Healthy Life Ad
Child

အော်တစ်ဇင်ကလေးတွေကို အခမဲ့ ပညာသင်ပေးမယ်

ဒေါ်နီနီအောင်(Day Care Center ၊ မြန်မာအော်တစ်ဇင်အသင်း) နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မြန်မာအော်တစ်ဇင်အသင်းက ဖွင့်လှစ်ထားတဲ့ နေ့ကျောင်း (Day Care Center) အကြောင်း သိပါရစေ။
ဖြေ ။ အစ်မတို့ အော်တစ်ဇင်ကျောင်းလေးကို ၂၀၁၃ ခုနစ်၊ ဇွန်လ ၅ရက်နေ့က စဖွင့်ခဲ့တာပါ။ အဓိကကတော့ မြန်မာနိုင်ငံမှာ အော်တစ်ဇင်ကျောင်းတွေ ရဲ့ လှုပ်ရှားမှုက အရမ်းနည်းသေးတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အစ်မတို့အသင်းအနေနဲ့ အော်တစ်ဇင်ရောဂါအကြောင်း ဟောပြောတာမျိုး၊ အော်တစ်ဇင်ရောဂါနဲ့ပတ်သက်ပြီး အသိရှိအောင် ပညာပေးတာမျိုးလုပ်ခဲ့တယ်။ အသင်းအနေနဲ့ နေ့စဉ်လှုပ်ရှားမှုရှိအောင် ဒီလိုနေ့ကျောင်း (Day Care Center)လေးဖွင့်ရင် အဆင်ပြေမယ်ဆိုပြီး ဖွင့်ခဲ့တာပါ။ ဆရာဝန်က မိဘတွေကို ဒီကလေးက အော်တစ်ဇင်ပါလို့ ပြောလိုက်ရင် မိဘတွေအတွက် ထားစရာကျောင်းကလည်း နည်းတယ်။ အဲဒီအခါ ကိုယ့်ကလေးကို ကျောင်းထားဖို့ ခြောက်လစောင့်ရတာရှိတယ်၊ တစ်နှစ်စောင့်ရတာရှိတယ်။ ဈေးနှုန်းကလည်း အတန်အသင့်ပေးရတဲ့အခါ တချို့မိဘတွေက မတတ်နိုင်ဘူး။ အဲဒီလို မဖြစ်စေချင်လို့ အစ်မတို့အသင်းက ငွေကြေးမတတ်နိုင်တဲ့ မိဘတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်ဖြစ်သွားတာပါ။ ဒီကျောင်းကတော့ အခမဲ့ပါ။ ငွေကြေးတတ်နိုင်လို့ လှူဒါန်းတာမျိုးတော့ လက်ခံပါတယ်။

မေး ။ စာသင်ချိန်တွေက ဘယ်လိုသတ်မှတ်ထားပါသလဲ အစ်မ။
ဖြေ ။ မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီ တစ်ချိန်၊ နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီ တစ်ချိန် နှစ်ချိန်ခွဲပြီး တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာက တစ်တန်း၊ အင်္ဂါ၊ ကြာသာပတေးက ကျောင်းသားအသစ်တစ်တန်း သင်ပေးပါတယ်။ ဆရာမက ၁၂ ယောက်ရှိပြီး စာသင်ချိန်တစ်ချိန်မှာ ကျောင်းသား ၉ ယောက်ရှိပါတယ်။ အခုလောလောဆယ် လက်ခံထားတဲ့ ကျောင်းသား စုစုပေါင်း ၂၅ ယောက်ရှိပါတယ်။

၁၂ နှစ်အောက် အော်တစ်ဇင်ရောဂါဖြစ်နေတဲ့ ကလေးတွေကိုပဲ လက်ခံပါတယ်။ တချို့မိဘတွေကျတော့ ကိုယ့်သားသမီး အော်တစ်ဇင် ဟုတ်၊ မဟုတ် သေချာမသိဘူး၊ သူတို့စိတ်ထဲ ထင်နေတယ်ဆိုပြီး ကျောင်းလာအပ်တယ်။ ကျောင်းက ဆရာမတွေက အော်တစ်ဇင်နဲ့ပတ်သက်တဲ့ သင်တန်းတွေကိုတက် ထားတာဖြစ်တဲ့အတွက် တခြား မသန်စွမ်းမှုတွေကို မသင်ပေးတတ်ပါဘူး။ အဲဒါကြောင့် အစ်မတို့ အသင်းနဲ့ ချိတ်ထားတဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်လင်း၊ Clinical Psychologist ဆရာသိန်းအုပ်စိန်တို့ဆီကို သွားပြခိုင်းပါတယ်။

