမှာပဲ။ အမေ့မှာ တခြားရောဂါအတွက် ဆေးလည်းသောက်နေရတော့ မဖြစ်ဘူးဆိုပြီး အမေ့ကို ဒီလိုပဲသည်းခံပြီး နေသွားကြမယ်လို့ စိတ်ကူးခဲ့ပါတယ်။ အဲဒါနဲ့ ဆေးမတိုက်ဖြစ်ခဲ့တော့ဘူး”ဟု အန်တီဒေါ်ပန်းကြိုင်က ဆိုသည်။

ကြောက်တတ်၊ အေးတတ်သော ပင်ကိုဗီဇရှိသူ အဘွားဒေါ်ဖေ့သ်ဝီလျံလေးသည် နောက်ပိုင်းတွင် ကားထဲဝင်ရမည်ဆိုလျှင် “မသွားနိုင်ဘူး၊ ဘယ်သူ့ကားလဲ၊ ဘာလို့သွားရမှာလဲ”ဆိုသည့် ကလန်ကဆန် အမူအကျင့်မျိုး၊ ထိုင်ခိုင်းလျှင်လည်း “ဘာဖြစ်လို့ထိုင်နေရမှာလဲ”ဆိုသည့် ဆန့်ကျင်မှုမျိုး ဖြစ်လာခဲ့သည်။

“နောက်ပိုင်း သူများတွေကပြောလာမှ အသိဆရာဝန်နဲ့ ပြကြည့်လိုက်တော့ အဲဒီအချိန်မှာ အမေကအတော်ကို ယောက်ယက်ခတ်နေပြီ။ အမေကတစ်ချိန်လုံး ဘုရားရှိခိုးချင်တယ်၊ ဘုရားကျောင်းသွားမယ်၊ သွားမယ်ဆိုပြီး တစ်ချိန်လုံးပြောနေတဲ့အတွက် ဆရာဝန်က ဆေးလေးနည်းနည်းတိုက်တယ်။ ဆီးချိုရောဂါရှိတော့ အဲဒီအတွက်သောက်ရတဲ့ ဆေးလေးတွေနဲ့ ညှိပြီးပေးတဲ့အခါ အမေကနည်းနည်းငြိမ်သွားတယ်။

နောက်ပိုင်းမှာ အမေက သူယုံကြည်ရတဲ့လူရဲ့ စကားကိုပဲနားထောင်တယ်။ တခြားလူတွေရဲ့ စကားကို နားမထောင်ဘူး။ အရင်တုန်းက သူချစ်တဲ့ သူ့သားသမီး၊ သူ့မြေးတွေကို မှတ်မိသေးတယ်။ ကျန်တဲ့သူတွေကို မမှတ်မိတော့ဘူး။ အခုနောက်ပိုင်းကျတော့ အမေကမိသားစုဝင်တွေ၊ ဆွေမျိုးတွေ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။ အဲဒီလို မမှတ်မိတော့တာ တစ်နှစ်ကျော်ကျော်လောက်ရှိသွားပြီ။ စဖြစ်တုန်းက ရေချိုးတာတွေသိသေးတယ်။ နောက်ပိုင်းကျတော့ မသိတော့ ရေချိုးပေးရတယ်။ အခုဆိုရင် သူ့ကို အစစအရာရာ ပြုစုစောင့်ရှောက်ပေးရတယ်”ဟု ဒေါ်ပန်းကြိုင်က ပြောပြခဲ့သည်။

ယခုအခါ အခမဲ့ အယ်လ်ဇိုင်းမားဆေးခန်း ဖွင့်လှစ်နေပြီဖြစ်သော်လည်း အဘွားဒေါ်ဖေ့သ်ဝီလျံလေး၏ အခြေအနေက ဆေးကုသမှုခံယူရန် နောက်ကျသွားပြီဖြစ်သည်။ “အရင်က အပြင်တွေ ခဏခဏခေါ်ထုတ်ပေးဖြစ်တယ်။ အမေကလည်း အပြင်သွားရတာကိုပျော်တယ်။ အခုနောက်ပိုင်း ကားတွေသိပ်ရှုပ်လာတဲ့အချိန်ကျတော့ အမေလည်း စိတ်ရှုပ်လာတယ်။ အဲဒီတော့ခရီးသွားပေးတယ်။ နောက်ပိုင်း ဆီး၊ ဝမ်း မနိုင်ဖြစ်တာနဲ့ ခရီးသိပ်မထွက်ဖြစ်တော့ဘူး”

အဘွားဒေါ်ဖေ့သ်ဝီလျံလေးက ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို အထူးသဘောကျကြောင်းသိရသည်။

