Healthy Life Ad
Life Style

လူ လူချင်း ဘာကြောင့် သတ်ကြတာလဲ . . .(၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဒေါ်မြမှူးသွယ်မေးထားတဲ့ လူလူချင်း ဘာကြောင့် သတ်ကြသလဲဆိုတဲ့ မေးခွန်းကို ဆက်လက် ဖြေကြားပါမယ်။ လူသတ်မှုကျူးလွန်သူတွေထဲမှာ စိတ်ရောဂါကြောင့် ပြစ်မှုကျူးလွန်သူ ၁၀ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ အဲဒီအထဲမှာ တစ်ဝက်လောက်က စိတ်ကျရောဂါရှင်တွေ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရရင် အကြမ်းဖက်တဲ့ အပြုအမူ ပြုလုပ်မိဖို့ အလားအလာ ငါးဆ ပိုမိုလာပါတယ်။ လူသတ်မှုကျူးလွန်သူတွေထဲမှာ ၆ ရာခိုင်နှုန်းခန့်ဟာ ဆိုးရွားပြင်းထန်တဲ့ စိတ်ကျရောဂါ ခံစားနေရပါတယ်။
_ _ _

အသက် ၃၀ ကျော် သားဖွားပြီးစ မိခင်တစ်ဦးဟာ သူမရဲ့ ခင်ပွန်းမသိအောင် ဓာတ်ဆီပုံးကို ဝှက်ထားတယ်။ တစ်ည သူမရဲ့ ခင်ပွန်းအိပ်ပျော်နေချိန်မှာ သုံးလသားအရွယ် သားငယ်နဲ့ လေးနှစ်သမီးကို တခြားအိပ်ခန်းတစ်ခုထဲ ခေါ်သွား၊ အခန်းတံခါးပိတ်၊ ဓာတ်ဆီလောင်းပြီး အခန်းကို မီးရှို့လိုက်တယ်။ သုံးဦးစလုံး မီးလောင် သေဆုံးသွားပါတယ်။ အဲဒီအမျိုးသမီးဟာ “မီးနေသည် စိတ်ကျရောဂါ” (Post-partum Depression) ခံစားနေရသူ ဖြစ်တယ် (AIOC 1999)

သြစတြေးလျနိုင်ငံမှာ မကြာခဏကြားရတဲ့ သတင်း တစ်ခုရှိပါတယ်။ ခင်ပွန်းက ဇနီးကို နေ့စဉ်နေ့တိုင်း လပေါင်း၊ နှစ်ပေါင်းများစွာ နှိပ်စက်တယ်၊ ရိုက်နှက်တယ်၊ အမျိုးမျိုးအနိုင်ကျင့်တယ်။ တစ်နေ့မှာတော့ ဒဏ်မခံ နိုင်တော့တဲ့ ဇနီးက ပြန်လှန်ခုခံပြီး ခင်ပွန်းကိုသတ်မိတဲ့ သတင်းမျိုးဖြစ်ပါတယ် . . .

သားဖွားပြီးစ မိခင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းမှာ မီးနေသည် စိတ်ကျရောဂါ ဖြစ်ပွားတတ်ပါတယ်။ အလွန်အမင်း စိတ်ညစ်ညူးခြင်း၊ အိမ်သူအိမ်သားမိတ်ဆွေတွေနဲ့ပြောဆိုဆက်ဆံလိုစိတ်မရှိခြင်း၊ အရာရာမှာ စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မဆောင်ရွက်နိုင်ခြင်း၊ အာရုံစိုက်နိုင်မှု ချို့ယွင်းခြင်း၊ အစားအသောက် ပျက်ခြင်း၊ အိပ်ရေးပျက်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရှိရပါတယ်။

အဲဒါအပြင် အရေးကြီးတဲ့ ရောဂါလက္ခဏာတွေ ဖြစ်တဲ့ မိမိကိုယ်ကိုယ် အပြစ်မြင်ခြင်း၊ မိမိက မိခင်ကောင်းတစ်ယောက်မဟုတ်လို့ ယုံကြည်နေခြင်း၊ မွေးကင်းစကလေးအပေါ် ချစ်ခင်တွယ်တာတဲ့ စိတ်ခြောက်ခမ်းလာခြင်း၊ မိမိနဲ့ ကလေးငယ်ကို အန္တရာယ်ပြုလိုစိတ် ပေါ်ပေါက်ခြင်းတို့ကိုလည်းတွေ့ ရှိနိုင်ပါတယ်။

