Healthy Life Ad
Life Style

သုံးနှစ်နောက်ကျခဲ့သည့် ကင်ဆာရောဂါကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ခဲ့သူ ဒေါ်ခိုင်ဇင်အောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ အသက် ၅၁နှစ်ရှိပြီး ကျန်းမာသွက်လက်စွာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဒေါ်ခိုင်ဇင်အောင်က သူ၏ရင်သားကင်ဆာ ခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

“တကယ်ဆိုရင် ရင်သားကင်ဆာလက္ခဏာက ၂၀ဝ၈ ခုနှစ်မှာ စပြခဲ့တာ။ ဆရာဝန်တစ်ဦးကို ယုံစားမိလို့ သုံးနှစ်လောက်က အချိန်အလကား ဖြစ်သွားခဲ့ပါတယ်။ စစချင်းသိခဲ့တာက ရာသီလာခါနီးကျရင် ဘယ်ဘက်ရင်သားက တစ်မျိုးဖြစ်တယ်၊ နို့သီးခေါင်းလေးက တင်းတင်းလေးနာချင်သလိုလို၊ ကိုက်ချင်သလိုလိုဖြစ်နေတာနဲ့ မိသားစုဆရာဝန်ဆီ သွားပြလိုက်တယ်။ နို့သီးခေါင်းအောက်နားမှာ ဖြစ်တာဆိုတော့ သူကသေချာစမ်းသပ်ပြီး “ဧပြီလလောက်ကျရင်တော့ အဲဒါကို သွားခွဲထုတ်လိုက်တော့”လို့ပြောတယ်။

ကြားထဲမှာ အန်တီ့သူငယ်ချင်းတစ်ဦးက တကယ့်နာမည်ကြီးဆရာဝန်မကြီးတစ်ယောက်ရဲ့ ယောင်းမဆိုတော့ အဲဒီဆရာဝန်မကြီးနဲ့ ပြကြည့်လိုက်တယ်။ “ရင်သားဆိုတာ ဒီလိုစမ်းရမှာမဟုတ်ဘူး”ဆိုပြီး သူက ဝိုက်စမ်းပြတယ်။ ပြီးတော့ “ဒါက ဘာမှမဟုတ်ပါဘူး၊ ရာသီလာခါနီးကျရင် ဖြစ်တတ်တဲ့ဟာမျိုးပါ”လို့ သူကပြောလိုက်တယ်။ ဒါနဲ့အန်တီလည်း ဒီအတိုင်းထားလိုက်ရော . .

သုံးနှစ်ကြာပြီးတော့မှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးသိန်းမြင့် သူနဲ့သားအိမ်သွားစစ်ခဲ့တယ်။ အဲဒီလိုစစ်ရင်း “ကျွန်မ ရင်သားနို့သီးခေါင်းနားမှာ ခပ်တင်းတင်းလေး ဖြစ်နေတာတော့ရှိတယ်”လို့ ဆရာ့ကို ပြောလိုက်တော့ ဆရာက သူ့အစ်ကိုဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးဦးကျော်ဆီ အမြန်လွှဲခဲ့ပါတယ်။

ဆရာပါမောက္ခဦးဦးကျော်ဆီရောက်တော့ အရင်ဆုံးဘယ်ဘက်ရင်သား အသားစယူစစ်ဆေးမှု (Biopsy) လုပ်ပေးခဲ့တယ်။ အဲဒီလိုလုပ်တော့ ရင်သားကင်ဆာ အဆင့်(၂)ဆိုပြီး အဖြေထွက်ခဲ့တယ်”ဟု ဒေါ်ခိုင်ဇင်အောင်က ဆိုသည်။

အစကတည်းက ဘုရား၊ တရား များများလုပ်တာလည်း ပါမယ်ထင်တယ်။ နောက်တစ်ခုက အန်တီက ဘာကိုမှသိပ်ပြီး ကြောက်တတ်တာမျိုးလည်း မရှိဘူး။ အိမ်ကလူတွေကတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ အန်တီကတော့ ‘ဒုတိယအဆင့်ပဲလေ’ ဆိုပြီး ပေါ့ပေါးပါးပါးပဲထားတယ်။ ခင်ပွန်းသည်နဲ့ ဆွေမျိုးတွေက ဝိုင်းအားပေးနေကြပေမယ့် အန်တီက အစကတည်းက အေးအေးဆေးဆေးပါပဲ။