မေး ။ ကလေးတွေကို ဘယ်လို သင်ပေးပါသလဲအစ်မ။
ဖြေ ။ ကလေးတစ်ယောက်နဲ့တစ်ယောက်က မတူတဲ့အတွက် သူတိုရဲ့သင်ရိုးကို ဆရာမကြီးတစ်ယောက်က ဆွဲပေးပါတယ်။ အပြောလိုတာလား၊ အရေးလိုတာလား၊ ပေါင်းသင်းဆက်ဆံရေးပိုင်း လိုတာလား စတာတွေကိုခွဲခြားပြီး သင်ရိုးသတ်မှတ်ပေးပါတယ်။ အဲဒီအတွက် ကလေးနဲ့ဆရာမတစ်ဦးချင်း စီ One by One ပဲ သင်ပေးတာပါ။

မေး ။ အော်တစ်ဇင်ကလေးတွေကို စာသင်ပေးတဲ့ အခါ ဘယ်လိုအခက်အခဲတွေကို အတွေ့ရများပါသလဲ။
ဖြေ ။ အစ်မတို့ဆီ ရောက်လာတဲ့ ကလေးတွေက ဘယ်ကျောင်းမှမနေဖူးတဲ့ ကလေးများတယ်။ ထိုင်ခုံတောင် ကောင်းကောင်း မထိုင်နိုင်ဘူး၊ အိမ်မှာ မိဘတွေကလည်း အော်တစ်ဇင်မှန်းမသိတော့ တီဗီ ကြည့်ချင်ရင်ဖွင့်ပေးလိုက်တယ်၊ စားချင်ရင်လည်း ခွံ့ကျွေးလိုက်တယ်၊ ဒီတော့ ကလေးအများစုက စရောက်လာချိန်မှာ ကိုင်တွယ်ရတာ တော်တော်ခက်ပါတယ်။ တချို့ဆိုရင် သံပန်းပေါ် ကျော်တက်ခွနေတာ၊ စားပွဲခုံပေါ်တက်ထိုင်နေတာ . . ဒါတွေကို အရင်ဖျောက်ရပါတယ်။ ပြီးတော့မှ စာသင်ခန်းထဲ ဝင်ဖို့ အချိန်တော်တော်ယူရတယ်။ ဖြည်းဖြည်းချင်း ဆွဲခေါ်ပြီး ဆရာမနဲ့အသားကျအောင် မနည်းလုပ်ရပါတယ်။

မေး ။ အော်တစ်ဇင်ကလေးရဲ့ မိဘတွေနဲ့ ဆရာမတွေ က ဘယ်လို ဆက်သွယ်မှုရှိပါသလဲအစ်မ။
ဖြေ ။ မိဘတွေလာရင် ကလေးတွေရဲ့ ရာဇဝင်ကို အရင်မေးပါတယ်။ ကလေးမွေးစဉ်ကစပြီး လုပ်နိုင်တာ၊ မလုပ်နိုင်တာတွေကို မေးပါတယ်။ ကလေးတွေကို ကျောင်းလာတာ သိအောင် လွယ်အိတ်လေးနဲ့ လာခိုင်းပါ၊ အိတ်ထဲမှာ သူတို့အကြိုက်ဆုံးပစ္စည်း (အရုပ်) ပဲဖြစ်ဖြစ် ထည့်ပေးလိုက်ပါ။ ပြီးတော့မှ ဆရာမက အဲဒီအရုပ်ကို ယူထားပြီး “ထိုင်ခုံမှာထိုင်ရင် တီချယ် က သားကြိုက်တဲ့အရုပ်ပေးမယ်”လို့ ပြောရပါတယ်။ အဓိကကတော့ သူ့ကမ္ဘာထဲဝင်ပြီး ဖြည်းဖြည်းချင်း သင်ပေးရပါတယ်။

