Healthy Life Ad
Life Style

နားထိခိုက်ဒဏ်ရာရခြင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ဦးခေါင်းဒဏ်ရာရတဲ့အခါ နားကိုပါ ထိခိုက်နိုင်ပါတယ်။ အပြင်နားမှာ သွေးခြေဥနိုင်တယ်။ နားရွက်မှာရှိတဲ့ အရိုးလေးတွေ ရောင်နိုင်တယ်။ အပြင်နား တစ်ခုလုံးလည်း ရောင်နိုင်တယ်။ အပြင်နားတူးမြောင်းမှာ သွေးခဲတွေ ပိတ်နေနိုင်တယ်။

နားကို ထိခိုက်ဒဏ်ရာရတဲ့အကြောင်းကိုလည်း ပြောပြပါရစေ။ ဒဏ်ရာရစေတဲ့ အကြောင်းကလည်း အများကြီးပါပဲ။ နားရွက်ကိုက်ဖြတ်တာတောင် ပါသေးတယ်။ ငယ်ငယ်ကသူများပစ္စည်းယူတာ မဆုံးမခဲ့လို့ သူခိုးကြီးဖြစ်ပြီး နောက်ဆုံး အသတ်ခံရခါနီးမှာ အမေ့နားရွက်ကိုက်တာတို့၊ မိုက်တိုင်ဆန်တို့လိုမျိုးပေါ့။ အဲဒါမျိုးက ပိုးဝင်တာများတယ်။ ပိုးဝင်ရင် နားအရိုးနုရောင်တယ်။ အရိုးနုရောင်ရင် နားရွက်ပုံ ပျက်တတ်တယ်။ ဒါကြောင့် သေသေချာချာ ကုသမှု ခံယူရမှာပါ။

လက်သီးနဲ့ ထိုးတာ၊ တုတ်နဲ့ ရိုက်တာလိုမျိုး Blunt Injuries တွေကျတော့ သွေးကြောပေါက်ပြီး သွေးခြေဥတတ်တယ်။ အသက်ကြီးတဲ့လူတွေမှာ သွေးကြောပေါက်လွယ်တဲ့အတွက် ပိုဆိုးပါတယ်။သွေးခြေဥတာကလည်း နားအရိုးနုနဲ့ သူ့ကို အာဟာရပေးတဲ့ အမြှေးကြားမှာ ဖြစ်တာ။သွေးတွေက အဲဒီနှစ်ခုကြားမှာကြားဝင်နေတော့ နားအရိုးနုခမျာ အစာပြတ် ရေပြတ်ဖြစ်ပြီး ပျက်စီးလာရတော့တယ်။အဲဒီအခါ နားရွက်ပုံ ပျက်လာပါတယ်။ ဂေါ်ဖီပန်းနဲ့ တူလို့ Cauliflower Ear လို့ ခေါ်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ပေါ့ဆမနေဘဲ တတ်ကျွမ်းတဲ့သူတွေနဲ့ ကုသမှု ခံယူရပါမယ်။

ထိခိုက်ဒဏ်ရာရရင် တစ်သျှူးတွေ ဆုံးရှုံးပါတယ်။ အနာကျက်တဲ့အခါ ဆုံးရှုံးသွားတဲ့ တစ်သျှူးတွေကို အစားထိုးပါတယ်။ လိုတာထက်ပိုပြီး အစား ထိုးရင် အနာကျက်တဲ့အခါ မျက်နှာပြင်အပေါ်ကို ဖောင်းကြွနေတတ်ပါတယ်။ ကီးလွိုက်အမာရွတ်လုံး (Keloid) လို့ခေါ်တယ်။ ကားလမ်းမှာ ချိုင့်ဖြစ်နေလို့ ဖို့တဲ့အခါ အနေတော်မဖို့ဘဲ ထပ်ပြီးဖို့ရင် အပေါ်ကို မောက်တက်လာတာမျိုးပေါ့။ အဲဒါမျိုးဖြစ်ရင် ကုရ ခက်ပါတယ်။ အလုံးကို ခွဲထုတ်ရင်လည်း ပြန်ဖြစ်တတ်တယ်။ ခွဲပြီး စတီးရွိုက်ဆေးထိုးကြတယ်။

