Healthy Life Ad
Child

ချူချာတတ်သည့် ကလေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ချူချာတတ်တဲ့ကလေးတွေကို မိဘတွေကဘယ် လို ကျန်းမာရေး စောင့်ရှောက်မှု ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာ ချူချာတယ်ဆိုတဲ့ အခြေအနေတွေကမတူညီပါဘူး။ တချို့ ကလေးတွေကျတော့ မွေးရာပါရောဂါဝေဒနာတွေကြောင့် ချူချာတာရှိတယ်၊ တချို့ကလေးတွေက အာဟာရချို့တဲ့တာကြောင့် ချူချာတတ်တယ်၊ အာဟာရချို့တဲ့တဲ့အခါ ကိုယ်ခံအားမကောင်းတာကြောင့် ချူချာတာလည်းရှိတယ်။ အဲဒီလိုအကြောင်း တရားတွေပေါ်မူတည်ပြီး မိဘတွေ ပေးရမယ့်စောင့် ရှောက်မှုတွေကလည်း နည်းနည်းတော့ ကွဲပြားမှုရှိပါတယ်။ အဲဒီလိုကွဲပြားတဲ့ အကြောင်းတရားတွေ ပေါ်မူတည်ပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေထံပြသကာ သင့်တော်တဲ့ ကုသမှုပေး သင့်ပါတယ်။

မေး။ ။ ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာတတ်၊ ခဏခဏချူချာတတ်တဲ့ ကလေးတွေကို မိဘတွေက ဘယ်လို စောင့်ရှောက်မှု ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကက ကလေးတွေကို အာဟာရပြည့်ဝပြီး ကိုယ်ခံအားကောင်းအောင် အသား၊ ငါး၊ အသီးအနှံ၊ ပဲအမျိုးမျိုးစတာတွေကို မျှမျှတတကျွေးဖို့လိုတယ်။ ဖြစ်နိုင်ရင် နွားနို့၊ ကြက်ဥစတာတွေကို ပုံမှန်ထည့် ကျွေးတာက ပိုကောင်းပါတယ်။ ကိုယ့်ကလေးက မကြာခဏနှာစေးတတ်၊ ချောင်းဆိုးတတ်ပြီး အအေး မိဖျားနာတတ်ရင် နွေးနွေးထွေးထွေးထားပေးဖို့လိုတယ်။ လူထူထပ်တဲ့နေရာတွေ၊ ဖုန်ထူထပ်တဲ့နေရာတွေကို တတ်နိုင်သမျှ မခေါ်သွားသင့်ပါဘူး။ ချူချာတတ်တဲ့ ကလေးတွေအနားမှာ ဆေးလိပ်သောက် တာမျိုး မလုပ်သင့်ပါဘူး။

ချူချာတတ်တဲ့ ကလေးတွေက ခြေထောက်လေးဆေးမိတာနဲ့ နှာချေတယ်၊ နှာစေးတယ်၊ လက်ခဏ ခဏဆေးရင် အအေးမိတယ်ဆိုတာတွေ ဖြစ်တတ်တော့ ညဘက်ဆိုရင် ရေချိုးပေးမယ့်အစား ရေပတ် တိုက်တာလောက်ပဲ လုပ်ပေးသင့်ပါတယ်။ လက်ကို ခဏခဏဆေးလို့ ဖျားရင် လက်ကို ရေမလိုဘဲ ဆေး လို့ရတဲ့ Hand Gel သုံးပေးလို့ရပါတယ် . . .

မေး။ ။ မွေးရာပါရောဂါဝေဒနာတွေကြောင့် ချူချာတတ်တဲ့ ကလေးတွေ ရှိရင်ကော ဘယ်လိုဂရုစိုက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ မွေးရာပါ ရောဂါဝေဒနာဆိုတာ ဘယ်လိုရောဂါမျိုးလဲဆိုတဲ့အပေါ်မူတည်ပြီး ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ မွေးရာပါရောဂါ ဥပမာ-မွေးရာပါနှလုံးအပေါက် ကျဉ်းတာ၊ နှလုံးအပေါက်ကျယ်တာတွေကြောင့် ချူချာတတ်တဲ့ ကလေးတွေဆိုရင် ကလေးဆရာဝန်ကြီးတွေရဲ့ညွှန်ကြားချက်တွေအတိုင်း သေချာလိုက်နာပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။

မေး။ ။ ခဏခဏ ချူချာတတ်တဲ့ ကလေးတွေက ရေထိတာနဲ့တင် ဖျားတတ်တော့ သူတို့လေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဘယ်လိုများ အကြံဉာဏ်ပေးချင်ပါသလဲ ဆရာ။
ဖြေ။ ။ ချူချာတတ်တဲ့ ကလေးတွေက ခြေထောက်လေးဆေးမိတာနဲ့ နှာချေတယ်၊ နှာစေးတယ်၊ လက်ခဏ ခဏဆေးရင် အအေးမိတယ်ဆိုတာတွေ ဖြစ်တတ်တော့ ညဘက်ဆိုရင် ရေချိုးပေးမယ့်အစားရေပတ် တိုက်တာလောက်ပဲ လုပ်ပေးသင့်ပါတယ်။ လက်ကို ခဏခဏဆေးလို့ ဖျားရင်လက်ကို ရေမလိုဘဲ ဆေး လို့ရတဲ့ Hand Gel သုံးပေးလို့ရပါတယ်။ အခု နောက်ပိုင်းပေါ်လာတဲ့ Wet တစ်သျှူးလေးနဲ့ သန့် စင်ပေးလို့ရပါတယ်။ ဒါတွေဝယ်ဖို့ အခြေအနေ မပေးရင်တောင် နည်းနည်းနွေးတဲ့ ရေလေးနဲ့ ခြေဖဝါး၊ လက်ဖဝါးလေးတွေကို သန့်ရှင်းအောင်လုပ်ပေးသင့်ပါတယ်။

မေး။ ။ ချူချာတတ်တဲ့ ကလေးတွေက အားဆေးတွေမှီ ဝဲသင့်ပါသလား ဆရာ။
ဖြေ။ ။ ကလေးတွေ ကျန်းမာစေဖို့ရော၊ ကလေးကြီးထွား ဖွံ့ဖြိုးမှု မှန်ကန်ဖို့အတွက်ပါ အားဆေးတွေက မှီဝဲလို့ ရပါတယ်။ သင့်တော်တဲ့ အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ မှီဝဲရင်ကောင်းပါတယ်။

မေး။ ။ ချူချာတတ်တဲ့ ကလေးတွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးတာနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက် ပြောကြားလိုတာရှိရင် သိပါရစေဆရာ။
ဖြေ။ ။ ကိုယ့်ကလေးရဲ့ အခြေအနေပေါ် မူတည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာ ဖြစ်တဲ့အတွက် ခဏခဏချူချာနေတာ ဘာအခြေခံအကြောင်းတရားများရှိသလဲဆိုတာ ဆန်းစစ်သင့်ပါတယ်။ မသိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေဆန်း စစ်ရပါမယ်။ သိသွားရင် သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ လိုပါတယ်၊ ကာကွယ်ဆေးထိုးဖို့လိုရင် ထိုးပေးရပါမယ်။ ကာ ကွယ်ဆေးတိုက်ကျွေးဖို့လိုရင် တိုက်ကျွေးရပါမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတိပေးကြေညာချက်လေးတွေကိုလည်း အမြဲတမ်းအဆက်မပြတ် လေ့လာဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top