မိဘနဲ့ ဆရာ ဆက်သွယ်ထားတဲ့ စာအုပ်လေးလည်းရှိပါတယ်။ ကလေးတွေက ဆရာမနဲ့ဆိုရင် ကောင်းကောင်း နားထောင်တယ်၊ အိမ်မှာဆို သိပ်ခိုင်းလို့ မရဘူးလို့ ပြောကြတယ်။ တကယ်တော့ က လေးတွေက ဆရာမနဲ့ နေတဲ့အချိန်က ၂ နာရီပဲ၊ မိဘ နဲ့ နေတဲ့အချိန်က ၂၂ နာရီဆိုတော့ မိဘက ဆရာမ နဲ့ ပူးပေါင်းရမယ်။ ကလေး-မိဘ-ဆရာမ အမြဲ ပူးပေါင်းနေမှ ကလေးရဲ့ တိုးတက်မှုက သိသာလာမှာ ဖြစ်ပါတယ်။

ကျောင်းပို့တဲ့အချိန်ကျရင် ကလေးက အိမ်မှာ အခြေအနေကောင်းခဲ့လားလို့ မေးပါတယ်။ အိပ်ရာနိုးလို့ စိတ်ကောက်လာရင် ကျောင်းမှာ အဆင်မပြေတော့ဘူး။ အိမ်မှာ အဆင်မပြေတာရှိရင် မိဘက ဆရာမကို ကြိုပြောထားမှ ဆရာမက ကလေးကို နားဝင်အောင် ရှင်းပြတာမျိုးနဲ့ ဆွဲခေါ်လေ့ကျင့်ပေးရပါတယ်။ ကလေးတွေက သူတို့ဆန္ဒကို ထုတ်ဖော်မပြောတတ်တဲ့အတွက် မိဘနဲ့ ဆရာမ ဆက်သွယ်ထားပြီး သူတို့အဆင်ပြေအောင် ဖြည့်ဆည်းပေးရပါတယ်။

မေး ။ အော်တစ်ဇင်မိဘတွေကို ဘယ်လိုဆွေးနွေးမှု တွေ ပြုလုပ်ပေးဖြစ်ပါသလဲ။
ဖြေ ။ အစ်မတို့ EC အားလုံးက အော်တစ်ဇင်ကလေး ရဲ့ မိဘတွေပါ။ အဲဒီအတွက် မိဘတွေက ကိုယ့်ကလေး အော်တစ်ဇင်ဆိုတာ လက်မခံဘဲ ရောက်လာရင် အစ်မက ကိုယ့်အတွေ့အကြုံကို အရင်ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အစ်မက အော်တစ်ဇင်ရောဂါဆိုတာလည်း မသိခဲ့ဘူး။ အစ်မသမီး က တစ်နှစ်ခွဲလောက်မှာ စကားပြောတယ်။ စကား ပြောပြီးမှ ပျောက်သွားတာဆိုတော့ ဒါက အခြေအ နေဆိုးတယ်ဆိုတာ မသိခဲ့ဘူး။ နောက်ပိုင်း သင်တန်းတွေ တက်တော့မှ သိခဲ့တာ။ အသက် တစ်နှစ်ကျော် လောက်မှာ သမီးလေးက “ဗုဒ္ဓေါ” “ဘုရား” “ပေး” “ဖေဖေ” “ဘဘ” ဆိုတဲ့ စကားတွေကို ပြောတယ်။ ပြီးမှ ပျောက်သွားတာဆိုတော့ ဒါကို အရေးတယူလုပ်ရမယ်လို့ မသိခဲ့ဘူး။ အသက် သုံးနှစ် လောက်ကျမှ ဆရာဝန်ကို သွားပြတယ်။ တစ်နှစ်ကျော်မှာ စကားပြောပြီး နောက်ပိုင်းကျမှ ပျောက် သွားတာဆိုတော့ ဦးနှောက်အားဆေးတွေ ပေးတယ်။

