Healthy Life Ad
Life Style

ဆိုရီးယေးစစ်ဂျွတ် ပွေးနာရောဂါ (Psoriasis) အကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကု ဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံ။

ဆိုရီးယေးစစ်ရောဂါရှင်တွေက ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းလောက်အထိ ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်မှာ မြောက်ဥက္ကလာပဆေးရုံကြီး၊ အရေပြားဌာနမှာဆိုရင်လည်း ဆိုရီးယေးစစ်ရောဂါလူနာတွေက တစ်နေ့ထက်တစ်နေ့ များလာပါတယ်။ ဒီရောဂါကို သိပြီးတဲ့အခါ စောစောကုသစေချင်တယ်။ ကုတဲ့အခါ စနစ်တကျ ကုစေချင်တယ်။ ဒီရောဂါက ကူးစက်ရောဂါလည်း မဟုတ်ဘူး၊ ပိုးကြောင့်ဖြစ်တာလည်း မဟုတ်ဘူး၊ ဆိုရီးယေးစစ်ဆိုတာက သူ့အလိုလို ဖြစ်လာတတ်တာပါ။ ကိုယ်ခံအားစနစ် ပြောင်းလဲသွားတဲ့အခါ အရေပြားမှာ အနီဖုတွေထွက်လာတယ်၊ အနီကွက်တွေ ထွက်လာတယ်၊ အနီဖုတွေပေါ်မှာ အကြေးခွံ အထပ်အကြီးကြီးတွေ ဖုံးထားတယ်။

အဲဒါကြောင့် ခံစားရတဲ့ ဝေဒနာရှင်မှာ ရုပ်လည်းဆိုးတယ်၊ တံတောင်၊ ဒူးနဲ့ ဦးရေပြားမှာလည်း ဖြစ်တတ်တယ်။ ဒီရောဂါရှိလာရင် နာတာရှည်ခံစားရတဲ့အတွက် စိတ်ဝေဒနာဖြစ်လာတယ်၊ လူကြားသူကြားထဲ မသွားချင်ဘူး။ အသက်အရွယ်မရွေး လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ ရှစ်နှစ်ကနေ အသက်ကြီးပိုင်းအထိ ဖြစ်တတ်ပေမယ့် ပျမ်းမျှအားဖြင့် အသက် ၂၂ နှစ်အရွယ်လို့ ဆိုပါတယ်။ မိဘတစ်ဦးမှာရှိရင် ကလေးတွေမှာ ဖြစ်နိုင်ခြေ ရှစ်ရာခိုင်နှုန်းခန့်ရှိပါတယ်။ မိဘနှစ်ဦးမှာရှိရင် ကလေးတွေမှာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းရှိပါတယ်။

ဆိုရီယေးစစ်ရောဂါကို လိမ်းဆေး၊ စားဆေးတွေနဲ့ ကုသမှုပေးပါတယ်။ ပြည်သူ့ဆေးရုံကြီးတွေမှာ အလင်းပြကုထုံးလည်းရှိပါတယ်။ ကိုယ်ခံစွမ်းအားစနစ်နဲ့ဆိုတာဖြစ်လို့ ကိုယ်ခံစွမ်းအားထိန်းတဲ့ ကုသနည်းတွေနဲ့လည်း ကုသနိုင်ပါတယ်။ ဆရာမအတွေ့အကြုံအရ လုံးဝပျောက်ကင်းသွားတဲ့ လူနာတွေလည်း ရှိသလို ရောဂါဖြစ်လိုက်၊ သက်သာလိုက်နဲ့ နာတာရှည်ခံစားနေရတဲ့ လူနာတွေလည်းရှိပါတယ်။

ဒီနှစ်အတွင်းမှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ဆိုရီးယေးစစ်ရောဂါနဲ့ လာပြတဲ့ လူနာဦးရေ ၈၀ ခန့်ရှိပါတယ်။ ဆရာမအတွေ့အကြုံအရ ဆိုရီးယေးစစ်ရောဂါဖြစ်တဲ့ လူနာတွေက ပိုပိုများလာတယ်။ ဒါက ဒီရောဂါအကြောင်း ပိုသိလာလို့ ပိုကုတာဖြစ်နိုင်သလို အရေအတွက်တိုးလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။


ဒေါက်တာမင်းမင်းအေး
ကထိက၊ ဆေးတက္ကသိုလ် (၂)၊ အရေပြားဌာန။

ဆိုရီးယေးစစ်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်သေးပေမယ့် ရောဂါကာကွယ်တဲ့ စနစ်ကပြောင်းကပြန် ဖြစ်တာတွေရယ်၊ ပြင်ပပတ်ဝန်းကျင် အချက်အလက်တွေကြောင့်ရယ် ဖြစ်တတ်ပါတယ်။ ပြီးတော့ မျိုးရိုးဗီဇလည်း ထိုက်သင့်သလောက် ပါဝင်ပတ်သက်တယ်လို့ ဆိုပါတယ်။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး ဖြစ်နိုင်ပါတယ်။

ဆိုရီးယေးစစ်ရောဂါက သူများကိုလည်း မကူးဘူး။ ဒါပေမဲ့ သူနဲ့တွဲပြီး ဖြစ်တတ်တဲ့ ရောဂါတွေရှိပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေပါ။ တခြားရောဂါတွေလည်း အများကြီးရှိပါတယ်။


ဒေါက်တာဝင်းသီတာဖြူ
လက်ထောက်ဆေးရုံအုပ်၊
မြောက်ဥက္ကလာပဆေးရုံကြီး။

ဒီနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ World Psoriasis Day နေ့အထိမ်းအမှတ်အဖြစ် ဒီဆေးရုံမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် ဗိုက်အောင့်ရင်သာ ပြောထွက်ပေမယ့် အရေပြားယားတယ်ဆိုတာ ပြောထွက်ဖို့ခက်ပါတယ်။ ဒီလိုမျိုးရောဂါဖြစ်ရင် ကိုယ့်ဘာသာကျိတ်ပြီး ကုနေရင်းနဲ့ အရမ်းအခြေအနေ ဆိုးလာတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေက ကျန်းမာရေး အသိပိုရှိလာတဲ့အခါမှာ အရေပြားရောဂါဆိုတာ ရှက်စရာလည်း မဟုတ်တော့ဘူး။ ကုလို့ရတယ်ဆိုတာ သိလာတဲ့အတွက် ရောဂါအခြေအနေ မဆိုးခင်မှာ ကုသနိုင်သွားပါတယ်။ ဒါကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးမှာ ပထမဆုံးအကြိမ် လက်ခံကျင်းပပေးရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top