မိဘတွေက ကိုယ်ငယ်ငယ်တုန်းကလည်း ကိုယ့်ကိုအများကြီးသည်းခံပြီး အလိုလိုက်ပေးခဲ့တယ်၊ အဆင်ပြေအောင်လုပ်ပေးခဲ့တယ်။ ငယ်ငယ်တုန်းက ကိုယ်အကြိမ်ကြိမ်မေးခဲ့တဲ့ မေးခွန်းတွေကို မိဘတွေက သည်းခံပြီးဖြေခဲ့တယ်။ အဲဒါတွေကို ပြန်စဉ်းစားပါ. . ကိုယ်ပူဆာသမျှကို လုပ်ပေးခဲ့တာကို ပြန်စဉ်းစားပြီး အခု မိဘဂျီကျချိန်မှာ အကောင်းဆုံးပြန်လုပ်ပေးပါ . . .

“အမေဆိုရင် ငယ်ငယ်တုန်းကပုံစံနဲ့ လုံးဝတခြားစီဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အန်တီတို့က စိတ်ရှည်လက်ရှည်ပြုစုပေးခဲ့တယ်။ မေးသမျှကို အကြိမ်ကြိမ်ဖြေပေးခဲ့တယ်။ ဒါက နေ့စဉ်နေ့တိုင်းဆိုတော့ လွယ်တော့မလွယ်ပါဘူး။ အရင်တုန်းက ကုသလို့ရမှန်းမသိခဲ့ဘူး၊ အဲဒီအတွက် မကုသမိခဲ့ဘူးလေ။ အခုကျတော့ ကုသလို့ရနေပြီဆိုတဲ့အတွက် အယ်လ်ဇိုင်းမားရောဂါရှိသူတွေကို ပြုစုနေတဲ့ သားသမီးတွေအားလုံးကို ကိုယ့်မိဘကို ကုသပေးကြဖို့ ပြောချင်ပါတယ်”ဟု တိုက်တွန်းခဲ့သည့်အပြင် အယ်လ်ဇိုင်းမားရောဂါရှိသူ လူကြီးမိဘတို့ကို ရေရှည်ပြုစုပေးရမည့်ကိစ္စဖြစ်၍ သူ့အတွေ့အကြုံအရ အခြားသူတို့အား ယခုလို အကြံပြုအားပေးစကား ပြောကြားခဲ့ပါသည်။

“ဒါက ကိုယ့်မိဘပဲလေ . .သူတို့က ဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ဘူး။ ဒါက ရောဂါတစ်ခုဖြစ်သွားတဲ့အတွက် သူတို့ကို နားလည်ပေးပါ၊ စိတ်ရှည်ပါလို့ ပြောချင်ပါတယ်။ တစ်ခါတစ်ခါမှာ သူတိုရဲ့စိတ်က နဂိုစိတ်နဲ့ ပြောင်းပြန်ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့အတွက် သူတို့ကိုစိတ်ရှည်ပေးပါ။ စဖြစ်တုန်းက မေးခွန်းတွေကို အကြိမ်ကြိမ်မေးတယ်။ အဲဒီကစပြီး သည်းခံပေးပါ. . မိဘဆိုရင် သားသမီးတွေက ပိုပြီး သည်းခံပေးသင့်တယ်။ မိဘတွေက ကိုယ်ငယ်ငယ်တုန်းကလည်း ကိုယ့်ကို အများကြီးသည်းခံပြီး အလိုလိုက်ပေးခဲ့တယ်၊ အဆင်ပြေအောင် လုပ်ပေးခဲ့တယ်။ ငယ်ငယ်တုန်းက ကိုယ်အကြိမ်ကြိမ်မေးခဲ့တဲ့ မေးခွန်းတွေကို မိဘတွေကသည်းခံပြီး ဖြေခဲ့တယ်။ အဲဒါတွေကို ပြန်စဉ်းစားပါ. . ကိုယ်ပူဆာသမျှကို လုပ်ပေးခဲ့တာကို ပြန်စဉ်းစားပြီး အခု မိဘဂျီကျချိန်မှာ အကောင်းဆုံးပြန်လုပ်ပေးပါ။

သူငယ်ပြန်တဲ့အခါ ကလေးလို ပြန်ဖြစ်သွားတယ်ဆိုပေမယ့် ကလေးလုံးလုံးဖြစ်တာ မဟုတ်ဘူးလေ။ သူတို့ခေါင်းထဲမှာ သိနေတာတွေက ကလေးထက်များတော့ ကလေးလို ချော့မော့လို့မရပါဘူး။ အဲဒီအတွက် စိတ်ရှည်ရှည်ထားပေးပါလို့ ပြောချင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top