အပြင်နားတူးမြောင်းမှာလည်း ဒီတိုင်းလျှောက် ကော်တာတို့၊ ပြင်ပပစ္စည်းဝင်လို့ ကလော်တာတို့ကြောင့် အပြင်နားရောင်နိုင်ပါတယ်။ အဲဒါဆိုရင် နားကိုက်မယ်၊ နားက ပိတ်ဆို့ဆို့ကြီးဖြစ်နေမယ်၊ နားအကြားခဏလျော့သွားမယ်။ အရောင်ကျမှ ပြန်ကြားမယ်။ နားထဲက အရည်ထွက်နိုင်တယ်။ အလကားနေရင်း နားကို ကလိတဲ့ အကျင့်တွေ ဖျောက်ပါ။

ထိခိုက်မိလို့ နားစည်ပေါက်တာကြားဖူးကြမှာပါ။ကိုယ်တိုင်တောင်ကြုံဖူးမလားမသိဘူး။ မီးသတ်ပိုက်ကြီးတွေနဲ့ ရေပက်တဲ့ အချိန်တုံးက နားစည်တွေ တော်တော်ပေါက်ပါတယ်။ ပြင်ပပစ္စည်းဝင်တာကို မကျွမ်းကျင်ဘဲ ထုတ်တဲ့အခါ နားစည်ထိမိနိုင်ပါတယ်။ ရုတ်တရက် လေဖိအားပြောင်းရင် ဥပမာ-လက်ဝှေ့ထိုး၊ လက်နဲ့ရိုက်မိ၊ ပေါက်ကွဲရင်ဖြစ်နိုင် တယ်။ ရုတ်တရက် အရည်ဖိအားပြောင်းရင် ဥပမာ-နားထဲမှာ ရေ ဒါမှမဟုတ် အရည်နဲ့ ပြည့်နေတုံး ထိခိုက်မိတာမျိုး (ရေကူးရင်း၊ ဝေါ်တာပိုလိုကစားရင်း) မှာလည်း ဖြစ်နိုင်ပါတယ်။

နားခွဲစိတ်ရင်းနဲ့လည်း ဒဏ်ရာရနိုင်ပါတယ်။အလယ်နားအရိုးခိုင်တဲ့ရောဂါကို ခွဲစိတ်ကုသတဲ့အခါ ခိုင်နေတဲ့ အရိုးကို ခွဲစိတ်ထုတ်ပစ်ပြီး ပစ်စတင် အစားထိုးပါတယ်။ အဲဒီအခါ နားထိခိုက်နိုင်ပါတယ်။

နာတာရှည် နားပြည်ယိုတဲ့ လူနာတွေမှာ နားနောက်ဖက်က အရိုးကိုခွဲစိတ်တဲ့အခါ ဦးခေါင်းအာရုံ ကြောမကြီးနံပါတ်(၇) ထိခိုက်မိနိုင်ပါတယ်။ ပါးရွဲ့ တာတို့၊ မျက်စိပိတ်မရတာတို့ ဖြစ်နိုင်ပါတယ်။

ဦးခေါင်းဒဏ်ရာကြောင့် ခံစားရသော နားဝေဒနာများ
ဦးခေါင်းဒဏ်ရာရတဲ့အခါ နားကိုပါ ထိခိုက်နိုင်ပါတယ်။ အပြင်နားမှာ သွေးခြေဥနိုင်တယ်။နားရွက်မှာရှိတဲ့ အရိုးလေးတွေ ရောင်နိုင်တယ်။ အပြင်နား တစ်ခုလုံးလည်း ရောင်နိုင်တယ်။ အပြင်နားတူးမြောင်းမှာ သွေးခဲတွေ ပိတ်နေနိုင်တယ်။