ထိုအချိန်က စပိန်ဧည့်လမ်းညွှန် (Spanish Tour Guide) အဖြစ် တက်ကြွပျော်ရွှင်စွာ အလုပ်လုပ်နေသည့် ဒေါ်ခိုင်ဇင်အောင်သည် ရင်သားကင်ဆာအဆင့် (၂) ဟု သိရှိခဲ့ရချိန်တွင် ထူးထူးခြားခြား စိတ်အားငယ်ဝမ်းနည်းမှုများ မဖြစ်ပေါ်ခဲ့ဟုဆိုသည်။

“အစကတည်းက ဘုရား၊ တရား များများလုပ်တာလည်း ပါမယ်ထင်တယ်။ နောက်တစ်ခုက အန်တီက ဘာကိုမှသိပ်ပြီး ကြောက်တတ်တာမျိုးလည်း မရှိဘူး။ အိမ်ကလူတွေကတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ အန်တီကတော့ “ဒုတိယအဆင့်ပဲလေ” ဆိုပြီး ပေါ့ပေါးပါးပါးပဲထားတယ်။ ခင်ပွန်းသည်နဲ့ ဆွေမျိုးတွေက ဝိုင်းအားပေးနေကြပေမယ့် အန်တီက အစကတည်းက အေးအေးဆေးဆေးပါပဲ။ ဘုရားစာတွေရွတ်တယ်၊ တရားမှတ်တယ် . . ပြီးတော့ အလုပ်ကလည်း Tour ထွက်ဖို့ ရက်ယူထားပြီးပြီဆိုတော့ လူသိမှာကိုတောင် စိုးရိမ်နေတာ။ တော်ကြာ မသွားရမှာစိုးလို့လေ”ဟု ရယ်ရယ်မောမောပြောပြခဲ့သည်။

သမီးတစ်ယောက်ရှိပြီး မိသားစု၊ ဆွေမျိုးများနှင့် နေထိုင်လျက်ရှိသည့် ဒေါ်ခိုင်ဇင်အောင်က ရင်သားကင်ဆာမျိုးရိုးမရှိဘဲ သူတစ်ဦးတည်းသာ ဖြစ်ခဲ့ခြင်းဟုဆိုသည်။ “ရင်သားကင်ဆာမျိုးရိုးလည်း မရှိပါဘူး။ အန်တီ့ကျမှ ဖြစ်ခဲ့တာ။ အန်တီဘာကြောင့် ရင်သားကင်ဆာ ဖြစ်ခဲ့သလဲဆိုတော့ တစ်ခုရှိတာက အရင်ကတည်းက အသီးအရွက်မစားဘူး၊ မကြိုက်ဘူးလေ၊ ဆီကြော်၊ ဆီပြန်ဟင်းတွေပဲ ကြိုက်တာ၊ အဲဒါတွေပဲစားခဲ့တာဆိုတော့ အဲဒီအစားအသောက်ကြောင့်လို့တော့ ထင်တာပါပဲ”

၂၀၁၁ ခုနစ်က ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်းများကို လုံးဝပြုလုပ်ခဲ့ခြင်းမရှိပေ။ “ဆရာကြီး ဦးဦးကျော် တော်တာလည်းပါလိမ့်မယ်ထင်တယ်။ ရင်သားကင်ဆာအကျိတ်က တော်တော်ကြီးနေပြီ။ အဲဒါကို ဆရာကြီးက အတွင်းထဲအထိစင်အောင် ထုတ်ပစ်လိုက်တယ်။ ချိုင်း(ဂျိုင်း) အောက်ဘက်တွေအထိ အကုန်လုံးကို နှိုက်ထုတ်ပစ်လိုက်တာ။ အဲဒါနဲ့ ကင်ဆာဆဲလ်တွေ အကုန်ပါသွားတယ်လို့ပဲထင်တယ်။ ကင်ဆာဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာတွေမရှိတော့ ဘာဘေးထွက်ဆိုးကျိုးမှလည်း မခံရတော့ဘူးပေါ့။ ဆရာကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

