Healthy Life Ad
Life Style

နားအတွင်းပစ္စည်း အစားထိုးခွဲစိတ်ခြင်း (Cochlear Implant)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

နားအကြားလျော့တဲ့သူတွေကို နားကြားကိရိယာ တပ်ဆင်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာ နားကြားကိရိယာက အကြားအာရုံရအောင် မလုပ်ပေးနိုင်တာတွေလည်း ရှိပါတယ်။ အဲဒီအခါ နားအတွင်းပစ္စည်း အစားထိုးခွဲစိတ်ကြပါတယ်။ လွယ်အောင်ပြောရရင် နားကြားဖို့ လိုအပ်တဲ့အတွင်းနားက အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သူ့အစားအလုပ်လုပ်ပေးမယ့် စက်ကလေးကို ခွဲစိတ်ပြီးထည့်ပေးတာ ဖြစ်ပါတယ်။

ဒီကိရိယာကလေးဟာ အကြားအာရုံနဲ့ဆိုင်တဲ့ အတွင်းနားအပိုင်းက အလုပ်ကောင်းကောင်းမလုပ်တဲ့အခါ သူ့အလုပ်တွေကို သူ့ကိုယ်စားလုပ်ဖို့ ထည့်ပေးတာဖြစ်ပါတယ်။ အပိုင်း နှစ်ပိုင်း ပါပါတယ်။

၁။ အပြင်အပိုင်း

အပြင်အပိုင်းမှာ မိုက်ခရိုဖုန်း၊ အသံကိုပြုပြင်ပေးတဲ့အပိုင်းနဲ့ အသံကိုပို့ဆောင်ပေးတဲ့ ကွိုင်တို့ပါဝင်တယ်။ မိုက်ခရိုဖုန်းကို နားနောက်မှာကုပ်ပြီး တပ်ထားတယ်။ သူကအသံဖမ်းယူပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းပေးတယ်။ အဲဒီလျှပ်စစ်စွမ်းအင်တွေကို အသံကိုပြုပြင်တဲ့အပိုင်းဆီကို ပို့ပေးတယ်။ သူက အသံကိုပြုပြင်ပြီး အသံပို့ဆောင်တဲ့ ကွိုင်ဆီကို ပို့ပြန်တယ်။ အသံပို့ဆောင်တဲ့ကွိုင်ကို နားနောက်က ဦးရေပြားအောက်မှာ ခွဲစိတ်ပြီးထည့်ထားတာပါ။ သူက ခုနက ပြုပြင်ထားတဲ့အသံတွေကို နားအစားထိုးကိရိယာ အတွင်းပိုင်းကို ပို့ပေးပါတယ်။

၂။ အတွင်းပိုင်း

အတွင်းပိုင်းမှာ အသံပို့ဆောင်တဲ့ကွိုင်က ပို့လာတဲ့အသံတွေကို လက်ခံတဲ့အပိုင်း (Receiver stimulator package) ရယ်၊ Electrode တွေရယ် ပါတယ်။ အသံလက်ခံတဲ့ အပိုင်းကနေ electrode ဆီရောက်တယ်။ electrode ကို အသံကြားစေတဲ့ အတွင်းနားအပိုင်းထဲကို ထည့်ထားတယ်။ စစချင်းတုန်းက ချယ်နယ်တစ်ခုပဲ ထည့်နိုင်တာ။ အခုတော့ ချယ်နယ်အများကြီး ထည့်နိုင်ပါပြီ။

အကြားလျော့တာကို အတည်ပြုဖို့ စက်တွေနဲ့ အသက် ၃လအတွင်း စမ်းရပါမယ်။ အကြားလျော့တယ်လို့ အတည်ပြုပြီးတဲ့ ကလေးတွေကို သူတို့အသက် ၆လ အတွင်း နားကြားကိရိယာ၊ ဒါနဲ့မှမရရင် နားအစားထိုး နိုင်ဖို့ကတော့ ကျွန်မတိုရဲ့အိပ်မက်ပါ။ တကယ်အကောင် အထည်ဖော်နိုင်ဖို့ ပြည်သူတွေ၊ တာဝန်ရှိသူတွေ၊ ကျွန်မတို့အားလုံးပါဝင်ရမှာပါ . . .

နားအစားထိုးတာအောင်မြင်ဖို့ အရေးကြီးတာက ဘယ်သူ့ကို ခွဲစိတ်မလဲဆိုတာပါ။ ဒီပစ္စည်းက တန်ဖိုးကြီးတယ်။ တပ်လို့ သင့်တော်မယ့်သူတွေကို ခွဲပေးလိုက်ရင်တော့ တော်တော်အကျိုးရှိပါတယ်။ အကြားအာရုံလျော့ပြီး နားကြားကိရိယာနဲ့ နားပြန်မကြားတဲ့ကလေးတွေမှာ နားအစားထိုးလိုက်နိုင်ရင် နားကြားပြီး စကားပြောနိုင်မယ်။ ဘာသာစကားတတ်မြောက်လာမယ်။ အကြားအာရုံမလျော့တဲ့ ကလေးတွေလိုပဲ ရှင်သန်နိုင်မယ်။ စာပေသင်ယူနိုင်မယ်။

