Healthy Life Ad
Life Style

ချာချာလည်မူးတယ် (Vertigo)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ချာချာလည်မူးတာဟာ ဆေးလောကမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်ရပ်ပါ။ ကျွန်မတို့အခုလိုနေနိုင်အောင် ဟန်ချက်ထိန်းတာတွေက မျက်စိ၊ နားနဲ့ အဆစ်ကြွက်သားတွေမှာရှိတဲ့ proprioceptor တွေဖြစ်တယ်။ ချာချာလည်မူးတာဟာရောဂါကြောင့် သာမက မျက်စိ၊ နားနဲ့ proprioceptor တွေကို ပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ-အမြင့်ကြီးရောက်ရင် မူးတာမျိုးပေါ့။ရောဂါကြောင့်ဖြစ်တာကို ဗဟိုကဖြစ်တာနဲ့ နားကဖြစ်တာရယ်ဆိုပြီး ခွဲခြားနိုင်ပါတယ်။

ဗဟိုကဖြစ်တာဆိုရာမှာ ဦးနှောက်နဲ့အာရုံကြောတွေမှာဖြစ်တဲ့ ပြဿနာတွေကိုဆိုလိုတယ်။ အဲဒီအကြောင်းရင်းတွေကို Vertigo လို့အတိုကောက်မှတ်ကြတယ်။

V – vascular သွေးကြောဆိုင်ရာ ဥပမာ-လေဖြတ်ခြင်း

E – epilepsy အတက်ရောဂါ

R – Rxဆေးဝါးများ(သွေးကျဆေး၊ စိတ်ငြိမ်ဆေး၊ ဌက်ဖျားဆေး) စသည်

T – tumour မြင်းဖုများ- အမှတ်(၈) အာရုံကြောမြင်းဖု၊ တခြားကင်ဆာတွေမှ ဦးနှောက်သို့ ပျံ့ နှံ့ခြင်း

I – infection ဦးနှောက်ရောင်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း

G – glial disease multiple sclerosis

O – occular မျက်စိပုံရိပ် နှစ်ခုထင်ခြင်း

ချာချာလည်စေတဲ့ နားရောဂါအမျိုးမျိုးရှိပါတယ်။ တွေ့ရလေ့ရှိတဲ့ နားရောဂါတွေကတော့ အတွင်းနားမှာ အရည်စုတဲ့ရောဂါ၊ ခေါင်းအနေအထားလိုက်ပြီး ချာချာလည်မူးတဲ့ရောဂါ၊ ဟန်ချက်ထိန်းတဲ့ အာရုံကြောရောင်တဲ့ရောဂါ၊ အတွင်းနားရောင်ခြင်း နဲ့ အမှတ်(၈) အာရုံကြောမြင်းဖုတွေပါ။ အတွင်းနားမှာ အရည်စုတဲ့ရောဂါကတော့ အရင် Healthy Life ဂျာနယ် အမှတ် (၃၈)မှာ ရေးပြီးသားမို့ ကျန်တဲ့ရောဂါတွေအကြောင်းပဲရေးတော့မယ်။

ခေါင်းအနေအထားလိုက်ပြီး ချာချာလည် မူးသည့်ရောဂါ (Benign Paroxysmal Positional Vertigo/BPPV)

ခေါင်းအနေအထားတစ်ခုမှာ မူးတာပါ။အတွင်း နားထဲက ကယ်လ်ဆီယမ်ကာဘွန်နိတ်အခဲလေးက ရှိရမယ့်နေရာမှာ မနေလို့ဖြစ်တာ။ ထိခိုက်ဒဏ်ရာရ ပြီးနောက် ဖြစ်နိုင်တယ်။ရောဂါလက္ခဏာတွေကတော့

– ချာချာလည်မူးတယ်။ ၁၀စက္ကန့်က စက္ကန့် ၃၀ လောက်ပဲကြာတယ်။

– ပျို့မယ်၊ အန်မယ်။

– နားအကြားကတော့ ကောင်းတယ်။

သူ့ကို ရောဂါနာမည်တပ်ဖို့ စမ်းသပ်မှုတစ်ခုလုပ်ရပါတယ်။ Hallpike maneuver လို့ခေါ်တယ်။ အနေအထားတစ်ခုမှာ မျက်လုံးစောင်းသွားရင် အဲဒီရောဂါ နာမည်တပ်ကြတယ်။

ကုသနည်းကတော့ နှစ်သိမ့်မယ်။ နေရာမှား ရောက်နေတဲ့အခဲလေးတွေကို သူ့နေရာပြန်ပို့ဖို့ လုပ် ရတယ်။ Epley maneuyre လို့ ခေါ်တယ်။ပထမ အကြိမ်လုပ်ရုံနဲ့ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ဆိုတယ်။

ဟန်ချက်ထိန်းသည့် အာရုံကြောရောင်ခြင်း

စစချင်း ချာချာလည်တာ တော်တော်ဆိုးတယ်။နောက်ပိုင်းကျတော့ ပျောက်သွားတယ်။ပျို့တာ၊ အန်တာလည်းရှိတယ်။ ကောင်းတဲ့ဘက်ကို မျက်လုံးစောင်းသွားတယ်။ ဆေးပေးပြီး ကုတယ်။

အတွင်းနားရောင်ခြင်း

ဆေးကြောင့် ဥပမာ- streptomycin ကြောင့် ဖြစ်နိုင်သလို ပိုးဝင်လို့လည်းဖြစ်နိုင်တယ်။ နာတာရှည် နားပြည်ယိုတဲ့ရောဂါမှာ cholesteotoma တွေအတွင်းနားထဲဝင်ရင် ချာချာလည်အောင် မူးစေပါတယ်။ ဒီလိုဆိုရင်နားမြန်မြန်ခွဲရပါမယ်။

အမှတ်(၈) အာရုံကြောမြင်းဖု

အရွယ်သေးတုံး ( Otological phase )- နားအူမယ်။ နားတစ်ဖက်တည်းအကြားလျော့မယ်။ ၁၀ ရာခိုင်နှုန်းလောက်မှာ ရုတ်တရက်နားအကြား လျော့ သွားမယ်။ ချာချာလည်မူးတယ်။ နည်းနည်းကြီးလာတဲ့အခါ Neurological phase ဖြစ်ပြီး မျက်နှာ နာမယ်၊ထုံမယ်၊ မျက်နက်ဝန်းကိုစမ်းကြည့်ရင် တုန့်ပြန်မှုမရှိဘူး၊ ခေါင်းကိုက်မယ်။

အမှတ်(၇) အာရုံကြောထိခိုက်ရင်တော့ မျက်နှာ ကြွက်သားတွေထိခိုက်မယ်။ အမှတ်(၆) အာရုံကြောထိရင် ပုံရိပ်နှစ်ခုမြင်မယ်။ အာရုံကြော (၉)နဲ့ (၁၀)ထိရင် အသံဝင်မယ်၊ အစာမျိုရခက်မယ်။Brain stem response audiometry စမ်းရင် နံပါတ်(၁)နဲ့ နံပါတ်(၅)လှိုင်းက ပုံမှန်ထက် ပိုဝေးနေတာတွေ့ရမယ်။ MRI ရောဂါနာမည်တပ်ရုံ သာမက ရောဂါဖြစ်စဉ်တစ်လျောက်စောင့်ကြည့်ဖို့ လည်းသုံးနိုင်တယ်။ ၆၀ ရာခိုင်နှုန်းလောက်ကကြီး မလာဘူးလို့ဆိုတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကြပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top