မှတ်မှတ်ရရ ၁၆ရက်နေ့မှာ ရင်သားခွဲပြီး ဆေးရုံကဆင်းတယ်။ လကုန် ၃၀ ရက်နေ့မှာ ကြိုတင် စီစဉ်ထားတဲ့အတိုင်း Tour စထွက်တယ်။ Tour ထွက်တော့လည်း Trekking (တောင်ကြိုတောင်ကြားလမ်း) ခရီးသွားရတာ။ အဲဒါနဲ့ အထမ်းသမားတွေ၊ လမ်းပြတွေကိုတော့ ကြိုပြောထားလိုက်တယ်။ ‘တကယ်လို့ ငါလဲသွားရင် ငါ့ကိုဆွဲတက်ကြနော်’ လို့ ပြောထားပြီး အနားမှာတစ်ယောက်ခေါ်ထားပြီးတက်တာ။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး”ဟု ဒေါ်ခိုင်ဇင်အောင်က ပြောသည်။

ရင်သားကင်ဆာ ခွဲစိတ်ကုသမှု ခံယူပြီးချိန်တွင်လည်း ပါမောက္ခဦးဦးကျော်က သူ၏ ကုထုံး SDDR အတိုင်း တရားကို တစ်နေ့အနည်းဆုံး တစ်နာရီထိုင်ပေးပါ၊ လမ်းများများ လျှောက်ပေးပါ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများစားပေးပါ (အသီးအရွက်အရောင်စုံလေ၊ ပိုကောင်းလေ)၊ သူညွှန်သည့် သဘာဝဆေးများသာ သောက်ပါဟု မှာကြားလိုက်ကြောင်း သိရသည်။

“ဆရာကြီးပေးတဲ့ သဘာဝဆေးလေးတွေကိုပဲ သောက်ပါတယ်။ ပြီးတော့ ဆရာကြီးပေးတဲ့ ကုထုံးဖြစ်တဲ့ SDDR အတိုင်းပဲ ဆက်လက်လိုက်နာပါတယ်။ အကုန်လုံးကိုလိုက်နာနိုင်ပေမယ့် အန်တီက အသီးအရွက်ကို အစကတည်းက မကြိုက်ဘူးလေ။ အဲဒီတော့ မစားနိုင်တဲ့သူဖြစ်တဲ့အတွက် မွှေစက် (Blender)ထဲထည့်ပြီး ကြိတ်သောက်ပါတယ်။ တရားထိုင်တာကတော့ လုပ်ဖြစ်ပါတယ်။ လမ်းလျှောက်တာကတော့ ကိုယ့်အလုပ်က ဧည့်လမ်းညွှန်ဖြစ်နေတဲ့အတွက် လျှောက်ဖြစ်နေပါတယ်”ဟု ဒေါ်ခိုင်ဇင်အောင်က ပြောသည်။

နောက်ပိုင်း တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှုပြန်လည်ခံယူခဲ့ရာ အထွေအထူးပြောင်းလဲမှုမရှိဘဲ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ ညာဘက်ရင်သားကိုလည်း ပုံမှန်စမ်းသပ် စစ်ဆေးဖြစ်ရာ ပြောင်းလဲမှုမရှိကြောင်းသိရသည်။

ဘယ်ဘက်ရင်သားကို ထုတ်ထားရသည့်အတွက် အဝတ်အစားဝတ်ရာတွင် အဆင်ပြေစေရန်-

“ဖော့ပါတဲ့ ဘရာစီယာဝယ်ပြီး ညာဘက်ကို အထဲက ဖော့တွေဖယ်ထုတ်လိုက်တယ်၊ အဲဒီအတိုင်းဝတ်တော့ အဆင်ပြေပါတယ်”ဟု ပေါ့ပေါ့ပါးပါးဆိုသည်။ ဧည့်လမ်းညွှန်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့အပြား၊ အထူးသဖြင့် ပုဂံညောင်ဦး၊ အင်းလေး၊ မန္တလေး၊ ရှမ်းပြည်နယ်တို့သို့ နယ်လှည့်သွားနေရသည့် ဒေါ်ခိုင်ဇင်အောင်သည် ရင်သားကင်ဆာ ကုသမှုခံယူပြီးသည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်းပြည်ပခရီးစဉ်များကို သွက်လက်တက်ကြွစွာ သွားရောက်နေသူဖြစ်သည်။ ခရီးသွားခြင်းကို ဝါသနာပါသဖြင့် သူချစ်မြတ်နိုးသည့် စပိန်ဧည့်လမ်းညွှန် (Spanish Tour Guide) အလုပ်ကိုလည်း ပျော်ရွှင်စွာလုပ်နေဆဲပင် . .

