Healthy Life Ad
International

ဦးနှောက်အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းမပါဘဲ မွေးလာပြီး အသက်ရှင်နေသည့် အံ့ဖွယ်ကလေးငယ်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှ ချာလော့ဒ်တီယု့စ် နဲ့ဝီလ်တော့ဒ်တို့စုံတွဲဟာ သူတို့ရဲ့ကိုယ်ဝန် ၁၃ပတ် အရောက်မှာပဲ ပုံမှန်ကိုယ်ဝန်မဟုတ်ကြောင်း အသိပေးခံခဲ့ရပါတယ်။

အမြွှာကိုယ်ဝန်ဖြစ်ပြီး ကလေးတစ်ယောက် အသက်ရှင်သန်နိုင်ဖွယ်မရှိကြောင်း ဆရာဝန်က ရှင်းပြခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက် အစိတ်အပိုင်း အတော်များများမဖွံ့ဖြိုးတဲ့အတွက် အသက်ရှူတာလို လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ဖွယ်မရှိတာကြောင့်လို့ သိခဲ့ရပါတယ်။ သူတို့စုံတွဲဟာ မျှော်လင့်ချက်မဲ့ပြီး အတတ်နိုင်ဆုံးကိုယ်ဝန်ကို စောင့်ရှောက်ကာ မွေးဖွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ အမြွှာသမီး နှစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပေမယ့် သမီးငယ် အန်နီရာတော့ဒ်မှာ ဦးခေါင်းခွံအပြင်မှာ ဦးနှောက်ကြီးထွားတဲ့ရောဂါ (Encephalocele) နဲ့မွေးဖွားလာခဲ့ပါတယ်။ ဒီရောဂါက မျိုးဗီဇကြောင့် ဖြစ်ပွားတတ်ကာ အလွန်ရှားပါးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကလေး ၁၀,ဝ၀ဝ မွေးတိုင်း တစ်ကြိမ်ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ကလေးအသက်ရှင်နိုင်ဖွယ်မရှိပေမယ့် ဆရာဝန်တွေက သက်သောင့်သက်သာဖြစ်အောင် အောက်ဆီဂျင်စက်နဲ့ အစာပြွန်တပ်ပေးထားခဲ့ပါတယ်။

တစ်ရက်ကြာပြီးနောက်မှာ အသက်ရှူစက်ကို ကလေးဆီကဖြုတ်ကြည့်ခဲ့ရာ အသက်ရှူရပ်သွားခဲ့တာကြောင့် ပြန်တပ်ပေးခဲ့ရပါတယ်။ စက်အကူအညီနဲ့ အသက်ရှူရတာက ကလေးအပေါ် ရက်စက်ရာကျတာကြောင့် စက်ဖြုတ်ပြီး အိမ်ကိုပြန်သယ်သွားကာ နာရေးအတွက် ပြင်ဆင်ဖို့ ဆရာဝန်တွေက အကြံပေးခဲ့ပါတယ်။ ကြေကွဲစွာနဲ့ လက်ခံခဲ့ရပြီး စက်ဖြုတ်ခဲ့တဲ့အခါ ကလေးက အသက်ရှူလာနိုင်ရုံသာမက အိမ်ရောက်တဲ့အခါ အစာပြွန်ဖြုတ်ကာ ကိုယ်တိုင်စားနိုင်စပြုလာခဲ့ပါတယ်။ လေးလကြာပြီးနောက်မှာ အရှုံးမပေးတဲ့ အန်နီရာလေးဟာ ကျန်းမာလျက်ရှိနေပါသေးတယ်။ ကလေးဟာ နိုးကြားတက်ကြွရုံသာမက ပြုံးပြရယ်ပြတတ်နေပြီလို့ ဆိုပါတယ်။

ပုံမှန်ဆေးစစ်မှုတွေ လုပ်နေရပြီး ကလေးရဲ့သေးငယ်တဲ့ ဦးနှောက်အပိုင်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ဘယ်လောက်အတိုင်းအတာထိ လုပ်ဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ သိရပါတယ်။

(Ref; DS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top