အစ်မကို ဆရာဝန်ကလည်း အော်တစ်ဇင်ရောဂါလို့ မပြောဘူး။ အစ်မလည်း မသိဘူး။ အစ်မက ဒု တိယကိုယ်ဝန်ရှိနေတော့ သမီးလေးကို အိမ်ဖော် ကောင်မလေးနဲ့ပဲ ထားလိုက်တယ်။ ကောင်မလေးကလည်း သူ့ကိုအဆင်ပြေသလိုထိန်းနေတော့ သမီးကို ဘာသင်တန်းမှ မပေးခဲ့ဖြစ်ဘူး။ သမီးပြောတာတွေကို ဘယ်သူမှ နားမလည်ဘူး။ အဲဒါနဲ့ အသက် လေးနှစ်ခွဲ-ငါးနှစ်လောက်မှာ အပြုအမူတွေက အရမ်းကြွ လာတယ်။ သူ့ကိုယ်သူ ထုတယ်၊ သူများကို ထုတယ်၊ သူလိုချင်တာ မရရင် သောင်းကျန်းတယ်။ လမ်းပေါ်မှာ လှဲအိပ်တယ်။

အစ်မက ဒုတိယကလေး မွေးနေတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ “နင့်သမီးက အော်တစ်ဇင်၊ ဒီလိုမျိုးကလေးတွေကို လေ့ကျင့်တဲ့ ကျောင်းရှိတယ်၊ ငါ့ကလေးကလည်း အဲဒီလိုဖြစ်နေတာ၊ အတူ သွားထားရအောင်”

အစ်မက ဒီလောက် အရေးကြီးမှန်းလည်း မသိဘူး။ ကိုယ်ကလည်း ဒုတိယကလေးနဲ့ဆိုတော့ သမီးကြီးကို မပို့နိုင်ခဲ့ဘူး။ ရှစ်လလောက်ကြာတော့မှ အဲဒီ သူငယ်ချင်းနဲ့ ပြန်တွေ့တယ်။ သူ့သားလေးက အလှူမှာ “ဒံပေါက်”၊ “ဇွန်း” စသဖြင့် ပြောနေတဲ့အခါ ကျတော့ အစ်မလည်း စိတ်ပူသွားတယ်။ အဲဒါနဲ့ သမီးကို Light House Learning Center မှာ သွားထားတယ်။ သမီးက ခြောက်နှစ်လောက်ရှိသွားပြီ။
အော်တစ်ဇင်ဆိုတာသိတော့လည်း ရောဂါဖြစ်ရင် ဆေးသောက်လိုက်ရင် ပျောက်သွားမှာပဲ၊ အနာသိ ဆေးရှိဆိုပြီး ထင်ခဲ့တာ။ ဒီတော့ အရမ်းစိတ်မညစ်ခဲ့ဘူး။ နောက်ပိုင်း သင်တန်းတွေတက်ပြီး စာတွေ ဖတ်မှသိခဲ့တာ။ အဲဒီအရွယ်ကျမှ စပြီး လေ့ကျင့်ဖြစ်တယ်။ အဲဒီအချိန်မှာ သမီးက အပြုအမူကလည်း ကြွနေတော့ အဲဒီကြွနေတာတွေကို အရင်ဆုံးဖျောက်ရတယ်။ သူမလုပ်သင့်တာတွေ မလုပ်အောင်၊ သူ့ ကိုယ်သူထုရိုက်တာတွေ၊ သူများကို ထုရိုက်တာတွေ အရင်ဖျောက်ရတဲ့အတွက် သမီးက ရှေ့ကိုမရောက် တော့ဘူး။ အချိန်သုံးလေးနှစ်လောက်မှာ ဒီအပြုအမူ ထိန်းတာကိုပဲ ဦးစားပေးလုပ်ခဲ့ရတယ်။

