Healthy Life Ad
International

အစာအိမ်ထဲတွင် အုန်းသီးအရွယ် ဆံပင်အထွေးလိုက် တွေ့ရှိရသည့် အမျိုးသမီး

မိုးမင်းထွန်း

အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၈ လအတောအတွင်း ကိုယ်အလေးချိန် ၁၅ပေါင်ကျဆင်းသွားပြီး ဝမ်းချုပ်တာ၊ အော့အန်မူးဝေတာတို့ကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ စောစောပိုင်းစမ်းသပ်ချက်တွေအရ ဘာဖြစ်တယ်ဆိုတာတိတိကျကျ မသိရှိရပါဘူး။ လူနာရဲ့ဝမ်းဗိုက်က ဂတ်စ်နဲ့အရည်တွေကြောင့် စူထွက်နေပြီး အခြေအနေဆိုးလာနေပါတယ်။ နောက်ဆုံးမှာ ဆရာဝန်တွေက ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး သူရဲ့အစာအိမ်ထဲမှ အလျား ၆ လက်မ၊ အနံ ၄ လက်မရှိ အုန်းသီးအရွယ် ဆံပင်အထွေးလိုက်ကို အံ့သြစဖွယ်တွေ့ရှိခဲ့ရပါတယ်။ အူထဲမှလည်း နောက်ထပ် ပိုငယ်တဲ့ဆံပင်လုံးကို တွေ့ရှိခဲ့ပြန်ပါတယ်။

အမျိုးသမီးက ရှားပါးတဲ့ Rapunzel syndrome (ဆံပင်ကို ပြန်စားတဲ့ စိတ်ရောဂါတစ်မျိုး) ခံစားနေရကြောင်း ဆရာဝန်တွေက ကောက်ချက်ချနိုင်ခဲ့ပါတယ်။လူ့ခန္ဓာကိုယ်က ဆံပင်ကိုမချေဖျက်နိုင်တာကြောင့် ဆံပင်တွေဟာ အတွင်းမှာ စုဖွဲ့တည်ရှိနေကြတာပါ။ ၆ရက်ကြာပြီးနောက်မှာ အမျိုးသမီးဟာ ဆေးရုံကဆင်းသွားနိုင်ခဲ့ပြီး စိတ်ရောဂါကုဆရာဝန်နဲ့ အာဟာရ အထူးကုဆရာဝန်တွေဆီမှာ ဆက်လက်ကုသဖို့ ညွှန်ကြားခံခဲ့ရပါတယ်။

သူရဲ့ထူးခြားတဲ့ ရောဂါဆိုင်ရာ အစီရင်ခံစာကို အမေရိကန်ပြည်ထောင်စု၊ အရီးဇိုးနားပြည်နယ်မှ ဆရာဝန်တွေက မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေက ဒီလိုရောဂါဖြစ်ဖူးတဲ့ မှတ်တမ်း ၈၈ခုကို လေ့လာခဲ့ရာမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး ဝေဒနာရှင်တွေမှာ စိတ်ရောဂါခံစားနေရလေ့ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top