Healthy Life Ad
Life Style

အမှတ်တမဲ့ စမ်းမိရာက တွေ့ခဲ့သည့် ရင်သားကင်ဆာအကျိတ်ကို ကုသအောင်မြင်ထားသူ မလင်းလင်းထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားစောင်းတန်း တွင် မြန်မာ့လက်မှုပစ္စည်းများ ရောင်းချရင်း အသက်မွေးဝမ်းကျောင်း ပြုနေသည့် မလင်း လင်းထွန်းက ၂၀၁၀ ခုနှစ်၊ သူ့အသက် ၃၇ နှစ် အရွယ်တွင် ရင်သားကင်ဆာရှိကြောင်း စတင်သိရှိခဲ့သူ ဖြစ်သည်။

“၂၀၁၁ ၁၀ လပိုင်းက ရင်သားကင်ဆာ ဖြစ်မှန်း စသိခဲ့တာပါ။ အစပိုင်းမှာတော့ ဘယ်လို လက္ခဏာတွေပြလဲဆိုတာ သေချာ သတိမထားမိပါဘူး။ ညာဘက်ရင်သားမှာ အကျိတ်မာမာ လေးကို ကိုယ့်ဘာသာ စမ်းမိလိုက်တာပါ။ အရင်ကတော့ ပုံမှန်ရင်သားကို စမ်းတဲ့ အကျင့် မရှိပါဘူး။ ကိုယ့်ဘာသာ အမှုမဲ့အမှတ်မဲ့ နေရင်းကနေ စမ်းလိုက်မိသွားတာပါ”ဟု မလင်းလင်း ထွန်းက ပြောပြခဲ့သည်။

ညာဘက်ရင်သားတွင် အလုံးအဖုတစ်ခုကို စတင်စမ်းသပ်မိခဲ့ရာ ပဲခူးမြို့ရှိ ဆရာဝန်ထံတွင် သွားရောက်ပြသဖြစ်ခဲ့ကြောင်း မလင်းလင်းထွန်းက ဆိုသည်။
“ဆရာဦးသိန်းထွန်းဦးဆီ သွားပြတော့ သူက ခွဲစိတ်ဆရာဝန်ကြီးပါမောက္ခဦးဦးကျော်ဆီ ညွှန်လိုက်ပါတယ်။ အဲဒါနဲ့ သူ့စာနဲ့အတူ ရန်ကုန် ကိုလာပြီး ဆရာဦးဦးကျော်နဲ့ ပြဖြစ်ခဲ့တာပါ။ စစ ချင်း ဆရာက စမ်းသပ်ကြည့်ပြီး ခွဲဖို့လိုတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ရက်ပိုင်းအတွင်းခွဲဖြစ်ခဲ့တာပါ”
မလင်းလင်းထွန်း၏ ရင်သားကင်ဆာအဆင့်မှာ အဆင့်သုံးရှိနေပြီဖြစ်ကြောင်း သိခဲ့ရရာ ကြောက်စိတ်ဖြစ်ခဲ့ကြောင်း သိရသည်။

“အဲဒီတုန်းက ကြောက်တော့ ကြောက်တာပေါ့၊ ဒါပေမဲ့ ဖြစ်လာမှတော့ မတတ်နိုင်ဘူးလေ ဆိုပြီး တရားနဲ့ဖြေလိုက်တယ်။ ကုလို့ရသလောက်တော့ကုမယ်ဆိုပြီး စိတ်ကိုတော့ အားတင်းထားတယ်။ တရားထိုင်တယ်၊ ဝင်လေ ထွက်လေ ရှူရှိုက်လေးတွေ လုပ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။ ခန္ဓာရှိတော့လည်း ဝေဒနာ ရှိတယ်၊ ကဲ . . ပြုပြင်လို့ရရင် ပြုပြင်လိုက်မယ်၊ ပြုပြင်လို့မရလည်း ကံပဲဆိုပြီး စိတ်ကို သက်သောင့်သက်သာထားလိုက်တယ်။ အဲဒါနဲ့ပဲ ရင် ဆိုင်နိုင်သွားတာပါ”ဟု မလင်းလင်းထွန်းက ကင်ဆာအပေါ် ကြောက်စိတ်အား တွန်းလှန်ရင်ဆိုင်ခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