ဒီလိုဖြစ်နိုင်ဖို့ မွေးကင်းစကလေးတွေ တစ်လအတွင်း နားစမ်းရပါမယ်။ အကြားလျော့တာကို အတည်ပြုဖို့ စက်တွေနဲ့ အသက် ၃လအတွင်း စမ်းရပါမယ်။ အကြားလျော့တယ်လို့ အတည်ပြုပြီးတဲ့ ကလေးတွေကို သူတို့အသက်၆လအတွင်း နားကြားကိရိယာ၊ ဒါနဲ့မှမရရင် နားအစားထိုးနိုင်ဖို့ကတော့ ကျွန်မတိုရဲ့အိပ်မက်ပါ။ တကယ် အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူတွေ၊ တာဝန်ရှိသူတွေ၊ ကျွန်မတို့အားလုံး ပါဝင်ရမှာပါ။

နားအစားထိုးတာဟာ အတွင်းနားမကောင်းတာအတွက်ဖြစ်လို့ အပြင်နားနဲ့ အလယ်နားရောဂါတွေအတွက် မသင့်တော်ပါဘူး။ ပြီးတော့ တခြားခွဲစိတ်နည်းတွေနဲ့မတူတာက ခွဲစိတ်ပြီးနောက်ပိုင်းမှာလည်း မိသားစုကအချိန်ပေးပြီး ဆက်လုပ်စရာတွေ ရှိပါသေးတယ်။ အချိန်အားလျော်စွာ စက်ကို ညှိပေးတာတို့၊ စကားပြောလေ့ကျင့်တာတို့အတွက်ပါ။ ဘာပဲဖြစ်ဖြစ် ရလဒ်ကောင်းရဖို့ ကြိုးစားရမှာပါ။

နားကို ထိခိုက်စေတဲ့ဆေးတွေ . . .

နားကိုထိခိုက်စေတဲ့ ပစ္စည်းပေါင်း၂၀ဝ ကျော် ရှိတဲ့အနက် ဆေးဝါးတွေကလည်း နားကိုထိခိုက်စေပါတယ်။ ထိခိုက်တာမှ အကြားအာရုံနဲ့ ဆိုင်တဲ့အပိုင်းရော၊ ဟန်ချက်ထိန်းတဲ့အပိုင်းပါ ထိခိုက်နိုင်ပါတယ်။ အတွေ့ရများတဲ့ ဆေးတချို့ကို တင်ပြချင်ပါတယ်။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲကို ပိုးကောင်တွေဝင်လာပြီး ရောဂါဖြစ်စေပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ကပြန်ပြီး တိုက်ထုတ်ပါတယ်။ ကျုးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ရသလိုပေါ့။ ကိုယ်ခံအားစနစ်က ကြိုးစားတိုက်ခိုက်နေတဲ့အချိန်မှာ အပြင်ကနေ ပိုးတွေသေစေနိုင်တဲ့ ဆေးဝါးတွေသောက်ရင်၊ ဆေးတွေထိုးရင် ပိုးတွေ မြန်မြန်သေပြီး ပြန်နေကောင်းသွားတာပေါ့။ ဒါကြောင့်လည်း ဆရာဝန်တွေက လူနာတွေကိုဆေးဝါးနဲ့ ကုသကြတာပါ။ တချို့ဆေးဝါးတွေက အစွမ်းထက်ပေမယ့် နားနဲ့ တခြားအပိုင်းတွေကို ထိခိုက်နိုင်တာမို့ အသက်ကယ်ရမယ့် အခြေအနေမျိုးမဟုတ်ရင် တခြားဆေးတွေ သုံးသင့်ပါတယ်။

– အမိုင်နိုဂလိုင်ကိုဆိုက်

အကြားအာရုံကိုထိခိုက်စေတာတွေက နီယိုမိုင်စင်၊ ကင်နာမိုင်စင်။ ဟန်ချက်ထိန်းတဲ့အပိုင်းကို ထိခိုက်တာက ဂျင်တာမိုင်စင်၊ တိုဘရာမိုင်စင်။ နားကိုပိုပြီး ထိခိုက်စေတာတွေကတော့ ဆေးချိန်များတာ (ဥပမာ-ဂျင်တာမိုင်စင်ကို 1 gram ထက်ပိုတာ၊ အသက်၆၀ကျော်တာ၊ အဖျားရှိတာတို့ဖြစ်တယ်။ အသားဓာတ်နည်းနေရင်လည်း ပိုထိခိုက်နိုင်တယ်တဲ့။ အဲဒီလိုလူတွေမှာ ဂလူတာသိုင်ရုံးနဲ့ ဗီတာမင်စီပေးထားရမယ်လို့ ဆိုပါတယ်။

အမိုင်နိုဂလိုင်ကိုဆိုက်ကြောင့် နားထိခိုက်တဲ့သူဟာ-

– နားအူမယ်၊

– အကြားလျော့မယ်၊

– ချာချာလည်မူးမယ်၊ ခေါင်းလှုပ်လိုက်တိုင်း အဝေးကအရာတွေက ခုန်နေကြတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top