အစ်မက သေချာသင်လွန်းလို့ သမီးက ၉ နှစ်လောက်မှာ စကားပြောတယ်။ ၁၀ နှစ်လောက်ကျမှ ဇွန်းကိုင်တတ်တယ်။ ၁၁ နှစ်လောက်ကျမှ ဖယောင်းတိုင် မီးမှုတ်တတ်တယ်။ အဲဒီလိုမျိုးနဲ့ လေ့ကျင့်ရင်း လေ့ကျင့်ရင်း အတန်းကျောင်းက ထားလို့ မရတော့ဘူး။ အဲဒါကြောင့် အသင်းထောင်တဲ့အချိန်မှာ မိဘတွေကို ဦးစားပေး ပြောရတာက ကလေးကို စောစော သိပြီး စောစော လေ့ကျင့်ပါ။ ဒါက ကလေးအတွက် အရမ်းကောင်းတယ်။ ကလေးက ကြီးထွားပုံအဆင့်ဆင့်ရှိတဲ့အတွက် တတ်ပြီးသား ပျောက်သွားရင် အရမ်း အရေးကြီးတယ်။ ကလေးက တစ်လုံးစ၊ နှစ်လုံးစ စကားပြောနေရင် ဆက်ပြောအောင်လုပ်ရမှာ။ ဒါကို အစ်မတို့က မသိခဲ့ဘူး။ အခုဆို သမီးက ၁၈နှစ်ထဲ ဝင်နေပြီ။
အစ်မတို့ဆီ ရောက်လာတဲ့မိဘအများစုက ဆရာဝန်နဲ့ အငြင်းပွားရန်ဖြစ်ပြီး ရောက်လာတာ များတယ်။ ဆရာဝန်က အော်တစ်ဇင်လို့ ပြောလိုက်ရင် ကလေးတွေက ရုပ်ချောချောလေးတွေ ဆိုတော့ မိဘတွေက လက်မခံကြဘူး။

ကလေးကို အော်တစ်ဇင်ဟုတ်တာလည်း မငြင်းနဲ့၊ မဟုတ်တာလည်း မငြင်းနဲ့။ ကလေးက လေးနှစ်ခွဲမှာ သူပြောတာလည်း ကိုယ်နားမလည်၊ ကိုယ်ပြောတာလည်း သူနားမလည်ဘူး။ မေးခွန်းမေးပြီး အပြန်အလှန်ပြောနိုင်ဖို့ နေနေသာသာ၊ သူလုပ်ချင်တာတောင် သူမပြောနိုင်ဘူးဆိုရင် ကလေးက ပုံမှန်ထက်ထူးခြားနေတယ်။ ဒါကြောင့် လေ့ကျင့်ပါ၊ မလေ့ကျင့်ရင်အစ်မကလေးလို ဖြစ်သွားမယ်။ ဒီအချိန်မှာ အစ်မအဖြစ်ချင်ဆုံးက သမီးကို ၃-၄နှစ် အရွယ် ပြန်ဖြစ်စေချင်တယ်။ အဲဒီအရွယ်ဆိုရင် သူ့ကို ပြန်လေ့ကျင့်လိုက်ရင် ရနိုင်တယ်။ တစ်နှစ်-နှစ်နှစ်လောက် ဒီလို Special ကျောင်းမျိုးမှာ ထားလိုက်ရင် ကျောင်းတွေမှာ ပုံမှန်ထားနိုင်သွားမယ် ဆိုပြီး အစ်မအတွေ့အကြုံကို အခြေခံပြီးပြောပြ မှမိဘတွေက လက်ခံတယ်။ ကလေးမိဘတွေကို နှစ်သိမ့်ဆွေးနွေးပေးတယ်။

စောစောသိဖို့ဆိုရင် ကလေးကြီးထွားပုံအဆင့်ဆင့်ရှိတယ်။ ကလေးက စကားတစ်ခွန်း၊ နှစ်ခွန်းပြောတယ်။ ပြီးတော့ ပျောက်သွားတယ်၊ ဒါကလည်း စိုးရိမ်စရာရှိတယ်။
နောက်တစ်ခုက လေးဖက်ထောက်ပြီး သွားရမယ့်အရွယ်မှာ ကလေးက လေးဖက်ထောက်မသွားခဲ့ဘူး။ အဆင့်ကျော်ပြီး တန်းလမ်းလျှောက်တယ်။ ဒါဆိုရင် ထူးခြားတယ်။
ကလေးက အသက် ၇ လ-၈လဆိုရင် လိုချင်တဲ့အရာကို လက်ညှိုးထိုးပြီး တောင်းတယ်။ အဲဒီအ ရွယ်မှာ လက်ညှိုးမထိုးဘူးဆိုရင် ဒါက ပုံမှန်မဟုတ်ဘူး။