ရင်သားကင်ဆာမျိုးရိုးမရှိဘဲ ဆွေမျိုးရင်း ချာများထဲတွင် ပထမဆုံး ကင်ဆာစတင်ဖြစ်ခဲ့သူ ဖြစ်ရာ ဆွေမျိုးအားလုံးက ဆေးကုသစရိတ်အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။

ညာဘက်ရင်သားမှာ ကင်ဆာ ဖြစ်ဖူးတော့ ဘယ်ဘက်ရင်သားကိုလည်း ဖြစ်မှာစိုးလို့ အမြဲတမ်းကိုယ့်ဘာသာလက် နဲ့စမ်းကြည့်မိတယ်။ နောက်ပိုင်းမှာလည်း တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှုလုပ်ရင်း ရင်သားဓာတ်မှန် (Mammogram)ရိုက် ဖြစ်ပါတယ် . . .

“အရင်ကတည်းကလည်း ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်တာပါပဲ။ ဘာဖြစ်လို့ ကင်ဆာ ဖြစ်ရသလဲဆိုတာတော့ မပြောတတ်ပါဘူး။ ကံပဲ ပေါ့လေ . . ဖြစ်ခါစက အကျိတ်စမ်းမိတာနဲ့ ကင်ဆာအဆင့် သုံးဆိုတော့ ကိုယ့်ဘာသာ အံ့တောင် အံ့သြသွားမိတယ်၊ ယုံတောင် မယုံနိုင်ဘူး။ နောက်ပိုင်းကျမှ စိတ်ကို မလှုပ်ရှားဘဲ တည်ငြိမ်အောင်ပြန်ထိန်းနိုင်သွားတာ”ဟု မလင်းလင်းထွန်းက ပြောသည်။

“ဖြစ်ချင်တော့ ရင်သားကင်ဆာဖြစ်လို့ ဆေးကုရမယ်ဆိုတဲ့အချိန်မှာ အစိုးရဆေးရုံတွေ သွားပြလို့ရမှန်းတောင် မသိခဲ့ဘူးလေ၊ အပြင် ဆေးရုံမှာ ကုဖို့ဆိုတော့ မိသားစု၊ ဆွေမျိုးဝမ်း ကွဲတွေအကုန်လုံးက ဝိုင်းထောက်ပံ့ပေးခဲ့ကြတာပါ။ ဆွေမျိုးတွေက ကျွန်မကင်ဆာ ဖြစ်တယ်ဆိုတော့ အကုန်ဝိုင်းကူညီကြပါတယ်။ ကျွန်မကလည်း စိတ်ကိုခိုင်ခိုင်မာမာနဲ့ ကုစရာရှိတာ ကုမယ်လို့ သဘောထားလိုက်တာပါ။ တစ်ဖက်ကနေလည်း ဆရာကြီး လမ်းညွှန်တဲ့အတိုင်း တရားထိုင်တာ၊ တရားနာတာ၊ ဥပုသ်စောင့်တာ၊ သက်သတ်လွတ် စားတာတွေကို လုပ်ဖြစ်ပါတယ်”ဟု မလင်းလင်းထွန်းက ဆေးကုသမှုခံယူစဉ် သူကျင့်သုံးခဲ့သည့် နေထိုင်မှုပုံစံကိုလည်း ပြောပြခဲ့သည်။

ရင်သားအကျိတ်ခွဲစိတ်မှု ခံယူပြီးချိန်တွင် ဆွေမျိုးများ၏ အကြံပြုချက်အရ ကင်ဆာဆေးသွင်း ကုသမှုကို ဆက်လက်ခံယူခဲ့ကြောင်း သိရသည်။

“ဆရာကြီးဦးဦးကျော်က ညာဘက်ရင်သားအကျိတ်ကို စင်အောင် ခွဲထုတ်ပေးလိုက်တယ်။ ပြီးတော့ ဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာတွေ လုပ်ဖို့မပြောပါဘူး။ သူခွဲပေးတာ အားလုံး စင်သွားပြီလို့ပဲ ပြောတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကင်ဆာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်မေကြည်နဲ့ တွေ့ပြီး ကင်ဆာဆေးသွင်းလိုက်ပါတယ်။ စုစုပေါင်းခြောက်ကြိမ် ဆေးသွင်းဖြစ်ခဲ့ပါတယ်။ ဆေးရဲ့ ဘေး ထွက်ဆိုးကျိုးအနေနဲ့ ဆံပင်ကျွတ်တာတော့ ဖြစ်ခဲ့ပါတယ်”ဟု မလင်းလင်းထွန်းက ဆိုသည်။

