Healthy Life Ad
Life Style

သင် ဘယ်လောက်အသက်ကြီးနေပြီလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေရဲ့အသက်အရွယ်ဟာ သူတိုရဲ့ လုပ်နိုင်စွမ်းနဲ့ အချိုးတူ မကျပါဘူး။ တချို့လူတွေက အသက် ၇၀ အရွယ်အထိတက်ကြွတုန်း၊ ဖျတ်လတ်တုန်းဆိုပေမယ့် တချို့ကျတော့လည်း အသက် ၂၀ အရွယ်မှာတောင် ပင်ပန်းနွမ်းနယ်နေတဲ့ပုံ ပေါက်နေပါတယ်။ တကယ်တမ်းပြောရရင် မှတ်ပုံတင်ထဲက အသက်က လူတစ်ယောက်ရဲ့ ဇီဝကမ္မအသက်ကို ကိုယ်စားမပြုပါဘူး။ သင်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ဇီဝကမ္မ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ သိနိုင်ဖို့ စမ်းသပ်ကြည့်ရအောင်။

(၁) နှလုံး
မတ်တပ်ရပ်ရင်း သင့်နှလုံးခုန်နှုန်းကို စမ်းပါ။ ထိုင်-ထအကြိမ် ၂၀ လုပ်ပြီး နှလုံးခုန်နှုန်းကို ပြန်စမ်းပါ။ နှလုံးခုန်နှုန်းက ဘယ်လောက်အထိ တိုးလာသလဲ။

– ၁၀ကြိမ်နဲ့အထက် တိုးလာတယ်ဆိုရင် သင့်နှလုံးသွေးကြောစနစ်က အသက် ၂၀ပါ။

– ၁၀ကြိမ်နဲ့၂၀ကြိမ်ကြား တိုးလာတယ်ဆိုရင် သင့်နှလုံးသွေးကြောစနစ်က အသက် ၃၀ပါ။

– ၂၀ကြိမ်နဲ့ ၃၀ကြိမ်ကြား တိုးလာတယ်ဆိုရင် သင့်နှလုံးသွေးကြောစနစ်က အသက် ၄၀ပါ။

– ၃၀ကြိမ်နဲ့ ၄၀ ကြိမ်ကြား တိုးလာတယ်ဆိုရင် သင့်နှလုံးသွေးကြောစနစ်က အသက် ၅၀ပါ။

– ၄၀ကြိမ်နဲ့အထက် တိုးလာတယ်ဆိုရင် သင့်နှလုံးသွေးကြောစနစ်က အသက် ၆၀ပါ။

– သင်က ထိုင်ထတောင်မှ အကြိမ် ၂၀ မလုပ်နိုင်ဘူးဆိုရင်တော့ သင့်နှလုံးသွေးကြောစနစ်က အသက် ၇၀ ရှိနေပါပြီ။

(၂) ဦးနှောက်အာရုံကြောစနစ်
တခြားတစ်ယောက်က လက်မ ၂၀ ရှည်တဲ့ ပေတံတစ်ချောင်းကို ၂၀ လက်မ နေရာအစွန်းမှ လက်ညှိုး၊ လက်မနဲ့ ဒေါင်လိုက်အနေအထားကိုင် ခိုင်းထားပါ။ သင်က ပေတံ အောက် ၄ လက်မ လောက်နေရာမှာ ပေတံကိုဖမ်းဖို့ အသင့်အနေ အထားနေပါ။ စမ်းသပ်သူက ပေတံကို လွတ်ချလိုက်တာနဲ့ သင်က လက်ညှိုး၊ လက်မနဲ့သာမြန်မြန်နဲ့ မိမိရရဖမ်းလိုက်ပါ။ သင်ဖမ်းလိုက်နိုင်တဲ့ ပေတံလက်မနေရာကို မှတ်လိုက်ပါ။

– သင်က ၈ လက်မနေရာမှာ ဖမ်းနိုင်ရင် သင့်ဦးနှောက်အာရုံကြောစနစ်က အသက် ၂၀ပါ။

– သင်က ၁၀ လက်မနေရာမှာ ဖမ်းနိုင်ရင် သင့်ဦးနှောက်အာရုံကြောစနစ်က အသက် ၃၀ ပါ။

– သင်က ၁၄ လက်မနေရာမှာ ဖမ်းနိုင်ရင် သင့်ဦးနှောက်အာရုံကြောစနစ်က အသက် ၄၀ ပါ။

– သင်က ၁၈ လက်မနေရာမှာ ဖမ်းနိုင်ရင် သင့်ဦးနှောက်အာရုံကြောစနစ်က အသက် ၆၀ ပါ။

– သင်က ပေတံကို မဖမ်းလိုက်နိုင်ဘူးဆိုရင် သင့်ဦးနှောက်အာရုံကြောစနစ်က အသက် ၇၀ ပါ။

(၃) ဟန်ချက်ထိန်းစနစ်
သင့်မျက်ဝန်းကိုပိတ်ပြီး ခြေထောက်တစ်ချောင်း ပေါ်ရပ်ကြည့်ပါ။ ထောက်ထားတဲ့ ခြေထောက်ကို ကြမ်းပြင်ကနေ လေးလက်မလောက် မြှင့်လိုက်ပါ။ ဒီအနေအထားအတိုင်း နေနိုင်သလောက်နေပါ။ တခြားတစ်ယောက်ကို အချိန်မှတ်ခိုင်းပါ။