အသက် ၁-၂ နှစ်အရွယ်မှာ ပြောရမယ့် စကားလုံးအရေအတွက်ရှိတယ်။ ၃-၄ နှစ်ဆိုရင် အပြန်အလှန် မေးခွန်းလေးတွေ မေးတတ်ရမယ်။
ကလေးတစ်ယောက်က သူ တိုးတက်သင့်တဲ့ အရွယ်မှာ မတိုးတက်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

မေး ။ နယ်က အော်တစ်ဇင်မိဘတွေကိုကော ဘယ်လိုဆွေးနွေးမှုတွေ ပြုလုပ်ပေးဖြစ်ပါသလဲ။
ဖြေ ။ အသင်းထောင်ပြီးချိန်မှာ နေ့တိုင်း ဖုန်းနဲ့ မေးကြတာတွေအများကြီးရှိတယ်။ နယ်က မိဘတွေက ဖုန်းဆက်ပြီးမေးရင် အစ်မတို့က အိမ်တွင်းသင်ခန်းစာပေးတာမျိုး ကူညီပေးတယ်။ တောင်ကြီး၊ တာချီလိတ်၊ လားရှိုး၊ မုဒုံ၊ မော်လမြိုင်၊ မကွေး စတဲ့နယ်တွေက မိဘတွေလာရင် ဆရာဝန်နဲ့ မပြရသေးတဲ့အခါ ဆရာဝန်နဲ့ တွေ့ပေးတယ်။ အော်တစ်ဇင် ဆိုတာသေချာရင် ကလေးကို ဒီမှာ ၁၀ ရက်လောက် လေ့လာပြီး မိဘတွေကို ဘယ်လိုလေ့ကျင့်ပေးရမယ် ဆိုတာ စာရွက်နဲ့ရေးပေးလိုက်တယ်။ သုံးလကြာရင် ပြန်လာခိုင်းပြီး ဘာတွေရသွားပြီလဲ၊ ရပြီးသားတွေ ပြန်ဖြုတ်၊ မရသေးတာတွေ ထပ်ထည့် အဲဒီလို ကူညီပေးပါတယ်။

မေး ။ အော်တစ်ဇင်မိဘတွေကို ဘယ်လို အကြံပေးစကား ပြောချင်ပါသလဲ။
ဖြေ ။ ဖြစ်နိုင်ရင် ကလေးကို အိမ်မှာမထားစေချင် ဘူး။ ဒါက ကိုယ့်ကိုချုပ်ထားသလိုပါပဲ။ ကလေးတွေကို အိမ်မှာဝှက်ထားရင် မိဘက ကျွေးလို့ ခန္ဓာကိုယ်က ကြီးထွားချင် ကြီးထွားလာလိမ့်မယ်၊ ဉာဏ်ရည် ပိုင်းမှာကျတော့ အဆင်မပြေနိုင်ဘူး။ အရွယ်အလိုက် မူကြိုကျောင်းက လက်ခံရင်လည်း ထားပါ၊ အဲဒီမှာထားလို့ မရဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်တတ်နိုင်တဲ့ Special School လေးတွေမှာထားပါ။ အစ်မတို့ Day Care Center မှာထားပါ။ အိမ်မှာလည်း အချိန်ဇယားလေးနဲ့ အတိအကျ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ် လို့ အကြံပြုချင်ပါတယ်။

မြန်မာအော်တစ်ဇင်အသင်းအား ဆက်သွယ်ချင်၍ ဖြစ်စေ၊ လှူဒါန်းလို၍ဖြစ်စေ အသင်း ရုံးခန်းသစ် အမှတ် (၁၀ဝ၀/က)၊ မာလာနွယ်လမ်း၊ ဗမာအေး ရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၄၈၀၂၁၄၁၇ သို့ ဆက်သွယ်နိုင်ပါသည်။

Most Popular

Healthy Life Ad
To Top