ယခုအခါ ရင်သားကင်ဆာဖြစ်နှုန်း မြင့်တက်လာလျက်ရှိသဖြင့် ရင်သားကင်ဆာနှင့် ပတ်သက်၍ ဒေါ်ခိုင်ဇင်အောင်က သူ့အတွေ့အကြုံကို အခြေခံပြီး –

“အမှန်ကတော့ ရှက်နေ၊ ကြောက်နေစရာလည်း မလိုပါဘူး။ တကယ့်တကယ် ဖြစ်လာပြီဆိုရင် ဘာမှမတတ်နိုင်ဘူးလေ။ ကုဖို့ပဲ ရှိတော့တာပေါ့။ တစ်ခုခု မသင်္ကာတာဖြစ်လာရင် စစ်ဆေးလိုက်ပါ၊ ပြီးရင် ကုသသင့်တာ ကုသလိုက်ပါ။

အန်တီတို့ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အတွက်ကြောင့် ဘာသာရေးက အတော်လေးကို အထောက်အကူရပါတယ်။ ဖြစ်လာရင် ဘာမှကြောက်စရာမလိုဘူး၊ ရှက်စရာမလိုဘူး။ အားငယ်စရာလည်း မလိုပါဘူး၊ ဘုရား၊ တရား များများလုပ်ပြီး ကုစရာရှိရင် ကုလိုက်ပါ၊ အသက်တစ်ရက်ရှည်ရင် ကိုယ့်အတွက် ကုသိုလ်ကောင်းမှုကို တစ်ရက်တိုးပြီး လုပ်လို့ရပါတယ် . .

ပြီးတော့ ဆရာကြီး ဦးဦးကျော်မှာကြားတဲ့ နေထိုင်စားသောက်နည်းကို အန်တီက Tour ထွက်ရင်းနဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေ၊ အပေါင်းသင်းတွေကိုသာမက နိုင်ငံခြားသားတွေကိုလည်း ကျန်းမာရေးနဲ့ပတ်သက်လို့ စကားစပ်မိလာတိုင်း ပြောတယ်။ “ဗုဒ္ဓဘာသာမှမဟုတ်ဘူး၊ တရားထိုင်လို့ရတယ်။ တစ်နေ့တစ်နာရီ လမ်းလျှောက်ပေးသင့်တယ်၊ အသီးအရွက်များများ စားပေးသင့်တယ်၊ အသားတွေ၊ အထူးသဖြင့် အနီရောင်အသားတွေကို တတ်နိုင်သမျှရှောင်သင့်တယ် . . ဒီနည်းတွေက ဗုဒ္ဓဘာသာမဟုတ်ဘဲ ဘယ်ဘာသာဝင်တွေမဆို လုပ်လို့ရတယ်။ ဒီနည်းကတကယ်လည်း ကျန်းမာရေးအတွက် သင့်တော်တဲ့ နည်းဖြစ်တယ်ဆိုတာ အန်တီ့ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြောပြဖြစ်ပါတယ်။

အန်တီတို့ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် ဘာသာရေးက အတော်လေးကို အထောက်အကူရပါတယ်။ ဖြစ်လာရင်ဘာမှ ကြောက်စရာမလိုဘူး၊ ရှက်စရာမလိုဘူး။ အားငယ်စရာလည်း မလိုပါဘူး၊ ဘုရား၊ တရား များများလုပ်ပြီး ကုစရာရှိရင်ကုလိုက်ပါ၊ အသက်တစ်ရက်ရှည်ရင် ကိုယ့်အတွက် ကုသိုလ်ကောင်းမှုကို တစ်ရက်တိုးပြီး လုပ်လို့ရပါတယ်”ဟု အကြံပြုစကားများကို ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top