– သင်က ၃၀ စက္ကန့်နဲ့အထက် နေနိုင်တယ်ဆိုရင်သင့်ဟန်ချက်ထိန်းစနစ်က အသက် ၂၀ပါ။

– သင်က ၂၀ စက္ကန့်ကြာနေနိုင်တယ်ဆိုရင် သင့်ဟန်ချက်ထိန်းစနစ်က အသက် ၄၀ပါ။

– သင်က ၁၅ စက္ကန့်ကြာ နေနိုင်တယ်ဆိုရင် သင့်ဟန်ချက်ထိန်းစနစ်က အသက် ၅၀ပါ။

– သင်က ၁၀ စက္ကန့်အောက် နေနိုင်တယ်ဆိုရင် သင့်ဟန်ချက်ထိန်းစနစ်က အသက် ၆၀ပါ။

(၄) အဆစ်
လက်တစ်ဖက်နဲ့ တခြားပခုံးအထိရောက်အောင် ကျောပြင်ကနေ ထိကြည့်ပါ။

– အလွယ်တကူ လုပ်နိုင်တယ် ဆိုရင် သင့်အဆစ်က အသက် ၂၀ပါ။

– လက်ချောင်းထိပ်နဲ့ မမီတမီပဲဆိုရင် သင့်အဆစ်က အသက် ၃၀ပါ။

– လက်ထိပ်က ပခုံးအထိ မရောက်ဘူးဆိုရင် သင့်အဆစ်က အသက် ၄၀ပါ။

– လက်ကို ကျောပြင်အထိ မယှက်နိုင်ဘူးဆိုရင် သင့်အဆစ်က အသက် ၆၀ပါ။

– လက်ကို ကျောဘက်အထိ မထုတ်နိုင်ဘူးဆိုရင် သင့်အဆစ်က အသက် ၆၀ ကျော်နေပါပြီ။

(၅) သွေးကြောများ
သင့်လက်မနဲ့ လက်ညှိုးကို သုံးပြီး လက်ဖမိုးအရေပြားကို ဆွဲဆိတ်ကြည့်ပါ။ ငါးစက္ကန့်လောက်ထားပြီး ပြန်လွှတ်လိုက်ပါ။ အဖြူပြင်လေးပေါ်ပါလိမ့်မယ်။ ပုံမှန်အရေပြားအရောင်ဖြစ်တဲ့အထိယူရတဲ့အချိန်ကို မှတ်ပါ။

– ၅ စက္ကန့်ကြာပြီးမှ ပုံမှန်အရောင်ဖြစ်သွားတယ် ဆိုရင် သင့်သွေးကြောက အသက် ၃၀ပါ။

– ၈ စက္ကန့်ကြာပြီးမှ ပုံမှန်အရောင်ဖြစ်သွားတယ် ဆိုရင် သင့်သွေးကြောက အသက် ၄၀ပါ။

– ၁၀ စက္ကန့်ကြာပြီးမှ ပုံမှန်အရောင်ဖြစ်သွားတယ် ဆိုရင် သင့်သွေးကြောက အသက် ၅၀ပါ။

– ၁၅ စက္ကန့်ကြာပြီးမှ ပုံမှန်အရောင်ဖြစ်သွားတယ် ဆိုရင် သင့်သွေးကြောက အသက် ၆၀ပါ။

– ၁၅ စက္ကန့်ကျော်ကြာပြီးမှ ပုံမှန်အရောင်ဖြစ်သွား တယ်ဆိုရင် သင့်သွေးကြောက အသက် ၇၀ပါ။

(၆) အသက်ရှူလမ်းကြောင်းစနစ်
ဖယောင်းတိုင်တစ်တိုင်ထွန်းပါ။ ဘယ်လောက် အကွာအဝေးကနေ ဖယောင်းတိုင် ငြိမ်းအောင်မှုတ် နိုင်သလဲ။

– သုံးပေအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၂၀ပါ။

– ၃၁-၃၅ လက်မအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၃၀ပါ။

– ၂၈-၃၁ လက်မအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၄၀ပါ။

– ၂၄-၂၈ လက်မအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၅၀ပါ။

– ၂၀-၂၄ လက်မအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၆၀ပါ။

– ၂၀ လက်မအကွာကနေ မှုတ်နိုင်ရင် သင့်အဆုတ်က အသက် ၇၀နဲ့ အထက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top