အလယ်နားမှာ နားစည်ပေါက်နိုင်တယ်။အလယ်နားအရိုးလေးတွေ ပြုတ်ကုန်လို့ နားအကြား လျော့နိုင်တယ်။ အာရုံကြောမကြီးနံပါတ်(ရ) ထိခိုက်ရင် မျက်နှာရွဲ့သွားနိုင်တယ်။ အလယ်နားမှာ သွေးတွေ ပြည့်နေနိုင်တယ်။

အတွင်းနားမှာဆိုရင် အတွင်းနားရောင်နိုင်တယ်။ဦးခေါင်းထဲကအရည်တွေ နားထဲ ရောက်လာနိုင်တယ်။ နောက်ဆက်တွဲပြဿနာအနေနဲ့ ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ထဲမှာ ပြည်တည်တာ၊ ခေါင်းထဲကသွေးကြောကြီးထဲမှာ သွေးခဲတာတွေ ဖြစ်နိုင်တယ်။

အဲဒီလိုခံစားရတာတွေဟာ နားရှိနေတဲ့ အရိုးကျိုးလို့ပါ။ အရိုးကျိုးတာကလည်း နားရှိနေတဲ့အရိုးနဲ့ ပြိုင်ပြီး ကျိုးတာနဲ့ ထောင့်ဖြတ်ကျိုးတာဆိုပြီး နှစ်မျိုးရှိတယ်။ နားရိုးနဲ့ ပြိုင်ပြီး ကျိုးတာက ၈၀ ရာခိုင် နှုန်းဖြစ်ပြီး ထောင့်ဖြတ်ကျိုးတာက ၂၀ ရာခိုင်နှုန်း ဖြစ်တယ်။ ပထမအမျိုးအစားမှာ ခေါင်းကို ဘေးကနေထိမိလို့ဖြစ်ပြီး အသံသယ်ဆောင်တဲ့လမ်းကြောင်းမှာ ထိခိုက်လို့ နားအကြားလျော့တာမျိုး ဖြစ်တတ်တယ်။ ဒုတိယအမျိုးအစားက ပိုဆိုးပါတယ်။ ခေါင်းကို ရှေ့က ဒါမှမဟုတ် အနောက်က ထိမိလို့ ဖြစ်ရတာ။ အတွင်းနားထိမိလို့ အကြားလျော့မယ်။ချာချာ လည်မူးမယ်။ အာရုံကြောနံပါတ် ၉က ၁၂အထိ ထိခိုက်နိုင်တယ်။ ဦးခေါင်းထဲမှာလည်း ဖိအားများလာနိုင်တယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရရင် အသက်ပါ ဆုံးရှုံး နိုင်ပါတယ်။ မထိခိုက်မိအောင် ကာကွယ်နိုင်ရင် အ ကောင်းဆုံးပါပဲ။ လမ်းစည်းကမ်းကို လိုက်နာဖို့အရေးကြီးပါတယ်။ အတ္တကိုရှေ့တန်းတင်ပြီး ကိုယ်ကပဲ အရင်သွားချင်ပြီး ဇွတ်လုပ်ကြရင်၊ ကိုယ့်လိုပဲကိုယ်အရင်သွားရပြီးရောဆိုပြီး လုပ်နေတဲ့သူနဲ့တွေ့ရင် မတွေး ဝံ့စရာပါပဲ။ အန္တရာယ်ကိုရှောင်ချင်လို့ ကိုယ်ကိုယ်တိုင်စည်းကမ်းလိုက်နာတဲ့အပြင် သူများလူ လည်လုပ်တာကိုလည်း သည်းခံခွင့်လွှတ်ပြီး ရှောင်ပေးတဲ့လူတွေကိုတွေ့တိုင်း ငါလည်လို့ သွားရတာ။ သူတို့က “အ”လို့ ခံရတာလို့ မမှတ်ပါနဲ့။ ‘အတ္တသမား ကျွန်တော်’ အချင်းချင်းရင်ဆိုင်တွေ့ရင်တော့ မနည်းမနောသော အန္တရာယ်အပေါင်းက စောင့်ကြိုနေတယ်ဆိုတာ သတိပေးလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top