ဒါထက် ရောဂါဆိုးရွားလာရင် စိတ္တဇလက္ခဏာ တွေ ခံစားလာရပါတယ်။ ဥပမာ- မွေးကင်းစကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းနေတယ်၊ “ဒီကလေးဟာ ငါ့ကလေးမဟုတ်ဘူး”၊ “ကလေးမှာ အသက်မရှိတော့ဘူး”၊ ဝမ်းဗိုက်ထဲမှာ “ဘေလုံး” ရှိတယ်၊ “အပင်းသွင်း”တာခံထားရတယ်၊ စုန်းပြုစားခံရတယ် စသဖြင့်အဖြေရှာတတ်ကြပါတယ်။ အဲဒီလို ယုံကြည်ချက်ကြောင့် ထိရောက်တဲ့ ဆေးပညာကုထုံးနဲ့ မကုသခင် ပယောဂဆရာတွေနဲ့ ကုသမှု ခံယူတတ်ကြပါတယ်။ စိတ္တဇစိတ်ကျရောဂါဟာ အလျင်အမြန် ဆေးကုသမှု ခံယူသင့်တဲ့ အရေးပေါ် စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကို ကုသဖို့အတွက် စိတ်ကျ ရောဂါပျောက်ဆေး၊ စိတ္တဇရောဂါပျောက်ဆေးနဲ့ “အီးစီတီ”ကုထုံးတွေ ရှိပါတယ်။ တခြားကုထုံးတွေနဲ့ စမ်းသပ်ကုသပြီး အချိန်နှောင့်နှေးကြန့်ကြာမနေသင့်ပါ။
_ _ _

လူကောင်းကနေ လူဆိုးဖြစ်အောင် ဖန်တီးပေးတဲ့ အခြေအနေကြောင့် လူသတ်မှု ကျူးလွန်”မိ”သူတွေလည်း ရှိပါတယ်။ ဥပမာ= အိမ်ထဲကို ဖောက်ထွင်းဝင်လာတဲ့ လူဆိုးက အိမ်ရှင်ကို ဓားနဲ့ထိုးဖို့ ကြိုးစားလို့ အိမ်ရှင်ကခုခံရင်း လူဆိုးသေဆုံးသွားတာမျိုးဖြစ်ပါတယ်။ မိမိအသက်အန္တရာယ်ကို ကာကွယ် တဲ့အပြုအမူကြောင့် လူသတ်မှုကျူးလွန်မိခြင်း (Self-Defense) ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ မကြာခဏ ကြားရတဲ့ သတင်းတစ်ခုရှိပါတယ်။ ခင်ပွန်းက ဇနီးကို နေ့စဉ်နေ့တိုင်း လပေါင်း၊ နှစ်ပေါင်းများစွာ နှိပ်စက်တယ်၊ ရိုက်နှက်တယ်၊ အမျိုးမျိုး အနိုင်ကျင့်တယ်။ တစ်နေ့မှာတော့ ဒဏ်မခံနိုင်တော့တဲ့ ဇနီးက ပြန်လှန်ခုခံပြီး ခင်ပွန်းကို သတ်မိတဲ့ သတင်းမျိုး ဖြစ်ပါတယ်။ ကြောက်ကန်ကန်ရင်း လက်လွန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ မိမိအသက်ကို ကာကွယ်တဲ့ အပြုအမူကြောင့် လူသေမှုဖြစ်ရတယ်လို့ တရားရုံးမှာ ထုချေနိုင်ပါတယ်။ ရေရှည်ရိုက်နှက်ညှင်းဆဲဒဏ်ခံရတဲ့ ဇနီးမှာ “ထုရိုက်ခံဇနီးဝေဒနာ” (Battered Wife Syndrome) ခံစားနေရတယ်။ ဒါကြောင့် ပြစ်မှုကို လျှော့ပေါ့စဉ်းစားဖို့ တရားရုံးမှာ အယူခံကြပါတယ်။
_ _ _

နိဂုံး
လူလူချင်း ဘာကြောင့် သတ်သလဲဆိုတဲ့ မေး ခွန်းကို စိတ်ကျန်းမာရေး ဆေးပညာရှုထောင့်အမြင် နဲ့ ဆွေးနွေးခဲ့ပါတယ်။ (Healthy Life Journal အမှတ် ၅၃၊ ၅၄၊ ၅၅နဲ့ အခု ၅၆)။

နိုင်ငံအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွား ရေးကျဆင်းမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားခြင်း ကြီးထွားမှု၊ အရက်စွဲ မူးယစ်ဆေးစွဲသူ များပြားမှုတွေကြောင့် လူသတ်မှုနှုန်း များပြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ လူတစ်ဦးချင်းအနေနဲ့ ပြောရရင် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူနဲ့ လိင်ဆန္ဒချို့ယွင်း ဖောက်ပြန်သူတွေဟာ လူသတ်မှု ကျူးလွန်လွယ်သူတွေဖြစ်ကြောင်း ရှင်းလင်းရေးသားခဲ့ပါတယ်။ စိတ္တဇ ရောဂါ ခံစားရသူတချို့ဟာ ရောဂါလက္ခဏာတွေကြောင့် အမှားအမှန်ကို မခွဲခြားနိုင်ဘဲ လူသတ်မှု ကျူးလွန်တတ်ပုံကို တင်ပြခဲ့ပါတယ်။ ဘေးအန္တရာယ် တစ်ခုခုကို ကာကွယ်ရင်း လူသတ်မှု ကျူးလွန်နိုင်တာကိုလည်း ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ စစ်ဖြစ်လို့ လူသေရတာ၊ တယူသန် အကြမ်းဖက်သမားတွေကြောင့် လူသေရတာ၊ အဓိက ရုဏ်းဖြစ်ပွားလို့ လူသေရတာတွေက ပိုမို များပြားပါတယ်။ ဒီကိစ္စတွေကိုတော့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top