ကြောက်တော့ ကြောက်တာပေါ့၊ ဒါပေမဲ့ ဖြစ်လာမှတော့ မတတ်နိုင်ဘူးလေဆိုပြီး တရားနဲ့ဖြေလိုက်တယ်။ ကုလို့ရသလောက်တော့ ကုမယ်ဆိုပြီး စိတ်ကိုတော့ အားတင်းထားတယ်။ တရားထိုင်တယ်၊ ဝင်လေထွက်လေ ရှူရှိုက်လေးတွေ လုပ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။ ခန္ဓာရှိတော့လည်း ဝေဒနာရှိတယ်၊ ကဲ . . ပြုပြင်လို့ရရင် ပြုပြင်လိုက်မယ်၊ ပြုပြင်လို့မရလည်း ကံပဲဆိုပြီး စိတ်ကို သက်သောင့်သက်သာထားလိုက်တယ် . . .

နောက်ပိုင်းတွင် ကျန်းမာရေး စစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် မှန်မှန်ပြုလုပ်ဖြစ်နေကြောင်းသိရသည်။”ညာဘက်ရင်သားမှာ ကင်ဆာဖြစ်ဖူးတော့ ဘယ်ဘက်ရင်သားကိုလည်း ဖြစ်မှာစိုးလို့ အမြဲတမ်း ကိုယ့်ဘာသာ လက်နဲ့ စမ်းကြည့်မိတယ်။ နောက်ပိုင်းမှာလည်း တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှု လုပ်ရင်း ရင်သားဓာတ်မှန် (Mammogram) ရိုက်ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ဆရာကြီးဦးဦးကျော်နဲ့ပြပြီး အာထရာဆောင်းရိုက်တာ၊ ရင်သားဓာတ်မှန်ရိုက်တာ၊ သွေးစစ်ဆေးတာတွေ ပြုလုပ်ပြီးပါပြီ။ အကုန်လုံး အဖြေကကောင်းပါတယ်”ဟု မလင်းလင်းထွန်းက ဆိုသည်။

ရင်သားကင်ဆာ ကုသပြီးနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံကို မေးမြန်းကြည့်ခဲ့ရာ ဆရာကြီးဦး ဦးကျော်ပေးသည့် ဆေးဝါးများ သောက်သုံးခြင်းအပြင် အသား၊ ငါးမစားဘဲ သက်သတ်လွတ်စားသုံးခြင်း၊ အသီးအရွက်များများစားခြင်း၊ တရားထိုင်ခြင်း၊ တရားနာခြင်း၊ ဥပုသ်စောင့်ခြင်း၊ လမ်းလျှောက်ခြင်းစ သည့်နေထိုင်စားသောက်နည်းများကို လိုက်နာဖြစ်နေကြောင်းမလင်းလင်းထွန်းကဆိုသည်။

မလင်းလင်းထွန်းအနေဖြင့် အမျိုးသမီးကြီးငယ်မရွေးကို အပြောပြချင်ဆုံး အကြံပြုစကားမှာ မိမိရင်သားကို မိမိ ဘာသာစမ်းသပ်ကြည့်ပါဟူသော စကားပင်ဖြစ်သည်။

“မိန်းကလေးတွေ ကိုကိုယ့်ရင်သားကိုအမြဲ တမ်းစမ်းသပ်ဖို့၊ ပြောင်းလဲမှုတစ်ခုခုတွေ့ရင် သတိထားပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေဆီ ခွဲစိတ်ကုသမှုခံယူဖို့ အမြဲပြောပြဖြစ်တယ်။ အဓိကကတော့ စိတ်အားမငယ်ဖို့ အားပေးဖြစ်တယ်။ စိတ်က ခိုင်မာနေရင်တော့ ကုသမှုမှာ အကောင်းဆုံးကျော်လွှားနိုင်မှာပါ။ နောက်တစ်ခုကတော့ ဘုရား၊ တရားလုပ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကလည်း ကိုယ့်ကို အသက်ရှည်ကျန်းမာအောင် ကယ်တင်ပေးနိုင်တယ်လို့ ကျွန်မအတွေ့အကြုံကို အခြေခံပြီး အကြံပြုဖြစ်ပါတယ်”ဟု မလင်းလင်းထွန်းက ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top